သကြားထွက်ကုန်တင်ပို့မှု အခွန်စည်းကြပ်မည့် ဗီယက်နမ်

 

ဗီယက်နမ်နိုင်ငံသည် ပြည်တွင်းသကြားထုတ်လုပ်မှုကဏ္ဍကို အကာအကွယ်ပေးရန်အတွက် ပထမခြေလှမ်းအဖြစ် ထိုင်းနိုင်ငံမှ တင်သွင်းသည့်ထုတ်ကုန်များကို ပြီးခဲ့သည့်နှစ်ဇွန်လက အခွန်တိုးမြှင့်ခဲ့ပြီး ယခုလည်း မြန်မာအပါအဝင် အာဆီယံနိုင်ငံ ငါးနိုင်ငံမှ ဖြတ်သန်းတင်သွင်းလာသည့်  ထိုင်းနိုင်ငံထွက်  ကြံကုန်ကြမ်းများဖြင့် ထုတ်လုပ်ထားသော သကြားထွက်ကုန်များကိုလည်း အဆိုပါ အခွန်နှုန်းထားဖြင့် စည်းကြပ်ကောက်ခံမည်ဖြစ်သည်။

 

လာအို၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် မြန်မာနိုင်ငံတို့မှ တင်သွင်း လာသော သကြားထွက်ကုန်များအပေါ် Anti-Dumping Duty အဖြစ် ၄၂ ဒသမ ၉၉ ရာခိုင်နှုန်းနှင့် Anti-Subsidy Duty အဖြစ် ၄ ဒသမ ၆၅ ရာခိုင်နှုန်း စုစုပေါင်း အခွန်နှုန်းထား ၄၇ ဒသမ ၆၄ ရာခိုင်နှုန်း ဖြင့် အခွန်စည်းကြပ် ကောက်ခံတော့မည် ဖြစ်သော်လည်း အဆိုပါနိုင်ငံများအနေ ဖြင့် ၎င်းတို့နိုင်ငံအတွင်း စိုက်ပျိုးရိတ်သိမ်း သည့်ကြံပင်မှ ထုတ်လုပ်ရရှိသည့် သကြား ထွက်ကုန်များအဖြစ် သက်သေပြနိုင်ပါက အထက်ဖော်ပြပါ     အခွန်နှုန်းထားဖြင့် စည်းကြပ်ကောက်ခံသွားမည်   မဟုတ် ကြောင်း သိရသည်။

 


အကျိုးသက်ရောက်မည်


အဆိုပါ အခွန်စည်းကြပ်ကောက်ခံမှု သည် ဩဂုတ် ၂ ရက်မှ ၂၀၂၆ ဇွန် ၁၅ ရက် အထိဖြစ်ပြီး ဝန်ကြီးဌာနမှ အမိန့်တစ်စုံ တစ်ရာ ထပ်မံပြုလုပ်ခြင်းမရှိသည်အထိ အကျိုးသက်ရောက်နေမည်ဖြစ်သည်။

 


အဆိုပါဆုံးဖြတ်ချက်သည်   Anti-Dumping နှင့် Anti-Subsidy အခွန်များ ကျသင့်စေသည့်  ထိုင်းနိုင်ငံမှ   ကြံနှင့် သကြားထွက်ကုန်များ   အာဆီယံနိုင်ငံ များမှတစ်ဆင့်  ဗီယက်နမ်ဈေးကွက်သို့ ဝင်ရောက်လျက်ရှိသည်ဟူသည့် ဗီယက်နမ် နိုင်ငံ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန Trade Remedies Authority ၏ စုံစမ်းစစ်ဆေးမှုများအပေါ် မူတည် ၍ ချမှတ်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

 


ဗီယက်နမ်နိုင်ငံ၏ ပြည်တွင်းသကြားထုတ်လုပ်မှုလုပ်ငန်းကဏ္ဍသည်   နိုင်ငံ ရပ်ခြားမှ သကြားထွက်ကုန်များ ပေါများ စွာတင်သွင်းနေမှုများကြောင့် အားနည်း လျက်ရှိပြီး   သကြားဈေးကွက်အတွင်း ဈေးကွက်ဝေစု   ၂၀   ရာခိုင်နှုန်းသာ ရှိကြောင်း သိရသည်။ ဗီယက်နမ်နိုင်ငံ၏ နှစ်စဉ်သကြားလိုအပ်ချက်ပမာဏသည် တန်  ၂ ဒသမ၂  သန်းရှိပြီး   တရားဝင် လမ်းကြောင်းများမှ   တင်သွင်းမှုနှင့် မှောင်ခိုတင်သွင်းမှုမှာ စုစုပေါင်း တန် ၂ သန်း ခန့်ရှိသည်။

 


ထိုင်းသကြားအား   ဗီယက်နမ်နိုင်ငံ မှ  အခွန်စည်းကြပ်ကောက်ခံခြင်းကို ရှောင်လွှဲနိုင်ရန်အတွက်    အိမ်နီးချင်း နိုင်ငံများသို့  အရင်တင်ပို့ပြီးမှ ဗီယက်နမ် နိုင်ငံဈေးကွက်သို့     မူရင်းမူလနိုင်ငံ (Country of Origin) အဖြစ် ကြေညာကာ တင်သွင်းလျက်ရှိသည်ဟု ဗီယက်နမ် နိုင်ငံက ဆိုထားသည်။ ၂၀၂၁ ခုနှစ်တွင် အထက်ဖော်ပြပါ   နိုင်ငံ    ငါးနိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ သကြားတင်ပို့မှုသည် တန် ၁ ဒသမ ၄ သန်းပတ်ဝန်းကျင်ရှိခဲ့ပြီး ၂၀၂၂ ခုနှစ် ပထမ ငါးလတာကာလအတွင်း တန် ၆၀၀၀၀၀ ခန့်ရှိခဲ့ကြောင်း အချက် အလက်များအရ သိရသည်။

သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွား‌ရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။   ခင်ရတနာ စုစည်းဖော်ပြသည်၊၊