သီရိလင်္ကာသမ္မတ ရာဂျာပါ့ခ်ဆာ ဇူလိုင် ၁၃ ရက်တွင် ရာထူးမှ နုတ်ထွက်မည်ဟုဆို

 

ကိုလံဘို    ဇူလိုင်    ၁၀


သီရိလင်္ကာသမ္မတ ဂိုတာဘာယာ ရာဂျာပါ့ခ်ဆာသည် ၎င်းအနေဖြင့်  ဇူလိုင် ၁၃ ရက်တွင် ရာထူးမှ နုတ်ထွက်မည်ဖြစ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌ မာဟင်ဒါ ယာပါ အဘီဝါဒီနာထံသို့ ဇူလိုင် ၉ ရက်က အကြောင်း ကြားခဲ့ကြောင်း   ဆင်ဟွာသတင်းတစ်ရပ်၏  ဖော်ပြချက်အရ သိရ သည်။ 

 


နိုင်ငံရေးပါတီခေါင်းဆောင်များ၏ တောင်းဆိုချက်အရ သမ္မတ  ရာဂျာပါ့ခ်ဆာသည် သမ္မတရာထူးမှ နုတ်ထွက်မည့် ၎င်း၏ဆုံးဖြတ်ချက် ကို ပြောကြားခဲ့ကြောင်း လွှတ်တော်ဥက္ကဋ္ဌရုံးက ဆင်ဟွာသို့ပြောသည်။  ဝန်ကြီးချုပ် ရာနေးလ် ဝစ်ရီမီဆင်ဟီသည် သီရိလင်္ကာနိုင်ငံရှိ ပါတီ ခေါင်းဆောင်များက လွှတ်တော်တွင် ၎င်းနှင့် သမ္မတတို့ နှစ်ဦးအား ရာထူးမှ   နုတ်ထွက်ရန်တောင်းဆိုပြီး   နောက်တစ်ရက်အကြာတွင် နုတ်ထွက်ရန် သဘောတူခဲ့ကြောင်း သိရသည်။ 

 


သီရိလင်္ကာနိုင်ငံတွင် ဇူလိုင် ၉ ရက်က ဆန္ဒပြသူများသည် သမ္မတ နေအိမ်နှင့် ရုံးခန်းကို ဝင်ရောက်စီးနင်းခဲ့ပြီး ဝန်ကြီးချုပ်၏ နေအိမ်ကို လည်း မီးရှို့ခဲ့ကြောင်းသိရသည်။ လူဦးရေ ၂၂ သန်းရှိသော သီရိလင်္ကာ နိုင်ငံသည် စီးပွားရေးပျက်ကပ်ဆိုက်မှုနှင့် အကြီးအကျယ် ရင်ဆိုင်နေ ရပြီး  နိုင်ငံခြားငွေပြတ်လပ်မှုကြောင့်  မရှိမဖြစ်လိုအပ်သော  လောင်စာ ဆီ တင်သွင်းမှုနှင့်  အခြားအရေးကြီးလိုအပ်သောပစ္စည်းများအတွက် ပေးချေရန် အခက်တွေ့နေကြောင်း သိရသည်။   

 


သီရိလင်္ကာနိုင်ငံသည် ၂၀၂၆ ခုနှစ်အထိ ပေးချေရမည့် ပြည်ပ ကြွေးမြီ အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံခန့် မှ ယခုနှစ်တွင် ပေးချေရ မည့်   အမေရိကန်ဒေါ်လာ   ခုနစ်ဘီလီယံကို     ဆိုင်းငံ့ထားမည်ဟု ဧပြီလတွင် ထုတ်ပြန်ကြေညာခဲ့သည်။ သီရိလင်္ကာနိုင်ငံတွင် နိုင်ငံခြား ကြွေးမြီစုစုပေါင်း အမေရိကန်ဒေါ်လာ ၅၁ ဘီလီယံရှိကြောင်း သိရ သည်။                             

ဆင်ဟွာ