သက်ကြီးရွယ်အိုများ၏ဘဝ အမှန်တကယ် လုံခြုံမှု၊ နွေးထွေးမှုရှိစေရေး ဆောင်ရွက်သွားမည်

 

နေပြည်တော် အောက်တိုဘာ ၁


အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့  ဂုဏ်ပြု အခမ်းအနားကို   ယနေ့နံနက်ပိုင်းက  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန ဝန်ကြီးရုံးစုပေါင်းခန်းမတွင်  ကျင်းပသည်။


အဆိုပါ    အခမ်းအနားသို့   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်     ပြန်လည်နေရာချထားရေး  ဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး  ဦးအောင်ထွန်းခိုင်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ သက်ကြီးရွယ်အို များဆိုင်ရာ ကော်မတီဝင်များ၊ အမြဲတမ်းအတွင်းဝန် များ၊   တာဝန်ရှိသူများနှင့်   ဖိတ်ကြားထားသည့်  အဘိုးအဘွားများ တက်ရောက်ကြသည်။


လူမှုရေးပင်စင် ထောက်ပံ့


    အခမ်းအနားတွင်   ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က   လူမှုကာကွယ်   စောင့်ရှောက်ရေး ဆိုင်ရာအမျိုးသားအဆင့်   မဟာဗျူဟာစီမံချက်  (၂၀၁၄) နှင့်  သက်ကြီးရွယ်အိုများဆိုင်ရာ   ဥပဒေ  (၂၀၁၆)နှင့်အညီ    သက်ကြီးရွယ်အိုများ   ဝင်ငွေ လုံခြုံမှုရရှိစေရေးအတွက် ၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာ ရေးနှစ်တွင် အသက်(၁၀၀)နှစ်  အထက်မှ စခဲ့ပြီး ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ်မှစ၍ အသက်(၉၀)နှစ်နှင့် အထက်၊  ၂၀၁၈-၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ်တွင် အသက်(၈၅)နှစ်နှင့်အထက်        လူမှုရေးပင်စင် ထောက်ပံ့မှု  အစီအစဉ်ကို  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာမှ  လက်ရှိတွင်   အကျိုးခံစား ခွင့်ရှိသူ ဘိုးဘွား၂၅၀၀၀၀ ခန့် ရှိနေပြီဖြစ်ပါကြောင်း၊ သက်ကြီးရွယ်အိုများနှင့်  မျိုးဆက်သစ်လူငယ်များ အပြန်အလှန်    ကူညီစောင့်ရှောက်နိုင်ရေးအတွက် သက်ကြီးရွယ်အိုများဦးဆောင်ပြီး    အမျိုးသမီးများ၊ မသန်စွမ်းသူများ၊ လူငယ်များပါဝင်သည့် “Inclusive Self-Help Group” “လူမှုအားမာန်” အဖွဲ့ပေါင်း ၂၂၂ ဖွဲ့ကို ဖွဲ့စည်းထားရှိပြီး  ၎င်းအဖွဲ့များ၏   လုပ်ငန်း ဆောင်ရွက်ချက်များ  ကောင်းမွန်စွာ  လည်ပတ်နိုင် ရေးအတွက် မတည်မှုရန်ပုံငွေအနေဖြင့် ငွေကျပ် ၁၀ သိန်းစီ  ထောက်ပံ့ပေးလျက်ရှိပါကြောင်း။


ဂုဏ်ပြုချီးမြှင့်


အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ကို ဂုဏ်ပြုသောအားဖြင့်  မြန်မာတစ်နိုင်ငံလုံး  အသက် အကြီးဆုံး အဘိုးတစ်ဦးနှင့် အဘွားတစ်ဦးကို ယခင် နှစ်များကဲ့သို့   ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀သိန်းစီကို သက်ဆိုင်ရာ    တိုင်းဒေသကြီး/    ပြည်နယ်များမှ တစ်ဆင့်         လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ပါ ကြောင်း၊  သက်ကြီးရွယ်အိုများသည် လေးစားထိုက်၊ ဂုဏ်ပြု ထိုက်သူများဖြစ်သဖြင့်   အခမ်းအနားကျင်းပ ပေးရုံသက်သက်မဟုတ်ဘဲ   သက်ကြီးရွယ်အိုများ၏  ဘဝ  အမှန်တကယ်   လုံခြုံမှု၊     နွေးထွေးမှုရှိစေရေးနှင့် သက်ကြီးရွယ်အိုများ၏စွမ်းအားကို     နိုင်ငံတော် တည်ဆောက်ရေးဖြစ်စဉ်မှာ    ထည့်သွင်းအသုံးပြု သွားနိုင်ရေးအတွက်လည်း    အခွင့်အလမ်း ဖန်တီး ပေးဖို့  ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ပြောကြား သည်။


ဆက်လက်၍  အပြည်ပြည်ဆိုင်ရာ  သက်ကြီး ရွယ်အိုများနေ့ အထိမ်းအမှတ် မှတ်တမ်း   video  ကို    ပြသပြီး  ဘိုးဘွားများကိုယ်စား    အဘွားတစ်ဦး က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။


သတင်းစဉ်