
ကလေး ဩဂုတ် ၁၅
ကမ္ဘာ့ဗုဒ္ဓသာသနာပြု သီတဂူဆရာတော်ကြီး အရှင်ဉာဏိဿရ၏ ဩဝါဒအရ စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့နယ်အတွင်း မှီတင်းနေထိုင်ကြ သော ပြည်သူအများ ကိုဗစ်- ၁၉ ကာလအတွင်း အောက်ဆီဂျင်လိုအပ်ချက်များအား တစ်ထောင့် တစ်နေရာမှ အထောက်အပံ့ဖြစ်စေရန် ရည်ရွယ် ချက်ဖြင့် တည်ဆောက်မည့် အောက်ဆီဂျင်စက်ကြီး သည် စက်ရုံတည်ထားမည့် ကလေးမြို့ သီတဂူ အာရောဂျဒါန ဆေးရုံတော်ကြီးအတွင်းသို့ ယမန်နေ့ က ရောက်ရှိကြောင်း သိရသည်။
ကလေးမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာလ အတွင်း ပြည်သူအများ အဓိကလိုအပ်လျက်ရှိသော အောက်ဆီဂျင်ကို ဒေသအတွင်း ဖြည့်တင်းပေးနိုင်ရေး ရည်ရွယ်ချက်ဖြင့် အောက်ဆီဂျင်ထုတ်စက် တည် ဆောက်နိုင်ရန်အတွက် သီတဂူဆရာတော်ဘုရားကြီး က ဦးဆောင်မတည်ပြီး ပြည်တွင်း၊ ပြည်ပမှ စေတနာ ရှင်အလှူရှင်များ စုပေါင်းလှူဒါန်းမှုဖြင့် တရုတ်နိုင်ငံမှ မှာယူတင်သွင်းခဲ့သည့် အောက်ဆီဂျင် စက်ကြီးသည် မူဆယ်မြို့ ၁၀၅ မိုင်ဂိတ်သို့ ဩဂုတ် ၁၀ ရက်က ရောက်ရှိပြီး မော်တော်ယာဉ်ဖြင့် ဆက်လက် သယ်ဆောင်လာရာ ဩဂုတ် ၁၄ နံနက်ပိုင်းတွင် ကလေးမြို့ သီတဂူအာရောဂျဒါန ဆေးရုံတော်ကြီး ဝင်းအတွင်းသို့ ရောက်ရှိခဲ့သည်။
ထိုသို့ရောက်ရှိလာမှုနှင့် မော်တော်ယာဉ်ပေါ်မှ စက်ရုံအဆောက်အအုံအတွင်းသို့ စက်ပစ္စည်းများ သယ်ချနေမှုများကို ကလေးမြို့ သီတဂူအာရောဂျ ဒါနဆေးရုံတော်ကြီး၏ နာယက ဩဝါဒါစရိယ ဆရာတော် မြို့နယ်သံဃနာယကဥက္ကဋ္ဌ မဟာသန္တာရုံ ဆရာတော် ဘဒ္ဒန္တပုညသေဋ္ဌ၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ကလေး) မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သန့်စင်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာထွန်း၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များနှင့် သီတဂူအာရောဂျဒါန ဆေးရုံကြီး အကျိုးတော်ဆောင် အလုပ်အမှုဆောင်များက ကြည့်ရှုစစ်ဆေးကြပြီး စက်ရုံအမြန်ဆုံး စတင် လည်ပတ်နိုင်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သိရ သည်။
ယခုရောက်ရှိလာသည့် အောက်ဆီဂျင်စက်ကြီး သည် ကာလတန်ဖိုးအားဖြင့် ငွေကျပ်သိန်း ၉၈၀ ကျော် ကျသင့်ကာ သီတဂူဆရာတော်ကြီးက ဦးဆောင်မတည်ငွေကျပ်သိန်း ၆၀၀ ကျော်နှင့် ပြည်တွင်း၊ ပြည်ပမှ စေတနာရှင် အလှူရှင်များ စုပေါင်းလှူဒါန်းမှုဖြင့် ဝယ်ယူခြင်းဖြစ်ပြီး တပ်ဆင် ပြီးစီး၍ လုပ်ငန်းများ စတင်လည်ပတ်နိုင်ပါက တစ်ရက်လျှင် အောက်ဆီဂျင်လီတာ ၄၀ ဆံ့ အိုး ၂၀၀ ခန့် ထုတ်လုပ်ပေးနိုင်မည်ဖြစ်သဖြင့် ပြည်သူ များ အောက်ဆီဂျင် လိုအပ်ချက်များအား ဖြည့်ဆည်း ပေးနိုင်ရန် မကြာမီရက်ပိုင်းအတွင်း စက်စတင် လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သန်းထိုက်အောင်
(ပြန်/ဆက်)