
ဆရာနောင်
သက်သတ်လွတ်စားသည့် သမိုင်းကြောင်းကို ပြန်ကြည့်သည့်အခါ ဤအကျင့်သည် ဘီစီ ၅ဝဝ ခုနှစ် လောက်ကပင်ရှိနေပြီဟု သမိုင်းမှာ ဆိုပါသည်။ နာမည်ကျော် သင်္ချာပညာရှင် ပိုက်သဂိုးရပ်စ်သည် ထိုခေတ်ထိုအခါက ထင်ရှားသော သက်သတ်လွတ်သမားတစ်ယောက်ဖြစ်သည်။ ဤဘက်ခေတ်တွင် သက်သတ်လွတ် စားခြင်းကို ကျင့်စဉ်တစ်ရပ်အဖြစ် ပြန်လည်ဖော်ထုတ်သူတို့မှာ နာမည်ကျော် အင်္ဂလိပ်ကဗျာဆရာ ပီဘီရှယ်လီနှင့် ဒေါက်တာဝီလျံလမ်ဘီတို့ ဖြစ်သည်ဟု သိရပါသည်။ ဗီဂန်နစ်ဇင် သို့မဟုတ် သက်သတ်လွတ်စားခြင်းဟူသော ဝေါဟာရကို ဖော်ထုတ်အမည်ပေးသူမှာ ဒေါ်နယ်ဝပ်ဆန်ဆိုသူဖြစ်ပြီး ထိုအမည်ကို ၁၉၄၄ ခုနှစ် နိုဝင်ဘာလမှာ ပေးခဲ့ပါသည်။
မြန်မာနိုင်ငံတွင် သက်သတ်လွတ်စားခြင်း သမိုင်းကို အသေအချာမသိရသော်လည်း ဗုဒ္ဓ ဘာသာ မြန်မာပြည်သို့ ရောက်လာသည့် အနော်ရထာမင်းစောလက်ထက် လွန်ခဲ့သော နှစ်တစ်ထောင်နီးပါးမှာ ထိုအလေ့အကျင့်ရှိနေနိုင် ကောင်းသည်ဟု မှန်းဆကြည့်ရပါသည်။ ဗုဒ္ဓဘာသာ အယူအရ ပါဏာတိပါတာ သူ့အသက်သတ်ခြင်းသည် သံသရာတွင် ဝဋ်ပြန်ခံရသည်အထိ ကြီးလေးသော အမှုဖြစ်ပါသည်။ သို့ဖြစ်၍ ဘာသာတရား အလေး အနက် လိုက်စားသော ဗုဒ္ဓသာဘာသာဝင်တွေထဲ မှာ အနည်းဆုံး မိမိမွေးသည့် နေ့တစ်ရက်ကို သက်သတ်လွတ်စားကြသူတွေ ရှိပါသည်။ ပါရမီကြီး သူတွေက ရာသက်ပန်သက်သတ်လွတ်စားကြခြင်း မျိုးလည်းရှိပါသည်။
သက်သတ်လွတ်သမားတွေ များလာလျှင် ကမ္ဘာမြေကို ကယ်တင်ရာရောက်
ဟင်းသီးဟင်းရွက် သစ်သီးဝလံတို့ကို နေ့စဉ် မဖြစ်မနေစားသုံးခြင်းဖြင့် ကျန်းမာရေးကောင်းမွန် စေသည်ဟူသော သိပ္ပံဆိုင်ရာ တွေ့ရှိချက်ကြောင့် ကမ္ဘာတစ်လွှားမှာ သက်သတ်လွတ်စားခြင်း ဓလေ့ ပြန်လည်ထွန်းကားလာပါသည်။
လုံးလုံးလျားလျား အသားမစားခြင်း သို့မဟုတ် အတိုင်းအတာတစ်ခုထိ အသားမစားခြင်းသည် လူဆန်သော ယဉ်ကျေးမှု ရှုထောင့်မှကြည့်လျှင် အလွန်လုပ်သင့်သော အလုပ် ဖြစ်ပါသည်။ အသားမစားခြင်းဖြင့် သတ္တဝါတွေကို ညှဉ်းဆဲသတ်ဖြတ်ရန်မလို။ သတ္တလောကထဲမှာ နေသူ အချင်းချင်း လူက အခြားသော သတ္တဝါတွေ အပေါ် ကိုယ်ကျိုးရှာ အမြတ်ထုတ်သည့် အလုပ်ကို လည်း ရှောင်ကြဉ်ပြီး ဖြစ်သွားသည်။ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အမြင်ဖြင့်ကြည့်လျှင် အသား တစ်ပိဿာ ထုတ်လုပ်ရာတွင် ထွက်ပေါ်သော ကာဗွန် ဒိုင်အောက်ဆိုက်သည် ဟင်းသီးဟင်းရွက်ဟင်းရွက် တစ်ပိဿာ ထုတ်လုပ်ရာတွင် ထွက်သောကာဗွန်ဒိုင် အောက်ဆိုက်ထက်များစွာ ပိုပါသည်။ ထိုဓာတ်ငွေ့ ကြောင့် ကမ္ဘာကြီးပူနွေးလာပြီး ရာသီဥတု ဆိုင်ရာဆိုးကျိုးများ ပေါ်ပေါက်နေသည်ဖြစ်ရာ သက်သတ်လွတ်သမားတွေ များလာလျှင် ကမ္ဘာမြေ ကို ကယ်တင်ရာရောက်ပါသည်။
သက်သတ်လွတ်စားခြင်းသည် လုပ်ထိုက်သော အလုပ်ဖြစ်သည်မှာမှန်လျော်လည်း ကျန်းမာရေး အတွက်အမှန်တကယ် သင့်တော်ပါ၏လားဆိုသည် ကို ဆန်းစစ်ဖို့တော့ လိုပါသည်။ ဤကျင့်စဉ်မှာ အားသာချက် အတော်များများရှိသလို အားနည်း ချက်တွေလည်းရှိသောကြောင့် ဖြစ်ပါသည်။ သက်သတ်လွတ်စားသည်ဟုဆိုရာဝယ် ခန္ဓာကိုယ် အတွက် မရှိမဖြစ် လိုအပ်သောအာဟာရဓာတ်တွေကို ရဖို့တော့ လိုပါသည်။ စနစ်တကျမဟုတ်ဘဲ ကြုံရာ ကျပန်း သက်သတ်လွတ်စားခြင်းဖြင့် အချို့သော မရှိမဖြစ် အာဟာရဓာတ်တို့ကို မရနိုင်ပါ။ ဟင်းသီး ဟင်းရွက်သစ်သီးဝလံတို့ကို မျှတအောင်တွဲဖက် စားသုံးတတ်မှသာလျှင် ပြည့်စုံသောအာဟာရဓာတ် တို့ကို ရနိုင်ပါမည်။ သက်သတ်လွတ်စားခြင်း၏ ထူးခြားသောကောင်းကျိုးမှာ ဖလေဗိုနွိုက်ဟုခေါ် သော အပင်ထွက်ဓာတ်တို့ကို ရနိုင်ခြင်းဖြစ်သည်။
ထိုဓာတ်က ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုနည်း အောင် ကူညီသည်။ နာတာရှည်ကိုယ်တွင်းရောင်ရမ်း မှုသည် ကင်ဆာ၊ ဆီးချို၊ သွေးတိုးနှင့် နှလုံးရောဂါများ ကို ဖြစ်စေသည့် အကြောင်းရင်းဟု သိပ္ပံပညာက ဆိုပါသည်။ ဖလေဗိုနွိုက်က ခန္ဓာကိုယ်တွင်း ဓာတ်တိုးမှုများကို အထိုက်အလျောက်တားဆီးသော အစွမ်းလည်းရှိရာ ယင်းကြောင့် ကျန်းမာရေး ကောင်းမွန်နိုင်ပါသည်။ ထို့သို့သော အကျိုးတရား တွေကို အသားစားခြင်းမှ မရနိုင်ပါ။
သက်သတ်လွတ်စားခြင်း၏ ကောင်းကွက်တချို့ ကို ပြောပြီးပြီဟုဆိုသည့်အခါ အားနည်းချက်တချို့ ကိုလည်း ကြည့်ကြပါမည်။ ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေသည် အသားမဟုတ်သဖြင့် ထိုအရာတွေကိုစားခြင်းသည် အသားဓာတ် ချို့တဲ့ စေနိုင်သည် မဟုတ်ပါလောဟု ဆိုစရာတွေရှိပါသည်။ မှန်ပါသည်။ အသားမှာ လူ့ခန္ဓာကိုယ်အသားဓာတ် ပြန်လည်တည်ဆောက်ရန်အတွက် လိုအပ်သော မရှိမဖြစ်အခြေခံအသားဓာတ် (အမိုင်နိုအက်စစ်) ကိုးမျိုးစလုံး ပြည့်စုံစွာပါဝင်သည်။ ဟင်းသီး ဟင်းရွက် သစ်သီးဝလံတွေထဲမှာ ပဲပုပ်၊ ရေညှိ၊ စိမ်းပြာရေညှိနှင့် ကီနိုအာစေ့ (ဆန်ဂျုံတို့လို ကောက်နှံစေ့တစ်မျိုး)တို့ လောက်မှာပဲ မရှိမဖြစ် အခြေခံအသားဓာတ် ပြည့်စုံစွာပါသည်။ ထို့ကြောင့် သက်သတ်လွတ်စားမည်ဆိုလျှင် ကျွမ်းကျင်သော အာဟာရပညာရှင်နှင့် တိုင်ပင်၍ဖြစ်စေ အင်တာနက် မှာ စေ့စေ့စပ်စပ်လေ့လာ၍ဖြစ်စေ ဆောင်ရွက်သင့် ပါသည်။
ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ အတွဲအဖက်စားဖို့လို
သက်သတ်လွတ်စားသဖြင့် ချို့တဲ့နိုင်သော အဓိကအာဟာရဓာတ်ထဲတွင် သံဓာတ်နှင့် ဗီတာမင် ဘီ ၁၂ တို့လည်း ပါဝင်သည်။ လစဉ်ရာသီသွေးပေါ် သော အမျိုးသမီးတို့တွင် သံဓာတ်လိုအပ်ချက်များပါ သည်။ ဖွံ့ဖြိုးပြီးနိုင်ငံအချို့၌ အမျိုးသမီးငယ်တို့တွင် သံဓာတ်လိုအပ်ချက်၏ လေးဆယ့်ခြောက်ရာခိုင်နှုန်း ကိုသာ ဖြည့်ဆည်းနိုင်သည်ဟုဆိုရာ ဖွံ့ဖြိုးဆဲနိုင်ငံ များ၌ ပို၍သတိထားရပါလိမ့်မည်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ သံဓာတ်အတော်အသင့် ပါပါသည်။ သို့သော် ထိုသံဓာတ်ကို အသားထဲမှ သံဓာတ်လောက် စုပ်ယူရမလွယ်ပါ။ အသားထဲမှ သံဓာတ်(၁၄-၁၈) ရာခိုင်နှုန်းကို ခန္ဓာကိုယ်မှ စုပ်ယူ နိုင်ချိန်တွင် ဟင်းသီးဟင်းရွက်ထဲမှ သံဓာတ် ငါးရာခိုင်နှုန်းကိုသာ စုပ်ယူနိုင်ပါသည်။ ဟင်းသီး ဟင်းရွက်ထဲမှ သံဓာတ်ကို ကောင်းစွာ စုပ်ယူနိုင်ဖို့ အတွက် ဗီတာမင်စီကို လိုအပ်ပါသည်။ ထို့ကြောင့် သင့်လျော်သော ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ အတွဲအဖက်ကို စားဖို့လိုပါမည်။ သို့မဟုတ် ဗီတာမင် စီ ဖြည့်စွက်ဆေးကို စားနိုင်ပါသည်။
ဗီတာမင်ဘီ ၁၂ ကလည်း သွေးနီဥများ တည်ဆောက်ဖို့လိုသောဓာတ် တစ်နည်းဆိုသော် သွေးအားကောင်းဖို့ လိုအပ်သောဓာတ် ဖြစ်ပါသည်။ အသားစားပါသည်ဟု ဆိုသူများ၌ပင်လျှင် အစာအိမ် ရောဂါဖြစ်သည့်အခါ၌လည်းကောင်း၊ အသက်ကြီး လာချိန်၌လည်းကောင်း ထိုဗီတာမင် ချို့တဲ့တတ်ပါ သေးသည်။ ဟင်းသီဟင်းရွက်၊ သစ်သီးဝလံတို့၌ ဗီတာမင်ဘီ ၁၂ သဘာဝအလျောက် ပါဝင်သည်ဟူ၍ မရှိပါ။ ထို့ကြောင့် အနောက်နိုင်ငံများ၌ ကောက်နှံစေ့ သို့မဟုတ် ပဲစေ့အချို့ထဲတွင် ထိုဗီတာမင်ကို ဖြည့်စွက် ထားပြီး ရောင်းချခြင်းမျိုးလည်းရှိပါသည်။ ယနေ့ အချိန်တွင် ဗီတာမင်ဘီ ၁၂ ကို သောက်ဆေးအနေဖြင့် ဆရာဝန်ဆေးစာလွတ် ဝယ်ယူသောက်သုံးနိုင်ပြီ ဖြစ်၍ ဤသည်မှာ ပြဿနာမဟုတ်တော့ပါ။ ဆေးချိန်မြင့်မြင့်ပါသော ဆေးလုံးကို သောက်ဖို့ပဲ လိုပါသည်။ ဆေးချိန်မြင့်သဖြင့် ဆေးလွန်သော ပြဿနာမရှိပါ။
ဗီတာမင်ဒီသောက်လျှင် ဗီတာမင်ကေကိုပါ တွဲဖက်သောက်သင့်
သက်သတ်လွတ်စားသဖြင့် ချို့တဲ့နိုင်သော ဓာတ်ထဲမှာ အရေးကြီးဗီတာမင်ဒီ ပါသည်။ တစ်ချိန် ကထင်သလို ဗီတာမင်ဒီသည် အရိုးအတွက်အကျိုး ပြုရုံသက်သက်မဟုတ်ဘဲ ခန္ဓာကိုယ်၏ လုပ်ငန်းစဉ် အတော်များများတွင် ပါဝင်ကြောင်း တွေ့ထားပါ သည်။ ခန္ဓာကိုယ်ခုခံအားကောင်းရေး ဆောင်ရွက် ပေးသဖြင့် ကိုဗစ်ဝေဒနာ အပြင်းအထန်ခံစားရသူ တချို့ ဗီတာမင်ဒီ ဆေးချိန်မြင့်မြင့် သောက်ပြီး အသက်ရှင်ခဲ့ခြင်းမျိုး ရှိသည်။ မှိုမှလွဲပြီး ဟင်းသီး ဟင်းရွက်နှင့် သစ်သီးဝလံများတွင် ဗီတာမင်ဒီ မပါ သလောက် ဖြစ်ပါသည်။ မနက်ပိုင်း နေရောင်ခြည် ကို နာရီဝက်မျှ ခံခြင်းဖြင့် တစ်နေ့တာ ဗီတာမင်ဒီ လိုအပ်ချက်ကို ရနိုင်ပါသည်။ သို့သော် နေ့စဉ်ရဖို့က ရာသီဥတုအခြေအနေကြောင့် မလွယ်ပါ။ ဗီတာမင်ဒီ ကို ဖြည့်စွက်ဆေးအဖြစ် ဝယ်ယူသောက်သုံးနိုင်ပါ သည်။ ကျွမ်းကျင်သော အာဟာရပညာရှင်နှင့် တိုင်ပင်၍ဖြစ်စေ အင်တာနက်ပေါ်က ယုံကြည် လောက်သော ရင်းမြစ်များမှာ ရှာဖွေ၍ဖြစ်စေ သောက်သုံးနိုင်ပါသည်။ ဗီတာမင်ဒီ သောက်လျှင် သွေးကြောထဲမှာ ထုံးဓာတ်တွေ စုပုံမနေစေဖို့ ဗီတာမင်ကေကိုပါ တွဲဖက်သောက်သင့်သည် ဟူသောအဆိုကို သတိပြုသင့်ပါသည်။
သက်သတ်လွတ်စားသူများတွင် ထုံးဓာတ်ဟု ဆိုသော ကယ်ဆီယမ်လည်း ချို့တဲ့နိုင်သည်။ အရိုးနှင့်သွားများ တည်ဆောက်ပြုပြင်ဖို့နှင့် ကြံ့ခိုင် ဖို့အတွက် ကယ်ဆီယမ်ကို လိုပါသည်။ သွေးခဲသည့် လုပ်ငန်းစဉ်အတွက် ကယ်ဆီယမ်ကို လိုပါသည်။ နှလုံးခုန်သည့် လုပ်ငန်းစဉ်အတွက် ကယ်ဆီယမ်ကို လိုပါသည်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်များ အခွံမာသီးအဆန်(သီဟိုဠ်ဆန်) အစေ့အဆန် (နေကြာ စေ့) တွေထဲမှာ ကယ်ဆီယမ် ပါသော်လည်း ခန္ဓာကိုယ်က စုပ်ယူရရှိမှုမှာ လုံလောက်သည်ဟု မဆိုသာပါ။ နိုင်ငံခြားမှတင်သွင်းသော ပဲနို့အချို့တွင် ကယ်ဆီယမ် ထပ်ဆောင်းထားခြင်းမျိုးရှိ၍ သောက်သုံးနိုင်ပါသည်။ သို့မဟုတ် အမျိုးအစား ကောင်းသော ကယ်ဆီယမ်ဖြည့်စွက်ဆေးကို သောက်သုံးနိုင်ပါသည်။ ဖြည့်စွက်ကယ်ဆီယမ်က အသက်သုံးဆယ်အောက် သက်သတ်လွတ်သမား တွေအတွက် အကျိုးဖြစ်ထွန်းနိုင်ပြီး လူကြီးပိုင်း အတွက် ဤမျှမဟုတ်လှပါ။
အရေးကြီးသည်ဟု သဘောထားသည်ဖြစ်စေ၊ မထားသည်ဖြစ်စေ သက်သတ်လွတ်စားခြင်းဖြင့် ချို့တဲ့နိုင်သော ဓာတ်ထဲမှာ အိုမီဂါ-၃ အဆီအက်စစ် ပါသည်။ ဤအဆီအက်စစ်က နှလုံးကျန်းမာမှုကို အထောက်အကူပြုသည်။ တော်ရုံလေမဖြတ်အောင် အကာအကွယ်ပေးသည်။ ခန္ဓာကိုယ်တွင်း ရောင်ရမ်း မှုကို လျှော့ချပေးသဖြင့် နာတာရှည်ရောဂါကြီးများ မဖြစ်အောင်လည်း စောင့်ရှောက်ရာရောက်ပါသည်။ ပဲပုပ်စေ့၊ နှမ်းကြတ်စေ့တို့တွင် အိုမီဂါ-၃ အဆီ အက်စစ် ပါသော်လည်း ထိုဓာတ်က ငါးတွင်ပါသော အိုမီဂါ - ၃ လောက် နှလုံးကို အကျိုးမပြုဟု သိပ္ပံ ပညာရှင်အချို့က ဆိုပါသည်။ ဤမျှဆိုလျှင် သက်သတ်လွတ်စားခြင်း၏ အားသာချက်၊ အားနည်း ချက်တွေကို မြင်လောက်ပါပြီ။ သက်သတ်လွတ် သမားတွေ ကျန်းမာပါမည်။ တစ်ပတ်မှာ ရက်အကန့် အသတ်ဖြင့် သက်သတ်လွတ်စားလျှင် ပို၍ကျန်းမာ မည်ဟု ဆိုချင်ပါသည်။ ။
- Log in to post comments