သက်ရှည်ကျန်းမာ နည်းလမ်းရှာ

Type
1

 

ဒေါက်တာဇေယျာဝင်း
ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်းလူတိုင်းဟာ ကျန်းမာခြင်းနဲ့ အသက်ရှည်ခြင်း အခွင့်အလမ်းတွေကို ပိုင်ဆိုင်ခွင့်ရှိသင့်ပါတယ်။ အသက်ရှည်ခြင်းဟာ လူ့ဘဝရဲ့ အကြီးမားဆုံးသော အောင်မြင်မှုများထဲမှ တစ်ခုဖြစ်ပါတယ်။ သို့သော် အသက်ရှည်သူတိုင်း ကျန်းမာသောဘဝကို ပိုင်ဆိုင်ရရှိသူလို့တော့ မဆိုနိုင်ပါ။ ဒီအဆိုကို ပြောင်းလဲနိုင်တဲ့ အခြေအနေ  ကျွန်တော်တို့ လက်ထဲမှာ ရှိနေပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်၊ ကျွန်တော်တို့ နေထိုင်ရာပတ်ဝန်းကျင်နဲ့ ကျွန်တော်တို့ရဲ့ အနာဂတ်မျိုးဆက်များအတွက် ၎င်းတို့ရဲ့ဘဝ နှောင်းပိုင်းကာလများကို ကျန်းမာပျော်ရွှင်စွာ နေထိုင်သွားနိုင်ဖို့ အတူတကွလက်တွဲ လုပ်ဆောင်ရမယ့် အချိန်ပင် ဖြစ်ပါတယ်။ 
အဓိကအချက်များ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့  အဆိုအရ အသက် ၆၀  အထက်  လူဦးရေအချိုးအစားဟာ အချိန်နဲ့ အမျှ   တိုးပွားလာနေတယ်လို့  ဆိုပါတယ်။ ၂၀၁၉ ခုနှစ်မှာ အသက် ၆၀ အထက် လူဦးရေဟာ တစ်ဘီလီယံခန့်      ရှိခဲ့ပြီးတော့  ၂၀၃၀  ပြည့်မှာ ၁ ဒသမ ၄ ဘီလီယံခန့်နဲ့ ၂၀၅၀ ပြည့်နှစ်မှာတော့ ၂ ဒသမ ၁ ဘီလီယံခန့်အထိ တိုးပွားလာနိုင်တယ်လို့ ခန့်မှန်းတွက်ချက်ထားကြပါတယ်။ ၂၀၂၀ ပြည့်နှစ် မှာ အသက် ၆၀ အထက် လူဦးရေဟာ အသက် ၅ နှစ်အောက် ကလေးငယ်ဦးရေထက် ပိုမိုသာလွန် လျက် ရှိတာကိုလည်း တွေ့ရှိရပါတယ်။ ၂၀၅၀ ပြည့် နှစ်မှာ အသက်အရွယ်ကြီးသူများရဲ့ ၈၀ ရာခိုင်နှုန်း ခန့်ဟာ    ဝင်ငွေနိမ့်နဲ့    ဝင်ငွေအလယ်အလတ် တိုင်းပြည်တွေမှာ နေထိုင်ကြသူတွေ ဖြစ်လာတော့ မှာပါ။ ဒါကို ကြည့်ခြင်းအားဖြင့် လူအိုအချိုးအစား အရေအတွက်   လျင်မြန်စွာ  တိုးတက်လာနေတာ တွေ့ရှိရမှာ ဖြစ်ပါတယ်။ သက်ကြီးရွယ်အို အချိုး အစား    မြင့်မားလာတာနဲ့အတူ    နိုင်ငံတိုင်းဟာ ကျန်းမာရေးနဲ့  လူမှုရေးစနစ်တွေမှာ အဓိကကျတဲ့ စိန်ခေါ်မှုတွေကို   ရင်ဆိုင်ဖြေရှင်းကြရမှာ   ဖြစ်ပါ တယ်။
အိုမင်းခြင်းသတ်မှတ်ချက်
လူတစ်ဦးဟာ ဘယ်အချိန် အိုလာပြီဆိုတာကို နည်းလမ်းမျိုးစုံနဲ့ တွေ့ရှိနိုင်ပါတယ်။ အသက် အရွယ်အရ အိုမင်းခြင်းနဲ့အတူ ကျန်းမာရေးအရ လည်း ကန့်သတ်ချက်တွေ ရှိလာပါတယ်။  အသက် ကြီးလာတာနဲ့အမျှ ကျန်းမာရေးပြဿနာ ရှိလာနိုင် ခြေဟာလည်း မြင့်တက်လာပါတယ်။ 
လူတစ်ဦးနဲ့  တစ်ဦးမှာ ခန္ဓာကိုယ်အတွင်း ဆဲလ် တွေ၊ မော်လီကျူးတွေရဲ့  ဇီဝဖြစ်စဉ် ပြောင်းလဲမှုတွေ မတူညီမှုကြောင့် ပုံမှန်အားဖြင့် အသက်ကြီးလာတဲ့ အခါမှ ဖြစ်ပေါ်တတ်တဲ့   ဇီဝရုပ်ပိုင်း   အသက်ကြီး ရင့်တာမျိုးကို အချို့လူတွေမှာ စောစောစီးစီး တွေ့ရှိ ရပါတယ်။ အချို့ လူတွေမှာတော့ နောက်ကျမှသာ ဇီဝရုပ်ပိုင်းအရ   အသက်ကြီးတာမျိုး    ဖြစ်တတ်ပါ တယ်။ ဆိုလိုတာကတော့ အသက် ၆၅ နှစ် အရွယ် လူနှစ်ယောက်မှာ ဇီဝရုပ်ပိုင်း အသက်တွေက မတူ နိုင်ပါဘူး။ တစ်ဦးက ဇီဝရုပ်ပိုင်းဆိုင်ရာ ပိုမိုအိုမင်း ပေမယ့် သက်တူရွယ်တူ ကျန်တစ်ဦးမှာအိုမင်းရင့်ရော်မှု နည်းပါးတာမျိုး ဖြစ်တတ်ပါတယ်။ ရှိရင်းစွဲအသက် ထက် ပိုမိုနုပျိုတာ၊ ပိုမိုအိုမင်းတယ်လို့ ထင်ရတာတွေ ဟာ စားသောက်နေထိုင်မှုပုံစံတွေ အလေ့အကျင့်တွေ ကြောင့် ဖြစ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာအရလည်း    တစ်ဦးနဲ့တစ်ဦး အိုမင်းမှု မတူညီတတ်ပါဘူး။ လူတစ်ဦးဟာ မည်သို့ ပြုမူလုပ်ဆောင်    ခံစားတတ်တယ်ဆိုတာအပေါ် မူတည်ပြီး အသက်ကြီးရင့်မှု ကွာခြားတတ်ပါတယ်။ 
အသက်အရွယ်ကြီးရင့်မှုနဲ့အတူ ကျန်းမာရေးယုတ်လျော့လာမှု
လူတစ်ဦးအနေနဲ့ မိမိရဲ့ အသက်ကြီးရင့်လာမှု တွေက   ပုံမှန်အတိုင်းလား၊   ပုံမှန်မဟုတ်ဘူးလား ဆိုတာသိချင်ကြပါတယ်။ အထက်မှာ ဆိုခဲ့သလိုပဲ လူတစ်ဦးနဲ့ တစ်ဦး အသက်ကြီး ရင့်လာမှုပုံစံဟာ ထပ်တူမညီနိုင်ပါဘူး။ များသောအားဖြင့် အသက် ရလာတာနဲ့အမျှ  ခန္ဓာအတွင်းပိုင်း အခြေအနေတွေ အပေါ်မူတည်ပြီး ပြောင်းလဲမှုတွေ ကြုံတွေ့ရမှာပဲ ဖြစ်ပါတယ်။ ဒါမျိုးကို ပုံမှန်အတိုင်း အသက်ကြီးခြင်း လို့ ခေါ်ပါတယ်။   လူတစ်ယောက်ဟာ   အသက် ရှည်ရှည် နေရတဲ့တိုင် အသက်ရလာလို့ ဖြစ်ပေါ်လာ တဲ့ ကျန်းမာရေးအကျိုးဆက်တွေကို မကြုံချင်ပေ မယ့် ကြုံတွေ့ရမှာဖြစ်ပါတယ်။ ဥပမာ- အသက်ရ လာတဲ့အခါ မျက်စိမှုန်လာတာမျိုးကို ဆိုလိုပါတယ်။ အသက်ကြီးရင့်လာရင်   ခန္ဓာကိုယ်အနေနဲ့   တစ်ခု မဟုတ် တစ်ခု   ချို့ယွင်းလာတတ်ကြတာမလွဲပါ။ သို့တစေ ဒီနေ့ခေတ်မှာတော့ သိပ္ပံနည်းကျလေ့လာ တွေ့ရှိမှုတွေကနေတစ်ဆင့် လူတွေအနေနဲ့ အချို့ သော အသက်အရွယ်အရ ပြောင်းလဲ ယိုယွင်းလာ တတ်မှုတွေကို အတိုင်းအတာတစ်ခုအထိ ထိန်းညှိ နိုင်ဖို့ လုပ်ဆောင်လာနိုင်ကြပြီဖြစ်ပါတယ်။ 
ကျန်းမာစွာ အိုမင်းခြင်း
ကျန်းမာစွာ အိုမင်းခြင်းဆိုတာကတော့ အသက် ကြီးလာတာနဲ့အမျှ ဖြစ်တတ်တဲ့ ခန္ဓာကိုယ် ချို့ယွင်း မှုတွေကို လျှော့ချခြင်း သို့မဟုတ် အချိန်ကာလတစ်ခု အထိ ဆိုင်းငံ့ထားနိုင်ခြင်းကို ဆိုလိုတာပါ။ ကျန်းမာ စွာ အသက်ကြီးခြင်းရဲ့ ဦးတည်ချက်ကတော့ ရောဂါ ဘယကင်းရှင်းပြီး စိတ်ပိုင်းရော ရုပ်ပိုင်းပါ အမှီအခို ကင်းကင်းနဲ့ လှုပ်ရှားသွားလာနိုင်ဖို့ပဲ ဖြစ်ပါတယ်။ လူအများစုဟာ   အသက်ရလာတာနဲ့အမျှ     မိမိ ခန္ဓာကိုယ်ကို ကျန်းမာစေဖို့ ထိန်းသိမ်းစောင့်ရှောက် မှုတွေ ပိုမိုလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ကျန်းမာတဲ့ နေထိုင်မှု ပုံစံတွေဖြစ်တဲ့ အာဟာရရှိစွာ စားသောက် ခြင်း၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ တက်ကြွမှုရှိခြင်း စတဲ့အချက်တွေကို  လိုက်နာ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဖော်ပြပါ အချက်တွေ ကို    မြန်မြန်လုပ်ဆောင်လေ    ကောင်းလေပါပဲ။ ဒါပေမယ့်    နောက်ကျတယ်ဆိုတာမျိုး  မရှိပါဘူး။ စလုပ်ဖြစ်ဖို့ပဲ လိုတာပါ။ ထိုနည်းလမ်းတွေ ကျင့်သုံး ခြင်းဖြင့် လူတွေဟာ အသက်ကြီးလို့ ကြုံတွေ့လာရ မယ့်   ခန္ဓာကိုယ်ချို့ယွင်းမှုတွေကို အတိုင်းအတာ တစ်ခုအထိ ဟန့်တားထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
မျှော်မှန်းသက်တမ်း
မျှော်မှန်းသက်တမ်းအရ     ကြည့်မယ်ဆိုရင် အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပျမ်းမျှ အားဖြင့်    အသက်ပိုရှည်ရှည်   နေရတတ်ပါတယ်။ အကြောင်းကတော့ အမျိုးသားများဟာ ဆေးလိပ်၊ အရက် သောက်တာအပါအဝင် နေထိုင်မှုပုံစံတွေ ကြောင့်ရယ်၊  စိတ်ဖိစီးမှု  ပိုများတတ်တာတွေရယ် ကြောင့်    ဖြစ်ပါတယ်။   ယနေ့ခေတ်မှာတော့ လူတစ်ဦးရဲ့    ပျမ်းမျှမျှော်မှန်း    သက်တမ်းဟာ တိုးတက်လာတာကို    တွေ့ရပါတယ်။   လူတွေရဲ့ မျှော်မှန်းသက်တမ်းကို လွှမ်းမိုးနေသော အဓိက အချက်တွေကတော့  အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်-
•    မိသားစုမျိုးရိုးဗီဇ-   မျိုးရိုးဗီဇဟာဆိုရင် လူရဲ့ကျန်းမာရေးကို များစွာလွှမ်းမိုးမှု ရှိပါ တယ်။ ဥပမာ- သွေးတွင်းအဆီဓာတ်များတဲ့ မျိုးရိုးဗီဇကို ဆက်ခံထားသူဆိုရင် အသက် တိုနိုင်ပါတယ်။  ကင်ဆာနဲ့ နှလုံးသွေးကြော ကျဉ်းရောဂါတို့ကို   ကာကွယ်နိုင်တဲ့  မျိုးရိုး ဗီဇရှိရင် အသက်ရှည်ရှည်နေရနိုင်ခြေ ရှိနေ ပါတယ်။ 
•    စားသောက်နေထိုင်မှုပုံစံ- ဆေးလိပ်ရှောင် ခြင်း၊   အရက်နဲ့   မူးယစ်ဆေးရှောင်ခြင်း၊ ကိုယ်အလေးချိန်ထိန်းခြင်းနှင့် ကျန်းမာရေး နဲ့ ညီညွတ်တဲ့  အစာတွေကိုသာ စားခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း              စတာတွေဟာ ကျန်းမာတဲ့    သက်ကြီးဘဝကို   ရရှိဖို့ အထောက်အပံ့ ဖြစ်စေတဲ့ နည်းလမ်းတွေဖြစ် ပါတယ်။  
•    ပတ်ဝန်းကျင်ရှိ    အဆိပ်အတောက်များကို ရှောင်ခြင်း-   ပတ်ဝန်းကျင်မှာရှိတဲ့ အဆိပ် အတောက်တွေကို  နေ့စဉ်ထိတွေ့နေရမှုတွေ ဟာ လူ့အသက်ကို  တိုစေပါတယ်။    ဒီလို ထိတွေ့နေသူတွေဟာ      အသက်ရှည်တဲ့ မျိုးရိုးရှိသူတွေ   ဆိုရင်တောင်မှ အသက်တို စေပါတယ်။
•    ကျန်းမာရေးအသိ၊ သတိရှိခြင်း-    မိမိ ကျန်းမာရေးကို    အစဉ်အမြဲ   ဂရုတစိုက် စစ်ဆေးခြင်း၊ ရောဂါဖြစ်ပြီလို့ သံသယဝင် တာနဲ့ စစ်ဆေးကုသမှု ခံယူခြင်း၊ ရောဂါဖြစ် လျှင်တောင်မှ စောစောသိရှိရပြီး စောစော ကုသမှုခံယူခြင်းဖြင့်     အသက်ရှည်စေနိုင် ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ဆော်ဩချက်
ကမ္ဘာ့ကုလသမဂ္ဂ    အထွေထွေညီလာခံက ၂၀၂၁-၂၀၃၀ ဆယ်စုနှစ်ကို ကျန်းမာစွာ အိုမင်းခြင်း ဆိုင်ရာ ဆယ်စုနှစ်အဖြစ်သတ်မှတ်ကာ သက်ရှည် ကျန်းမာတဲ့ဘဝတွေ ရရှိနိုင်ကြဖို့  အစိုးရတွေ၊ လူမှု အဖွဲ့အစည်းတွေ၊    မိတ်ဖက်အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အေဂျင်စီတွေ၊ မီဒီယာတွေနဲ့  ပုဂ္ဂလိက ကဏ္ဍတွေဟာ အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့  (WHO)ကို  ဦးဆောင်သူ တာဝန်ပေးအပ်ထားပါတယ်။ 
သက်ရှည်ကျန်းမာတဲ့ သက်ကြီးဘဝကို ရရှိနိုင် ဖို့၊ ကျန်းမာရေးဆိုင်ရာ   မညီမျှမှုတွေ   လျှော့ချဖို့နဲ့ လူအိုတွေဘဝ တိုးတက်စေဖို့  လုပ်ဆောင်ကြရာမှာ မိသားစုတွေနဲ့  အသိုင်းအဝိုင်းတွေအနေနဲ့လည်း အဓိကအပိုင်း လေးရပ်မှာ ပူးပေါင်းလုပ်ဆောင်ကြရ မှာဖြစ်ကြောင်း     ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဆော်ဩထားပါတယ်။ 
အဓိကအပိုင်းလေးရပ်ကတော့    လူမှုအဖွဲ့ အစည်းတွေအတွင်း     အသက်အရွယ်အိုမင်းမှုနဲ့ ပတ်သက်တဲ့ အတွေးအခေါ်တွေ၊ ပြုမူတုံ့ပြန်ပုံတွေ ပြောင်းလဲရပါမယ်။ လူအိုတွေရဲ့  စွမ်းဆောင်ရည် တွေကို မြှင့်တင်ပေးနိုင်မယ့် အဖွဲ့အစည်း အဝန်း အဝိုင်းမျိုးတွေ ဖွံ့ဖြိုးလာအောင်  လုပ်ဆောင်ရပါ မယ်။ လူအိုတွေအတွက် ကျယ်ပြန့်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့  ပြုစုမှုတွေ  ပေးနိုင်အောင်လုပ်ရပါ မယ်။ နောက်ဆုံးအချက်ကတော့ လိုအပ်ချက်ရှိတဲ့ လူအိုတွေကို သတ်မှတ်အရည်အသွေးရှိတဲ့ ကာလရှည် စောင့်ရှောက်မှုတွေကို ပေးအပ်နိုင်ရေး လုပ်ဆောင် ကြရမှာ ဖြစ်ပါတယ်။
အချုပ်အားဖြင့်ဆိုရရင်  ကျန်းမာစွာ  အသက် ရှည်ရှည် နေထိုင်နိုင်ခြင်းဟာ မင်္ဂလာတစ်ပါးဖြစ်တဲ့ အပြင်  လူတိုင်းဖြစ်လိုတဲ့ ဆန္ဒလည်းဖြစ်ပါတယ်။ ခေတ်မီဆေးသိပ္ပံပညာ   ဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ ကမ္ဘာ့သက်ကြီးရွယ်အို   လူဦးရေအချိုးစားလည်း တိုးတက်လာလျက်ရှိပါတယ်။     တိုးပွားလာမယ့် သက်ကြီးရွယ်အိုတွေအတွက်       ကျန်းမာရေး စောင့်ရှောက်မှုအပါအဝင်   လိုအပ်ချက်တွေကို   ပိုမို အဆင်ပြေချောမွေ့စေဖို့   လုပ်ဆောင်ပေးခြင်းဟာ ပြောင်းလဲနေတဲ့   လူဦးရေတည်ဆောက်ပုံ   အချိုး အစားအတွက် မရှိမဖြစ် အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်လာပါတယ်။     လူတိုင်းသက်ရှည်ပြီး ကျန်းမာတဲ့ လူ့ဘောင်အဖွဲ့အစည်းတစ်ရပ် ဖြစ်ထွန်း ပေါ်ပေါက်ရေး အရေးကြီးပါကြောင်း ရေးသားတင်ပြ လိုက်ရပါတယ်။       ။