သိပ္ပံနည်းကျဒေတာလမ်းပြ-စားသောက်ကုန်တာရှည်ခံထိန်းဓာတုပစ္စည်းများ စံချိန်စံညွှန်းပြည့်မီစွာအသုံးပြုနည်း

 

 

နေပြည်တော်   ဇန်နဝါရီ    ၁၀
စုဆောင်းပြုစုသူ    ဒေါက်တာသန်းထိုက် - Ph.D (Chem.Eng-Sydney)   ၏    သိပ္ပံနည်းကျဒေတာ  လမ်းပြ - စားသောက်ကုန်တာရှည်ခံထိန်းဓာတုပစ္စည်းများ စံချိန်စံညွှန်းပြည့်မီစွာ အသုံးပြုနည်း စာအုပ် ထွက်ရှိလာသည်။ 
အဆိုပါ    စာအုပ်တွင်     စားသောက်ကုန်များ ပျက်စီးရသည့် သိပ္ပံအခြေခံ၊ ဗက်တီးရီးယားနှင့် မျှင်မှိုနု၊ စနစ်တကျထုတ်လုပ်ထားသော စားသောက် ကုန်များ၊ ဓာတုပစ္စည်း ဝေါဟာရများ၊ စားသောက် ကုန်များ ဘေးကင်းရေးနေ့(World Food Safety Day)၊ အိုင်အက်အို  ၂၂၀၀၀  (ISO 22000)၊ အိုင် အက်အို ၂၂၀၀၀ -၂၀၁၈ အသုံးဝင်မှု(ISO 22000-2018)၊ ဓာတုပစ္စည်းအရည်အသွေး သတ်မှတ်ချက်၊  အန္တရာယ်ကင်းရှင်းမှု      ထောက်ခံချက်ဒေတာ မှတ်တမ်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး၊  မြန်မာနိုင်ငံ  စားသောက်ကုန်     ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း၊ စားသောက်ကုန်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုဓာတ်ခွဲခန်း၊  မြန်မာနိုင်ငံ URI ပူးပေါင်းဆောင်ရွက်မည့် ခြေလှမ်း၊  ရန်ကုန်တက္ကသိုလ်၏ CRI ၊ ဆန်းသစ်တီထွင်မှုနှင့် နည်းပညာလွှဲပြောင်းပေးခြင်း၊ အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်၊   တက္ကသိုလ်ကထိကတစ်ဦး၏  ပထမဆုံး အတွေ့အကြုံ စသည့်စားသောက်ကုန်ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက်လုံးနှင့်     ပတ်သက်သည့် သိမှတ်ဖွယ်ရာအဖြာဖြာကို တစ်စုတစ်စည်းတည်း လေ့လာဖတ်ရှုနိုင်မည့် စာအုပ်ကောင်း တစ်အုပ် ဖြစ်သည်။
ယင်းစာအုပ်ပြုစုသူ ဒေါက်တာသန်းထိုက်သည်  ချောင်းဦးမြို့      အစိုးရအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း    အောင်မြင်ပြီး     မန္တလေး တက္ကသိုလ်ကောလိပ်မှ    Applied       Chemistry ဘာသာရပ်ကို လေ့လာခဲ့ပြီး B.Sc (App-Chem)(Rangoon) ဘွဲ့ကို ရရှိခဲ့သည်။ ကိုလံဘိုစီမံကိန်း စကောလားရှစ်ဖြင့်   ဩစတြေးလျနိုင်ငံ    ဆစ်ဒနီ တက္ကသိုလ်မှ B.E (Chem.Engg) နှင့် Ph.D(Chem-Engg) ဘွဲ့များ ရရှိခဲ့သည်။ ထို့နောက် ရန်ကုန် တက္ကသိုလ် ဓာတုအင်ဂျင်နီယာဌာနတွင် သင်တန်း နည်းပြ၊ ရန်ကုန်တက္ကသိုလ် ဓာတုဗေဒဌာနတွင် ကထိကနှင့်    သမဝါယမဝန်ကြီးဌာန၊    အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် ညွှန်ကြားရေး မှူးချုပ် တာဝန်ယူခဲ့ပြီး အငြိမ်းစားယူခဲ့သည်။
စာရေးသူက ၎င်းရေးသားပြုစုသည့် စာအုပ်တွင် စားသောက်ကုန်ထုတ်လုပ်ငန်းနှင့်      ပတ်သက်၍ ကိုယ်တိုင်တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများနှင့်  လက်တွေ့အသုံးချ နည်းပညာများကို ပေါင်းစပ်၍ စုစည်းတင်ပြထား ခြင်းဖြစ်သည်။  ယင်းစာအုပ်ကို  မဉ္ဇူပုံနှိပ်တိုက် အမှတ်  ၂၄၄  လမ်း  ၄၀  (အထက်) ကျောက်တံတားမြို့နယ် ရန်ကုန်မြို့မှ ထုတ်ဝေပြီး MCM Publishing မှ တန်ဖိုးငွေကျပ် ၇၀၀၀ ဖြင့် ဖြန့်ချိလိုက်ပြီဖြစ်ကြောင်း သိရသည်။      
မြန်မာ့အလင်း