
ရခိုင်ပြည်နယ် သံတွဲခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာရဲဝင်းထွန်းအား ဇူလိုင် ၁၄ ရက်က ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းခဲ့မှုများကို ဖော်ပြအပ် ပါသည်-
မေး။ ကိုဗစ်-၁၉ ရောဂါ သံသယလူနာတွေကို ရောဂါရှိ/မရှိ ဘယ်လို စစ်ဆေးပေးနေပါသလဲ။
ဖြေ။ ကျွန်တော်တို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ WHO က အသိအမှတ်ပြုထားတဲ့ Rapid Diagnostic Test (RDT
Test Kit) တွေနဲ့ စစ်ဆေးပေးနေပါတယ်။
မေး။ ပြည်သူတွေအနေနဲ့ ရောဂါလက္ခဏာတွေ့ရှိရင် ဘယ်လို ဆက်သွယ်ဆောင်ရွက်ရပါမလဲ။
ဖြေ။ ပြည်သူတွေအနေနဲ့ ရောဂါလက္ခဏာတွေရှိလာရင် ကျွန်တော် တို့သံတွဲမှာရှိတဲ့ ဆေးရုံ၊ ဆေးပေးခန်း၊ ကျေးလက်ကျန်းမာရေး
ဌာန အစရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးတဲ့ နေရာတိုင်း ကို ဆက်သွယ်ဆောင်ရွက်လို့ ရပါတယ်။ ကျန်းမာရေးဝန်ထမ်း အားလုံးက ကူညီဆောင်ရွက်ဖို့ အသင့်ရှိပါတယ်။ အိမ်မှာပဲ ကျိတ်ကုသ မနေဘဲ ထိရောက်တဲ့ ကုသမှုကို ခံယူစေချင်ပါတယ်။
မေး။ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရပြီဆိုရင် ဘယ်လိုဆောင်ရွက်ပေးပါ သလဲ။
ဖြေ။ တွေ့ရှိတဲ့နေရာဒေသပေါ်မှာမူတည်ပြီး ကိုဗစ်-၁၉ ရောဂါကို ထိရောက်စွာ ပြုစုကုသနိုင်တဲ့ နေရာတွေထိ ပို့ဆောင်ပေးပါ
တယ်။ ရောဂါအတိမ်အနက်အလိုက် ပြုစုကုသမှုကို လူတန်းစားမရွေး ခံယူစေချင်ပါတယ်။
မေး။ ဘယ်လိုရောဂါလက္ခဏာများပြသရင် စိုးရိမ်ရတဲ့အခြေအနေလို့ ခေါ်ပါသလဲ။
ဖြေ။ ကိုဗစ်-၁၉ ရောဂါဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက် ရောဂါတစ်မျိုးဖြစ်တဲ့အတွက် လူသားတို့ရဲ့ အသက်ရှူ
လမ်းကြောင်းကို ပို၍ ဒုက္ခပေးတတ်ပါတယ်။ လူ့အသက် သေဆုံးတဲ့အထိ ဖြစ်ပွားတတ်တဲ့ ရောဂါတစ်မျိုးဖြစ်တဲ့အတွက် အသက်ရှူမရတာ၊ အသက်ရှူကျပ်တာ ၊ မောပန်းတာ၊ သွေးထဲက အောက်ဆီဂျင် ပမာဏ ကျဆင်းတာတွေဟာ စိုးရိမ်ရတဲ့အခြေအနေလို့ ပြောလို့ရပါတယ်။
မေး။ လူနာတွေအတွက် အောက်ဆီဂျင်လိုအပ်ချက်တွေကို ဘယ်လို စီစဉ်ထားပါသလဲ။
ဖြေ။ ကျွန်တော်တို့ သံတွဲဆေးရုံမှာ ကိုဗစ်-၁၉ ရောဂါ(Third Wave) မဖြစ်ပွားမီကတည်းက အောက်ဆီဂျင်ဆလင်ဒါအချို့ကို
စုဆောင်းထားပြီးဖြစ်ပါတယ်။ သို့သော်လည်း ထင်ထားတာထက် လူနာ အရေအတွက်နဲ့ အသုံးပြုမှုများလာတဲ့အတွက် အောက်ဆီဂျင်ရနိုင်မယ့် နေရာတွေက သွားရောက်ဝယ်ယူတာ တစ်မျိုး၊ အကူအညီတောင်းတာ ကို ရဟန်းသံဃာတွေ၊ စေတနာရှင်တွေ၊ ပရဟိတသမားတွေနဲ့ ဝိုင်းဝန်း ဆောင်ရွက်နေတဲ့အတွက် အခက်အခဲမရှိပါဘူး။ သံတွဲခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနဲ့ သက်ဆိုင်ရာ ဌာနအကြီးအကဲတွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ လက်ရှိမှာ အောက်ဆီဂျင် အလုံးကြီး ၂ဝ နဲ့ ၂၅ လုံးကြား ကျန်ရှိနေပြီး လိုအပ်ချက်များကို အချိန်မီ ဖြည့်တင်းနိုင်အောင်လည်း လုပ်ဆောင်ပေးလျက်ရှိပါတယ်။
မေး။ ပိုးတွေ့လူနာတွေ Quarantine ဝင်ရောက်နိုင်ဖို့ စီစဉ်ထားရှိမှု အခြေအနေကို သိလိုပါတယ်။
ဖြေ။ ပိုးတွေ့လူနာတွေထဲမှာတော့ Quarantine ထားရှိကုသမှု ကတော့ နှစ်ပိုင်းရှိပါတယ်။ ရောဂါပိုမို ပြင်းထန်လူနာနဲ့ သာမန်
လူနာဆိုပြီး ခွဲခြားထားပါတယ်။ သာမန်လူနာတွေကိုတော့ ငပလီမှာ ရှိတဲ့ ၂၅ ခုတင်ဆံ့ဆေးရုံမှာ ထားရှိကုသပေးနေပြီး ရောဂါပိုမို ပြင်းထန်တဲ့လူနာတွေကို သံတွဲခရိုင် ခုတင် ၁၀၀ ဆေးရုံရဲ့ ကိုဗစ်-၁၉ ကုသဆောင်၊ အထူးကုသကြပ်မတ်ဆောင်တွေမှာ ကုသစောင့်ရှောက် ပေးလျက်ရှိနေပါတယ်။
မေး။ ကိုဗစ်-၁၉ ရောဂါဖြစ်လာရင် ဘယ်လိုနေထိုင်စားသောက် သင့်ပါသလဲ။
ဖြေ။ ကိုဗစ်-၁၉ ရောဂါ ဖြစ်လာပြီဆိုရင်တော့ ပထမဆုံးအနေနဲ့ ကိုယ်ခံစွမ်းအား မြင့်တက်နေဖို့ လိုပါတယ်။ ဒါကြောင့် ကိုယ်ခံ
စွမ်းအားမြင့်တက်စေမယ့် အားရှိမယ့်အစားအသောက်တွေကို ရွေးချယ် စားသုံးဖို့လိုပါတယ်။ လိုအပ်တဲ့ရေနဲ့အာဟာရ၊ ဓာတ်ဆားစသည်တို့ကို ဆောင်ထားဖို့လိုပါတယ်။ ဆေးလိပ်၊ အရက်၊ ကွမ်းစားတာတွေကို ရှောင်ရှားဖို့လိုပါတယ်။
မေး။ ရောဂါကူးစက်ပြန့်ပွားမှုမရှိအောင် အသိပညာပေးလုပ်ငန်း များကို ဘယ်လိုဆောင်ရွက်ထားပါသလဲ။
ဖြေ။ အသိပညာပေးလုပ်ငန်းအနေနဲ့ လူနေထူထပ်ပြီး လူသွားလူလာ များတဲ့နေရာတွေမှာ Mask Campaign လှုပ်ရှားမှုများကို
အပတ်စဉ် ဆောင်ရွက်ပြီးတော့ ဗီနိုင်းပိုစတာစိုက်ထူခြင်း၊ အသံချဲ့စက် ဖြင့် လှည့်လည်ဆော်ဩခြင်းများကို ရောဂါကာကွယ်ထိန်းချုပ်ရေး အဖွဲ့ဝင်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
မေး။ ပိုးတွေ့လူနာများအတွက် ဆေးရုံက ဆောင်ရွက်ပေးမှု အခြေအနေကို သိချင်ပါတယ်။
ဖြေ။ ပိုးတွေ့လူနာတွေထဲမှာ ရောဂါမပြင်းထန်၊ ရောဂါလက္ခဏာ မပြတဲ့ လူနာတွေကိုတော့ ငပလီဆေးရုံမှာ ထားရှိကုသပေးနေ
ပါတယ်။ သူတို့ရဲ့ အခြေခံကျန်းမာရေးကို အထူးအလေးထား စောင့်ရှောက်ပြီး နေ့စဉ် သွေးပေါင်ချိန်ခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးအတွင်း အောက်ဆီဂျင် ကောင်း၊ မကောင်းတိုင်းတာခြင်းတွေကို ဆရာဝန်၊ ဆရာမ လုံလောက်စွာနဲ့ စောင့်ကြည့်ကုသပေးနေပါတယ်။ ရောဂါပြင်းထန်တဲ့ လူနာတွေကိုတော့ သံတွဲခရိုင်ဆေးရုံမှာပဲ ထားရှိပြီး အထူးကြပ်မတ်ကုသပေးလျက်ရှိပါတယ်။
မေး။ လက်ရှိဆေးရုံတက်နေတဲ့ လူနာဦးရေ၊ ရောဂါပျောက်ကင်းလို့ ဆေးရုံကနေ ဆင်းခွင့်ရသူဦးရေ (ပြန်လည်ကျန်းမာလာမှု
အခြေအနေ)ကို သိချင်ပါတယ်။
ဖြေ။ လက်ရှိဆေးရုံမှာ ဆေးရုံတက်ရောက်ကုသခံလူနာ ၆၉ ဦးကို ကုသပေးလျက်ရှိပြီး ဆေးရုံကနေ ကျန်းမာရေးပြန်လည်
ကောင်းမွန်သွားလို့ ဆေးရုံကနေ ဆင်းခွင့်ရရှိသူ ၄၉ ဦးကျော်ရှိပါတယ်။
မေး။ ကာကွယ်ဆေးထိုးဖို့ ကျန်ရှိနေသူများကို ထိုးနှံနိုင်ဖို့ စီစဉ် ဆောင်ရွက်ထားရှိမှု အခြေအနေကို သိချင်ပါတယ်။
ဖြေ။ ကာကွယ်ဆေးအချို့ကတော့ ကျွန်တော်တို့ဆီမှာ ရောက်ရှိ နေပါပြီ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက လမ်းညွှန်
ထားတဲ့ ဦးတည်အုပ်စုများကို အဓိကထိုးနှံပေးသွားဖို့ ဆောင်ရွက် နေပါတယ်။
မေး။ အခြားဖြည့်စွက် ပြောကြားလိုမှုရှိပါက ပြောကြားစေလိုပါတယ်။
ဖြေ။ ဒီ ကိုဗစ်-၁၉ ရောဂါဟာ ကျွန်တော်တို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တစ်ခုတည်း လုပ်ဆောင်လို့မရပါဘူး။
သက်ဆိုင်ရာဌာနဆိုင်ရာအသီးသီးတို့က ပေါင်းစပ်ဆောင်ရွက်ရသလို ပြည်သူတစ်ရပ်လုံးကလည်း ပူးပေါင်းဆောင်ရွက်ပေးနိုင်ပါမှသာ ဒီရောဂါဆိုးကြီးကို အမြန်တိုက်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အားလုံး ကျန်းမာရေးအသိ၊ သတိနဲ့ ပူးပေါင်းဆောင်ရွက် သွားကြဖို့ တိုက်တွန်းချင်ပါတယ်။
ကျေးဇူးတင်ပါတယ် ဆရာကြီး ခင်ဗျာ။
တွေ့ဆုံမေးမြန်း
နေမျိုးအောင်၊ ညီနိုင်းထက်(သံတွဲခရိုင် ပြန်/ဆက်)