
ကိုလံဘို ဇူလိုင် ၁၃
ပြင်းထန်သော ဆန္ဒပြမှုများ ဖြစ်စေခဲ့သည်အထိ ဆိုးရွားသော စီးပွားပျက်ကပ် ဖြစ်ပေါ်နေချိန် တွင် သမ္မတ ဂိုတာဘာရာ ရာဂျာ ပါ့ခ်ဆာ မော်လ်ဒိုက်နိုင်ငံသို့ ထွက်ခွာသွားပြီးနောက် သီရိလင်္ကာ နိုင်ငံတွင် ဇူလိုင် ၁၃ ရက်က နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာခဲ့ကြောင်း ဝန်ကြီးချုပ် ရုံးက ပြောကြားလိုက်သည်။
သီရိလင်္ကာ ရဲတပ်ဖွဲ့သည် မြို့တော်ကိုလံဘို အပါအဝင် အနောက်ပိုင်း ပြည်နယ်တွင် ည မထွက်ရအမိန့် ထုတ်ပြန်လိုက် ပြီဖြစ်သည်။
သမ္မတ ရာဂျာပါ့ခ်ဆာသည် ဇူလိုင် ၁၃ ရက် နံနက်ပိုင်းက ၎င်း၏ဇနီးသည်နှင့်အတူ လုံခြုံရေး တာဝန်ရှိသူ နှစ်ဦးခြံရံလျက် စစ်ဘက်ဆိုင်ရာ လေယာဉ်ဖြင့် မော်လ်ဒိုက်နိုင်ငံသို့ ထွက်ခွာ သွားပြီဖြစ်ကြောင်း သီရိလင်္ကာ လေတပ်က ပြောသည်။
သမ္မတရာထူးမှ နုတ်ထွက် ကြောင်း မကြေညာခင် သီရိလင်္ကာ သမ္မတသည် နိုင်ငံမှ ထွက်ခွာ သွားခြင်းဖြစ်သည်။
သီရိလင်္ကာနိုင်ငံရှိ နိုင်ငံရေး ပါတီ ခေါင်းဆောင်များသည် လွှတ်တော်တွင် မဲခွဲဆုံးဖြတ် ပြီး ဇူလိုင် ၂၀ ရက်ထက် နောက်မကျဘဲ သမ္မတသစ် ရွေးချယ်ရန် ဆုံးဖြတ်ခဲ့ကြ ကြောင်း လွှတ်တော်ဥက္ကဋ္ဌ မဟင်ဒါ ယာပါ အဘီဝါဒီနာက ပြောသည်။
သို့သော်လည်း အာဏာ အပြောင်းအလဲသည် လက်ရှိ ဖြစ်ပွားနေသည့် တိုင်းပြည် အခြေအနေကို ထိန်းချုပ်နိုင် မည်လားဆိုသည့် ကိစ္စနှင့် ပတ်သက်ပြီး မသေချာကြောင်း လေ့လာသူများက ပြောသည်။
ပြီးခဲ့သည့် နှစ်ကုန်တွင် သီရိလင်္ကာ ဗဟိုဘဏ်သည် ပြည်ပကြွေးမြီ အမေရိကန် ဒေါ်လာ ၅၀ ဘီလီယံကျော် ရှိကြောင်း ထုတ်ပြန်ကြေညာ ထားသည်။
ဆင်ဟွာ၊ အင်န်အိတ်ချ်ကေ