
ကိုလံဘို ဇူလိုင် ၁၅
သီရိလင်္ကာနိုင်ငံသမ္မတ ဂိုတာဘာရာ ရာဂျာပက်ခ်ဆာ ရာထူးမှ နုတ်ထွက်သွားပြီးနောက် ဝန်ကြီး ချုပ် ရာနီဝစ်ကရီမီ ဆင်ဂေးက ယာယီသမ္မတအဖြစ် တာဝန်ထမ်းဆောင်ရန် ဇူလိုင် ၁၅ ရက်တွင် တရားသူကြီး ချုပ်ရှေ့၌ ကျမ်းသစ္စာကျိန်ဆိုကြောင်း ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်လိုက်သည်။
ယနေ့နံနက်ပိုင်းတွင် သမ္မတ ရာဂျာပက်ခ်ဆာထံမှ နုတ်ထွက်စာ လက်ခံရရှိချိန်မှစ၍ ၎င်း၏ ရာထူး နှင့်တာဝန်များ တရားဝင် ပြီးဆုံးသွားပြီ ဖြစ်ကြောင်း သီရိလင်္ကာ လွှတ်တော် ဥက္ကဋ္ဌ မဟင်ဒါရာပါ အာဘေး ဝါဒီနာက ပြောကြားသည်။
လက်ရှိ အခြေအနေအရ သမ္မတအသစ် ခန့်အပ်နိုင်ရေး ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လုပ်ထုံး လုပ်နည်းများအရ ဆက်လက်ဆောင်ရွက်သွား မည် ဖြစ်ပြီး အဆိုပါလုပ်ငန်းစဉ်များ မပြီးမချင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဝန်ကြီးချုပ်က ယာယီ သမ္မတအဖြစ် သမ္မတရုံး၏ တာဝန် များနှင့် လုပ်ပိုင်ခွင့်များကို ကြီးကြပ်ကွပ်ကဲသွားမည် ဖြစ် ကြောင်း၊ ဇူလိုင် ၁၆ ရက် တွင် လွှတ်တော်အစည်းအဝေး ခေါ်ယူ ကျင်းပသွားမည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် အားလုံး အစည်းအဝေး တက်ရောက်ရန် တောင်းဆိုထားကြောင်းလွှတ်တော် ဥက္ကဋ္ဌက သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားသည်။
သီရိလင်္ကာ နိုင်ငံသားများ အတွက် ငြိမ်းချမ်းသော ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရန် သမ္မတအသစ် ရွေးချယ် တင်မြှောက်ခြင်းဆိုင်ရာ ဒီမိုကရေစီ လုပ်ငန်းစဉ်ကို ပါတီခေါင်းဆောင် များ၊ ပြည်နယ်အရာရှိများနှင့် လုံခြုံရေးတပ်ဖွဲ့များမှ အစွမ်းကုန် ပူးပေါင်း ဆောင်ရွက်ကြရန် အတွက်လည်း ၎င်းက တောင်းဆို လိုက်ပြီး ခုနစ်ရက်အတွင်း သမ္မတအသစ် ရွေးချယ်ရေး လုပ်ငန်းစဉ်ကို အပြီးသတ် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ထား ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ပြောကြားသည်။ သီရိလင်္ကာ နိုင်ငံသည် လအတော်ကြာ ပြင်းထန်သော စီးပွားရေး မတည်ငြိမ်မှုများ ကြုံတွေ့နေရပြီး အစားအစာ၊ သဘာဝဓာတ်ငွေ့နှင့် လောင်စာဆီကဲ့သို့သော အခြေခံ အထောက်အပံ့များ ပြတ်လပ်မှုကို ရင်ဆိုင်နေရသည်။
ဆင်ဟွာ