ပီပီအိုင်ဘီ
ကျွန်တော်တို့ မြန်မာလူမျိုးတို့၏ မီးဖိုချောင်ထဲတွင် ဆန်နှင့်ဆီသည် အဓိကကျသော စားသောက်ကုန်ပစ္စည်းများဖြစ်သည်။ ဆန်မှာ ပထမဖြစ်ပြီး ဆီမှာ ဒုတိယနေရာတွင်ရှိသည်။ ဆန်ကို ထမင်းအဖြစ်သာ ချက်ပြုတ်စားသုံးကြသော်လည်း ကျွန်တော်တို့၏ နေ့စဉ်လူမှုဘဝ စားသောက်မှုပုံစံတွင် နံနက်စာ၊ နေ့လယ်စာ၊ ညစာအပြင် အခြားသရေစာအမျိုးမျိုးကို စားသုံးကြရာ၌ စားသုံးဆီတစ်မျိုးမျိုးအား ထည့်သွင်းစားသုံးနေကြလျက်ရှိသည်ကို တွေ့ရှိနိုင်ပါသည်။ ဆီကို ဟင်းလျာများ ချက်ပြုတ်ခြင်း၊ ကြော်လှော်ခြင်း၊ အသုပ်အမျိုးမျိုးနှင့် ငါးခြောက်ဖုတ်တို့ကဲ့သို့သော အစားအစာများတွင် ဆီစိမ်ခြင်း၊ ဆီဆမ်းခြင်းနှင့် ဆီကျက်ချက်၍ထည့်ခြင်း စသည်ဖြင့် ပြုလုပ်စားသုံးကြသည်ကို တွေ့ရှိနိုင်ပါသည်။ ထိုသို့ ဆီကို အစားအစာမျိုးစုံ ပြုလုပ်စားသုံးနေကြလျက်ရှိရာ ဆီ၏ သဘောသဘာဝများကို သေချာစွာ မသိဘဲ အတိုင်းအဆမရှိ စားသုံးနေကြသည်ကိုလည်း တွေ့ရှိနေရသည်။
ဆီမပါဟင်းမဖြစ်၊ ဆီရွှဲ ဖွဲတောင်ဟင်းဖြစ်သည် ဆိုသကဲ့သို့ပင် နေ့စဉ်နေ့တိုင်း ဆီကို ပမာဏတစ်ခု အထိ စားသုံးလျက်ရှိကြရာ တန်ဆေး လွန်ဘေး ဆိုသည့်အတိုင်း ဆီကို ချင့်ချိန်စားသုံးခြင်းဖြင့် ကျွန်တော်တို့၏ ကျန်းမာရေးကို အကျိုးပြုမည်ဖြစ်သည်။ ကျွန်တော်တို့ နေ့စဉ်စားသုံးနေသော ဆီများကို ခွဲခြားကြည့်ပါက အခြေခံအားဖြင့် (၁) ကျန်းမာရေးအရ သင့်တင့်စွာ စားသုံးနိုင်သည့် မပြည့်ဝဆီများ (Unsaturated Fats)၊ (၂) တတ်နိုင်သမျှလျှော့၍ စားသုံးသင့်သည့် ပြည့်ဝဆီများ (Saturated Fats)နှင့် (၃) လုံးဝမစားသုံးသင့်သော အသွင်ပြောင်းဆီများ (Trans Fats) ဟူ၍ သုံးမျိုး ရှိသည်ကို တွေ့ရှိနိုင်သည်။
မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ အစရှိသည့် (Vegetable Oil)တို့သည် မပြည့်ဝဆီများတွင် ပါဝင်ပြီး အသင့်အတင့်စားသုံးပါက မိမိတို့ခန္ဓာကိုယ်အတွက် အကျိုးပြုသည်ကို တွေ့ရှိရသည်။ မပြည့်ဝ ဆီများကို သင့်တင့်စွာ စာသုံးခြင်းဖြင့် ကျန်းမာရေးအရ ကောင်းမွန်သော သွေးတွင်းအဆီဓာတ် (HDL)တို့ကို မြင့်တက်စေပြီး မကောင်းသော အဆီဓာတ် (LDL)တို့ကို လျှော့ချပေးနိုင်သဖြင့် နှလုံးရောဂါနှင့် ဆီးချိုရောဂါ စသောမကူးစက်နိုင်သည့် ရောဂါများ ဖြစ်ပွားနိုင်ခြေကို လျော့နည်းစေနိုင်ကြောင်း ပညာရှင်များက သုတေသနပြုဖော်ထုတ်ထားသည်ကို တွေ့ရှိရသည်။
စားအုန်းဆီ၊ ဆီကြော်အစားအစာများ၊ တိရစ္ဆာန်မှရသောအဆီများ စသည်တို့သည် တတ်နိုင်သမျှ လျှော့စားသင့်သော ပြည့်ဝဆီများဖြစ်ပြီး ၎င်းကို စားသုံးခြင်းကြောင့် မကောင်းသော သွေးတွင်းအဆီ ဓာတ် (LDL)များ လွန်ကဲစွာ မြင့်တက်စေ၍ အဝလွန်ရောဂါ၊ အသည်းအဆီဖုံးရောဂါ၊ လေးဖက်နာရောဂါ၊ သွေးကြောနံရံတွင် အဆီများကပ်ခဲ၍ သွေးကြောများကျဉ်းကာ နှလုံးသွေးကြောပိတ်ရောဂါနှင့် လေဖြတ်ရောဂါတို့ကို ဖြစ်စေနိုင်ကြောင်း လေ့လာ ဖော်ထုတ်ထားသည်ကို တွေ့ရှိရသည်။
အသင့်စား အစားအစာများဖြစ်သည့် အာလူးကြော်၊ ကြက်ကြော်၊ ကိတ်မုန့်၊ ပေါင်မုန့် စသည် တို့တွင် ပါဝင်သည့် ဆီများသည် လုံးဝမစားသုံးသင့်သော အသွင်ပြောင်းဆီများဖြစ်သည်။ အသွင်ပြောင်း ဆီဆိုသည်မှာ အစားအသောက်များကို ပိုမိုတာရှည်ခံ၍ အရသာရှိစေရန် ပုံမှန်အသုံးပြုသောဆီတွင် ဟိုက်ဒရိုဂျင်ဓာတ် ထည့်ပေါင်းထားသော ဆီဖြစ်သည်။ အသွင်ပြောင်းဆီကို စားသုံးခြင်းကြောင့် မကောင်းသော သွေးတွင်းအဆီဓာတ် (LDL)များ လွန်ကဲစွာမြင့်တက်စေပြီး အဝလွန်ရောဂါ၊ အသည်း အဆီဖုံးရောဂါ၊ လေးဖက်နာရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါနှင့် လေဖြတ်ရောဂါတို့ကို ဖြစ်စေနိုင်သည့် အပြင် သွေးတွင်းဆီ (Triglycerides)များကို ပိုမို၍ တက်စေခြင်း၊ ကောင်းမွန်သော သွေးတွင်းအဆီဓာတ်(HDL)ကို ကျစေခြင်းနှင့် ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုများကိုပါ ဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။
သို့သော် ကျွန်တော်တို့အနေဖြင့် ဆီမပါ ဟင်းမဖြစ်ဟူသည့်အတိုင်းပင် ဆီစားသုံးမှုဓလေ့မှာ ထွန်းကားနေဆဲဖြစ်သည်။ နေ့စဉ်အစားအစာများ ကြော်လှော်ချက်ပြုတ် ပြင်ဆင်ရာတွင် ဆီသည် မရှိမဖြစ် ပါဝင်နေဆဲဖြစ်သည်။ လက်ဖက်သုပ်စား လျှင်ပင်ဖြစ်စေ၊ ငါးခြောက်ဖုတ်လျှင်ပင်ဖြစ်စေ ဆီရွှဲရွှဲဆမ်း၍ စားကြဆဲဖြစ်သည်။ ဆီကို ထိုကဲ့သို့ စားသုံးကြရာတွင် နေကြာဆီ၊ မြေပဲဆီ၊ နှမ်းဆီ၊ စားအုန်းဆီများကို လူအများစု စားသုံးနေကြသည့် အတွက် စားသုံးဆီများကို ကျန်းမာရေးအရ သင့်တင့်စွာသာ စားသုံးသင့်ပါသည်။ ပြည့်ဝဆီအုပ်စုတွင် ပါဝင်သည့် စားအုန်းဆီ၊ ပြန်ကြော်ဆီများဖြင့် ကြော်လှော်သည့် အာလူးကြော်၊ စမူဆာ၊ ပဲကပ်ကြော် စသည်တို့ကို လွန်ကဲစွာ စားသုံးမှုကို ဆင်ခြင်သင့်သည်။
ကျွန်တော်တို့၏ လူ့ခန္ဓာကိုယ်တွင် စွမ်းအင်အတွက် ဆီ၊ အဆီဓာတ်လိုအပ်ပါသည်။ သို့ရာတွင် အဆီမှရသော ကယ်လိုရီသည် ၁၀ ရာခိုင်နှုန်းထက် မပိုသင့်ဟု အာဟာရပညာရှင်တို့က ဆိုထားသည် ကို လေ့လာတွေ့ရှိနိုင်ပါသည်။ သာမန်အားဖြင့် လူတစ်ဦးချင်း၏ ကျန်းမာရေးနှင့် ညီညွတ်စေရန် တွက်ချက်လျှင် တစ်ရက် စားသုံးဆီ ၂ ဒသမ ၂၅ ကျပ်သားခန့်သာ စားသုံးသင့်ကြောင်း တွေ့ရှိရသည်။ ထိုနှုန်းနှင့် တစ်နိုင်ငံလုံးအတွက် ဆီလိုအပ်ချက်ကို ခန့်မှန်းတွက်ချက်ရာတွင် နိုင်ငံအတွင်း စားသုံးဆီ ထုတ်လုပ်နိုင်မှုနှင့် နှိုင်းယှဉ်ကြည့်ပါက လုံလောက်မှု မရှိသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့်လည်း နိုင်ငံတော်အစိုးရအနေဖြင့် စားသုံးဆီထုတ်လုပ်မှု တိုးတက်စေရေး တွန်းအားပေးဆောင်ရွက်နေသည် ကို လေ့လာတွေ့ရှိရပါသည်။ ကျွန်တော်တို့နိုင်ငံတွင် ဆီထွက်သီးနှံများ စိုက်ပျိုးနိုင်သည့် မြေသယံဇာတများ များစွာရှိပြီးဖြစ်ရာ အဆိုပါစိုက်ပျိုးမြေများကို အပြည့်အဝ အသုံးချစိုက်ပျိုးခြင်း၊ စိုက်ဧကအားလုံးတွင် သီးထပ်သီးညှပ်စိုက်ပျိုးခြင်းများနှင့် စိုက်ပျိုးရေး လုပ်ငန်းများကို အထွက်နှုန်းများ ပိုတိုးတက် အောင်မြင်အောင် ဆောင်ရွက်သင့်သည်။ ထို့ပြင် နေ့စဉ်လူတစ်ဦးချင်း၏ ဆီစားသုံးမှုပမာဏ မြင့်မားလျက်ရှိရာ ကျန်းမာရေးနှင့် ညီညွတ်မျှတစေရန် အတွက် အဆိုပါဆီစားသုံးမှုကို လျှော့ချရန် လိုအပ်သည်။
စည်းစိမ်ဖြို စားဖိုဆောင်ကဟူသည့် လူကြီးသူမများ၏ ဆိုဆုံးမစကားရှိပါသည်။ ဆီစား၍ အသား မဖြစ်ဟူ၍လည်း ဆီစားသုံးမှုကို သတိပေးထားခဲ့ကြပါသည်။ နေ့စဉ် မိသားစုတစ်စုတွင် ဆန်၊ ဆီ၊ ပဲ၊ ဆား၊ ငရုတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး အစရှိသော စားသုံးကုန်ပစ္စည်းများ လိုအပ်နေသကဲ့သို့ အိုးနှင့် ဆန်တန်ရုံချက်ရမည်ကို မိသားစုအတွင်း သတိပြုဆင်ခြင် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ပေါပေါများများ ချက်ပြုတ်၍ ပိုပိုလျှံလျှံ သွန်ပစ်ရသည့် အခြေအနေကို ရှောင်ရှားရမည် ဖြစ်ပါသည်။ ချွေတာစုဆောင်း သူဌေးလောင်းဟူသည့် ဘွဲ့ခံနိုင်ရေး စားဖိုဆောင်စီမံခန့်ခွဲမှုကို ကနဦး ထိန်းသိမ်း ဆောင်ရွက်ရမည်ဖြစ်သည်။ မြန်မာ့ဟင်းလျာများ ထဲမှာသာမက တိုင်းရင်းသားတို့၏ ဟင်းလျာများ၊ မြန်မာတို့ခံတွင်းတွေ့သည့် တရုတ်စာ၊ ထိုင်းစာများ မှာပါ ဆီနည်းနည်းနှင့် အရသာရှိရှိ ချက်ပြုတ်စားသောက်နိုင်သည့် ဟင်းအမယ်ပေါင်း မြောက်မြား စွာရှိသည်။ ကျန်းမာရေးနှင့်လည်း ညီညွတ်၊ အရသာလည်းရှိသည့် ဟင်းလျာများ ချက်ပြုတ်စားသောက်ကြစေလိုပါသည်။
ဆီကို ပိုမိုစားသုံးခြင်းသည် အချိန်အတိုင်းအတာအားဖြင့် တစ်ခဏတွင်း မသိနိုင်သော်လည်း ရေရှည်စားသုံးမိပါက နှလုံးရောဂါ၊ နှလုံးသွေးကြော ပိတ်ရောဂါ၊ သွေးတိုး၊ ဆီးချို၊ အသည်းအဆီဖုံးခြင်းကဲ့သို့ ရောဂါဝေဒနာများ ရရှိနိုင်သည်။ သို့ဖြစ်၍ ဆီစားသုံးမှုကို တတ်နိုင်သမျှ လျှော့ချရန်နှင့် ဆီစားသုံးမှုပုံစံကို ပြောင်းလဲကျင့်သုံးရန် လိုအပ်သည်။ ခြိုးခြံချွေတာရာတွင် ရှိသည့်အဝတ်အစားနှင့် လှအောင်၊ လုံခြုံအောင်ဝတ်ဆင်နိုင်ပါသည်။ နေ့စဉ် အာဟာရ လိုအပ်ချက်ကို ဖြည့်စွမ်းနိုင်သည့် စားရေးကိစ္စကိုမူ လိုအပ်သည်ထက် ခြိုးခြံချွေတာ၍ မရနိုင်ပေ။ အချို့သော အိမ်ရှင်မများက ဆီကိုချွေတာစွာ သုံးစွဲကြပြီး ငါးကြော်၊ အာလူးကြော်ရာတွင် များများထည့်ကာ ကြော်ထားသော ဆီများကို တစ်ကျော့ပြန် အသုံးပြု၍ ပြန်ကြော်ဆီအဖြစ် ထပ်မံအသုံးပြုကြ သည်မှာ အန္တရာယ်အလွန်များသော ကိစ္စရပ်ဖြစ်သည့်အတွက် ရှောင်ကြဉ်ကြရမည်ဖြစ်သည်။
ကျွန်တော်တို့ မြန်မာနိုင်ငံသည် စိုက်ပျိုးရေး နိုင်ငံတစ်နိုင်ငံဖြစ်သဖြင့် အခြေခံစားသောက်ကုန် အများစုကို ထုတ်လုပ်နိုင်စွမ်းရှိပါသည်။ ဆီထွက် သီးနှံအုပ်စုဝင်များဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်သီးနှံများကိုလည်း နေရာဒေသအလိုက် စိုက်ပျိုးထုတ်လုပ်လျက်ရှိကြပါသည်။ ဆီအုန်းသီးနှံကို မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့တွင် ဆီအုန်း စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး နိုင်ငံတော်က ရည်သန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်လ စားသုံးဆီ လိုအပ်မှုမှာ တန်ချိန်ရှစ်သောင်းကျော်ဖြစ်ပြီး ပြည်တွင်း၌ ထုတ်လုပ်နိုင်သည့်ပမာဏမှာ တန်ချိန် သုံးသောင်းခန့်သာရှိသဖြင့် လိုအပ်နေသည့် စားသုံးဆီတန်ချိန် ငါးသောင်းခန့်ကို ပြည်ပမှ လစဉ်ဝယ်ယူ တင်သွင်းနေရလျက်ရှိသည်။ တစ်ဖက်တွင်လည်း မိသားစုကျန်းမာရေး၊ ငွေကြေးသုံးစွဲမှုပမာဏ လျှော့ချရေးအတွက် ဆီကို ချင့်ချိန်သုံးစွဲသင့်ပေသည်။
“ဆီစားလို့ အသားမဖြစ်၊ ဆီစားများလျှင် ဘေးဖြစ်တတ်သည်၊ ဆီကိုရှောင် အိုတောင်နုပျိုဆဲ” ဟူသော ကျန်းမာရေးဆောင်ပုဒ်တို့ကို အစဉ်သတိချပ်ကြရန် လိုအပ်ပါသည်။ အဆီအနှစ်များနှင့် ဆီကြော်အစားအစာများကို မကြာခဏ စားသုံးခြင်းသည် အဝလွန်အဆီပိုစေရုံမျှမက ဦးနှောက်ကိုပင် ထိခိုက်စေနိုင်ပြီး ယနေ့ကမ္ဘာ့လူသားများကို ခြိမ်းခြောက်နေသည့် မကူးစက်တတ်သော ရောဂါ များဖြစ်ကြသည့် နှလုံး၊ နှလုံးသွေးကြောရောဂါ အမျိုးမျိုး၊ သွေးတိုး၊ ဆီးချို၊ လေငန်းရောဂါများကို ဖြစ်စေနိုင်ပါသည်။ အဆိုပါအစားအစာများ စားသုံးခြင်းကို တတ်နိုင်သမျှလျှော့ချခြင်းဖြင့် ကျန်းမာရေး နှင့် ညီညွတ်သော လူမှုဘဝကို ရရှိပိုင်ဆိုင်နိုင်မည် ဖြစ်သည်။
လူသားတို့၏ ကျန်းမာရေးအတွက် စားသုံးဆီသည် သန့်ရှင်းမှုမရှိပါက အန္တရာယ်ကြီးမားကြောင်း၊ ဆီစားသုံးရာတွင် ပြည့်ဝအဆီ(Saturated Oil)သည် ကျန်းမာရေးအတွက် မသင့်လျော်ကြောင်း၊ အသွင်ပြောင်းအဆီ (Trans Fat)သည် လူကို အန္တရာယ်ပေးတတ်ကြောင်း၊ ပြည့်ဝဆီမဟုတ်သော အဆီ (Unsaturated Oil)ကို အသင့်အတင့် စားသုံးသင့်ကြောင်း ဓာတ်ခွဲပညာရှင်များက ဆိုထားသည်။ မည်သို့ပင်ဆိုစေ ဆီစားသုံးမှု များပြားပါက ကျန်းမာရေးကို ထိခိုက်နိုင်ပြီး အသည်းအဆီဖုံးခြင်း၊ နှလုံး သွေးကြောကျဉ်းခြင်း၊ နှလုံးရောဂါနှင့် ကင်ဆာရောဂါများ ရရှိနိုင်ကြောင်းကို ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားတိုင်း သိရှိကြပြီး ဆီစားသုံးမှုကို ဆင်ခြင် လျှော့ချလာကြရန် အထူးလိုအပ်သည်။ စားသုံးဆီ (Edible Oil)ကို တန်ဆေးလွန်ဘေးဆိုသည့်အတိုင်း ချင့်ချိန်စားသုံးကြရန်အတွက် သက်ရှည်ကျန်းမာ နေထိုင်ဖို့ ဆီစားသုံးမှု လျှော့ချစို့ဟု တိုက်တွန်း ရေးသားလိုက်ရပါသည်။ ။
- Log in to post comments