သီတင်းကျွတ်ပြီ

Type
၁

ဆောင်းပါး

=====

 

သီတင်းကျွတ်ပြီ

=========

 

 

ဆူငှက်

====

 

သီတင်းကျွတ်ပြီ

မီးပုံးပျံ လွှတ်ရအောင်၊ မီးစာကို ရေနံဆွတ်ပါ။

မိုးလွတ်ပါမည်လား . . .။ တဲ့

ငယ်ငယ်က အော်ဟစ်ခဲ့ဖူးသော ဖတ်စာလေးကို သတိရမိသေးတော့ . . .။

သီတင်းကျွတ်ပြီ။

ဗြောက်အိုး မဖောက်ရ . . .။

မီးရှူး မီးပန်း လွှတ်ချင်သည်။

ပိုက်ဆံ အကုန်ခံနိုင်ပါ့မလား . . .။

မိုးကတော့ မည်းလာပြီ။

အိမ်ထဲက မထွက်ပါနှင့်။

 

ဆီစိမ်စက္ကူ မှန်ရောင် စက္ကူရောင်စုံများဖြင့်

အရင်ကတော့ သီတင်းကျွတ်လဆန်းလျှင်ပင် အဘိုး သည် ဈေးချိုစီရုံထဲ သွားပြီး ဆီစိမ်စက္ကူရောင်စုံ ဝယ်၏။ ဆီစိမ်စက္ကူတစ်ချပ် ၃၅ ပြား။ မှန်ရောင်စက္ကူက တစ်ချပ် သုံးမတ် . . .။

အိမ်ရောက်တော့ ဝါးတစ်လုံးကို ခွဲစိတ်သည်။ ကော် တစ်အိုးကျို၏။ အဝတ်ဟောင်း တစ်စရှာကာ လက် တစ်လုံးလောက် အစရှည်လေးများအဖြစ် ဆွဲဆုတ်သည်။ ထို့နောက် မီးပုံးအမျိုးမျိုး ချိုးတော့သည်။ ဘီလူးမျက်ကွင်း၊ ကြယ်ပုံ စသည်ဖြင့်။ ဝါးခြမ်းတွေ တစ်ချောင်းနှင့် တစ် ချောင်း ပူးဆက်တော့ အဝတ်စ အရှည်လေးတွေကို ကော်သုတ်ပြီး ရစ်ပတ်ချည်၏။ အဖြူထည်များပြီးတော့ ဆီစိမ်စက္ကူ မှန်ရောင် စက္ကူရောင်စုံများဖြင့် အလှဆင် သည်။ စိတ်လိုလက်ရရှိလျှင် ဘီးလုံးတပ်၍ ဆွဲရသော သင်္ဘော၊ လေယာဉ်ပျံ၊ မော်တော်ကားလည်း ချိုးပေး၏။ တစ်ခါတစ်ရံ မီးလည်တွေ လုပ်ပေးသည်။ မီးလည်တွင် မာရ်နတ် တိုက်ခိုက်ခန်း၊ အင်္ဂုလိမာလချွတ်ခန်း၊ ကပိလဝတ် ပြည်သို့ ဒေသစာရီ ကြွချီခန်း စသည်တို့ဖြင့်လည်း ရေးဆွဲ ပူဇော်သည်။ အခု အဘိုးမရှိတော့။ အရင်နှစ်တွေတုန်းက တော့ သီတင်းကျွတ်မှာ တရုတ်မီးလုံးတွဲလေးတွေ ချိတ်ဆွဲ ပူဇော်ခဲ့ရ၏။ သူကလည်း တစ်နှစ်ပဲခံသည်။

ငယ်ငယ်ကတော့ သီတင်းကျွတ်လဆန်း ၁၃ ရက်နေ့ ကတည်းက ညစဉ် မီးလမ်းလျှောက်ဆိုကာ လည်ပတ်ကြ သည်။ အိမ်ပေါက်စေ့ ထွန်းညှိသော မီးပုံးအဆန်းအပြား များ၊ အမျိုးအစားအစုံအလင်ကို တအံ့တဩ လှည့်ပတ် ကြည့်ရ၏။ မန္တလေးတွင် သီတင်းကျွတ်လဆန်း ၁၄ ရက်မှ စ၍ လပြည့်နေ့နှင့် လပြည့်ကျော် ၁ ရက်နေ့အထိ မီးပူဇော်ကြသည်။

တာဝတိံသာမှ ဆင်းသက်ကြွရောက်လာသည့် ဘုရားရှင်ကိုရည်မှန်းပြီး ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းသဖွယ်လည်း မီးစောင်းတန်းများ ထွန်းညှိကြသည်။ ဘုရားပွဲတော်ကြီးများလည်း သီတင်းကျွတ်အခါသမယနှင့် တိုက်ဆိုင် ကျင်းပကြ၍ ဘုရားပွဲနှင့် စပ်ဆိုင်သော ရပ်ကွက်များကလည်း မီးရောင်စုံထွန်းညှိကာ ဆင်နွှဲကြသည်။

ဖယောင်းတိုင် ထည့်ထွန်းသော “မီးလည်” များ

ရှေးကတော့ သီတင်းကျွတ်ဘုရားပွဲတော်အမီ မီးပုံးချိုး ကြ၏။ မီးပုံးတွေကို အိမ်မှာ ကိုယ့်ဘာသာ ချိုးကြခြင်းဖြစ် သည်။ “ ဘီလူးမမျက်ကွင်း ” ဟုခေါ်သော ခြောက်မြှောင့် မီးပုံးများ အများဆုံး ချိုးကြ၏။ ပြီးတော့ မီးကြာခွက်တွေ လည်း ကြိုပြီးပြုလုပ်ကြသည်။ မီးကြာခွက်ဆိုသည်မှာ ဆီစိမ်စက္ကူကို ကြာဖူးကြာဖက်ပုံစံ ကိုက်ညှပ်ပြီး အညာ ဖျင်ကြမ်း လက်သုတ်ပုဝါကြားညှပ်၊ လက်ဖနောင့်နှင့် ဖိတွန်းပြီး ကြာဖက်လေးကဲ့သို့ ခုံး၍ တွန့်အောင် ပြုလုပ် ရသည်။ ဆီမီးခွက်နှုတ်ခမ်းမှာ ထိုကြာဖက်လေးများ အထပ် ထပ်ကပ်ပြီး ဆီမီးပူဇော်ကြသည်။ အများစုက ဆီမီး ကြာခွက်များ၊ ဖယောင်းတိုင်နှင့် ထည့်ထွန်းသော စက္ကူ မီးပုံးများ ချိုးပြီး ပူဇော်ထွန်းညှိကြခြင်း ဓလေ့ဖြစ်သည်။ ထို့ပြင် ဖယောင်းတိုင် ထည့်ထွန်းသော “ မီးလည်” များ လည်း ပြုလုပ်ကြသည်။ မီးလည်ဆိုသည်မှာ အပေါ်က ဒလက်ကဲ့သို့ ၊ ပန်ကာရွက်ကဲ့သို့ ဂျပ်နှင့် အဝိုင်းပြုလုပ်ပြီး အောက်တွင် “ဆလင်ဒါပြောင်းရှည်”ပုံစံဖြစ်သည်။ ဆလင်ဒါ ပတ်ပတ်လည်တွင် အရုပ်များရေးဆွဲကြ၏။ ထို ဆလင်ဒါထဲ မီးထည့်ထွန်းလျှင် အပူဓာတ်က အပေါ်သို့ တက်ကာ ပန်ကာဒလက် ကဲ့သို့ အပေါက်မှ တိုးထွက်ပြီး ဆလင်ဒါကို လည်စေသည်။ ဆလင်ဒါပေါ် ဆွဲကြသည့် ပုံများမှာ ရာမ လက္ခဏတို့ သမင်လေးများကို လိုက်တမ်း ပြေးတမ်းကစားသည့်ပုံ၊ အင်္ဂုလိမာလချွတ်ခန်းပုံ၊ မာရ်နတ် ဖျက်ဆီးခန်းပုံ၊ သုဝဏ္ဏသာမလေးပစ်ခန်းတို့ကဲ့သို့ ဇာတ်တော်များလည်း ရေးဆွဲကြသည်။

 

ဂေဇက်ရ ဘုရားပွဲတော်

မန္တလေးတွင် သီတင်းကျွတ်ပွဲတော်နှင့် တစ်ဆက်တည်း ဘုရားပွဲတော်များ စတင်သည်နှင့် အငြိမ့်တွေ ဇာတ်တွေက လည်း ကပြကြရမည့် “သေတ္တာဖွင့်ပွဲ ” အတွက် ကြိုတင် ပြင်ဆင်ကြသည်။ မန္တလေးတွင် မြို့ မတည်မီကတည်းက တည်ရှိခဲ့သော ဘုရား၊ စေတီကြီးများ၊ ဥပမာ မဟာမုနိ၊ ဘုရားသုံးဆူ၊ အိမ်တော်ရာ၊ ရွှေကျီးမြင်၊ အရိပ်မထွက်၊ ဘုရားနီ၊ ချမ်းသာရ စသည့်အပြင် မန္တလေးမြို့နှင့် အတူ တည်သော ဘုရားစေတီတော်ကြီးများ၊ ဥပမာ ကျောက်တော်ကြီး၊ စန္ဒာမုနိ၊ မဟာလောကမာရဇိန် ကုသိုလ်တော်၊ သကျသီဟ ...စသည်တို့၏ ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီးများကို သတ်မှတ်ထားသည့် ရက်များ တွင် ကျင်းပသည့်ပွဲတော်ကြီးများမို့ “ ဂေဇက်ရ ဘုရား ပွဲတော်များ” ဟု ခေါ်ဆိုကြ၏။

ထို့ပြင် ရပ်ကွက်ဓမ္မာရုံ အသီးသီး၏ ဘုရားပွဲတော်များ မှာလည်း သီတင်းကျွတ် လဆန်းသည်နှင့် ကျင်းပကြရာ မလွန်ကြက်သွန်တန်း ဓမ္မာရုံဘုရားပွဲ၊ တရုတ်တန်း ရှေ့တော်ပြေးဝင်း ဓမ္မာရုံဘုရားပွဲများ၊ ပြီးနောက် “ဂေဇက်ရ” ဘုရားပွဲတော်အဖြစ် သီတင်းကျွတ်လဆန်း ၁၀ ရက် ၁၁ ရက်နေ့များတွင် မြို့လယ် ၈၂လမ်း၊ ၂၉ လမ်းနှင့် လမ်း ၃၀ ကြားရှိ ဘုရားသုံးဆူ ဘုရားပွဲတော်ကို စတင်ကျင်းပ သည်။

 

သီတင်းကျွတ်အကြိုအဖြစ်

ထိုသို့ မလွန်ကြက်သွန်တန်း ဓမ္မာရုံပွဲ၊ ရှေ့တော်ပြေးဝင်းဓမ္မာရုံပွဲနှင့် ဘုရားသုံးဆူပွဲတော်များမှစ၍ သီတင်းကျွတ်အကြိုအဖြစ် ဘုရားပွဲတော်ဂေါစရဂမ် ရပ်ကွက်ရှိ အိမ်အသီးသီးက မီးရောင်စုံများထွန်းညှိကြ၏။ အဆိုပါဘုရားပွဲတော်များတွင် မန္တလေးမှ ဇာတ်၊ အငြိမ့်၊ တီးဝိုင်းများသာမက စည်တော်ကြီးအဖွဲ့များပါ စတင် ကပြတီးမှုတ်ဖျော်ဖြေကြသည်။ ထို့နောက် သီတင်းကျွတ် လဆန်း ၁၁ ရက် ၁၂ ရက်နေ့များတွင် ဈေးချိုတော် အနောက်ဘက်ရှိ မဟာလောကရံသီအိမ်တော်ရာဘုရားပွဲ၊ သီတင်းကျွတ်လဆန်း ၁၃ ရက်၊ ၁၄ ရက်များတွင်

 

အောင်နန်းရိပ်သာရပ်ရှိ မဟာသကျသီဟဘုရားပွဲ၊ အဆိုပါ သီတင်းကျွတ်လဆန်း ၁၃၊ ၁၄ ရက်များတွင် မင်းတဲ အီကင်းရပ်ရှိ ရတနာမဉ္စူဘုရားပွဲ၊ သီတင်းကျွတ်လဆန်း ၇ရက်နေ့မှ သီတင်းကျွတ်လပြည့်ကျော် ၂ ရက်အထိ ကျင်းပသော ကျောက်တော်ကြီး၊ မဟာလောကမာရဇိန် ကုသိုလ်တော်နှင့် စန္ဒာမုနိဘုရားပွဲတော်ကြီးများ ဆက်တိုက်ကျင်းပကြသည်။

 

မီးလမ်းလျှောက်

 

သီတင်းကျွတ်ပွဲတော် အခါသမယသည် မန္တလေး၏ အထင်ကရဘုရားပွဲတော်ကြီးများ ကျင်းပသည့်အချိန်မို့ တစ်မြို့လုံး မီးရောင်စုံထိန်ထိန်ညီးဖြင့် စည်ကားသော် လည်း ယခင်က ဗြောက်ဖောက်၍ ကာယိန္ဒြေပျက်စေမှုမျိုး အလျှင်းမရှိခဲ့ပေ။ ဘုရားပွဲတော်ကြီးများနှင့်အပြိုင် ဈေးချို ဝါးတန်းရပ်၊ မြို့လယ်ရသာတန်းရပ်၊ မြောက်ပြင် ထားဝယ် ရပ်၊ အရှေ့ပြင် အောင်တော်မူရပ် စသည်ဖြင့် မီးထွန်း ပွဲတော်ကြီးများ စည်ကားစွာကျင်းပ၍ တစ်မြို့လုံးက “မီးလမ်းလျှောက်” ဟူသော ခေါ်ဝေါ်မှုဖြင့် ခြေကျင် တစ်မျိုး၊ စက်ဘီးများဖြင့် တစ်သွယ် မိသားစုနှင့်ပျော်ရွှင်စွာ သွားလာကြ၏။

သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် ဘုရားပွဲတော် များတွင် သက်ဆိုင်ရာရပ်ကွက်ခံများက လာသမျှ အယုတ် အလတ် အမြတ်မရွေး ဧည့်ခံကျွေးမွေးကြသည့် အစဉ် အလာရှိပုံကိုလည်း “မန္တလေးကဘုရားပွဲတော်တွေမှာ ကြာဆံဟင်း ကျွေးမွေးတာမျိုးရှိတယ်။ မန္တလေးဒေသ ထွက် ဆနွင်းမကင်း၊ ထိုးမုန့်၊ မာစကပ်၊ ခနုံထုပ်၊ မုန့်လုံး ကြီး ဆီစိမ်စတာတွေလည်း ကျွေးတယ်။ ဘာပဲကျွေးကျွေး မပါမဖြစ်က ဆီးဖြူသီး၊ စောင်းလျားသီး ဆားရည်စိမ်နဲ့ ငါးပိကြော်နဲ့လက်ဖက်အကြော်စုံပါပဲ၊ အိမ်ပေါက်စေ့ ဝင်စားလို့ရပါတယ် ” ဟု ဈေးချိုသူတစ်ဦးက ပြောပြသည်။

 

ဒီနှစ် သီတင်းကျွတ်မှာတော့ ဘုရားပွဲတော်တွေ ပွဲလမ်း သဘင်နှင့် ခင်းကျင်းမပူဇော်နိုင်တော့ပေ။ အိမ်မှာပင် ရောင်စုံဆီမီး ထွန်းညှိကာ ဘုရားရှင်အား ရည်မှန်းပူဇော် ကြရမည်။ ရောဂါကပ်ဘေးကြီး ကင်းပစင်ကြယ်ပြီး ပြည်သူလိုလားသည့် ငြိမ်းချမ်းရွှေပြည်သစ်ဆီသို့

လျှောက်လှမ်းနိုင်မည့်လမ်းကြောင်း ဖြောင့်ဖြူးစေရေး ဆုတောင်းကြရမည်။ သားရွှေအိုးထမ်းလာတာ မြင်တွေ့ ရကိန်း မလွဲဧကန် မြင်တွေ့ရစေလို။ ။