
နေပြည်တော် စက်တင်ဘာ ၃၀
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စားအုန်းဆီများကို စက်တင်ဘာ ၂၀ ရက်မှ စတင်ရောင်းချလျက်ရှိရာ ယနေ့ထိ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့အတွက် စားအုန်းဆီ ပိဿာ ၃၅၆၇၃၀၀၊ တန်ချိန် ၅၈၂၉ တန် ရောင်းချခဲ့ပြီးဖြစ်သည်။
ရန်ကုန်မြို့အတွင်းရှိ စားသုံးသူများအတွက် အသင်း၏အစီအစဉ်ဖြင့် ရပ်ကွက်များသို့ ဈေးကား များဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိပြီး ကျန်တိုင်းဒေသကြီး/ ပြည်နယ်များသို့လည်း ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ပြီး စားအုန်းဆီများကို လက်ကားဝယ်ယူရောင်းချသူများအနေဖြင့် လက်လီ အရောင်းဆိုင်များတွင် အသားတင်အကျိုးအမြတ် ၂ ရာခိုင်နှုန်းထက်မပိုသည့် ဈေးနှုန်းဖြင့် စားသုံးသူ ပြည်သူများသို့ ပြန်လည်ဖြန့်ဖြူး ရောင်းချသွားရမည်ဖြစ်ကြောင်းနှင့် စားသုံးသူပြည်သူများသို့ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချပေးမည့် လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်း အမှတ်(၁၀၄/၁၀၈) ကမ်းနားလမ်း လွတ်လပ်ရေးရပ်ကွက် (ဆင်မင်း အိမ်ရာဓမ္မာရုံရှေ့) အလုံမြို့နယ် ဖုန်းအမှတ် ၀၉-၄၄၄၄၃၇၂၉၅၊ ၀၉-၄၀၁၅၂၇၀၄၉ နှင့် ရန်ကုန်တိုင်း ဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ၀၁-၂၅၀၂၇၀၊ ၀၉-၄၃၆၆၆၆၆၈ တို့သို့ ဆက်သွယ်ဝယ်ယူနိုင် ကြောင်း သိရသည်။
သတင်းစဉ်