
သီရိလင်္ကာနိုင်ငံသည် ကမ္ဘာပေါ်တွင် အုန်းသီးမှထွက်ရှိသည့် ထုတ်ကုန်များကို စတုတ္ထမြောက် အများဆုံးတင်ပို့သည့်နိုင်ငံ ဖြစ်ပြီး ကမ္ဘာ့ဈေးကွက်သို့ အုန်းသီးအခြေခံတန်ဖိုးမြှင့်ထုတ်ကုန်များကို ထုတ်လုပ် တင်ပို့သည်။
နေ့စဉ်စားသောက်သည့် စားသောက် ကုန်များတွင် အဓိကပါဝင်ပစ္စည်းဖြစ်သော ကြောင့် ထွက်ရှိမှု၏ သုံးပုံနှစ်ပုံနီးပါးကို ပြည်တွင်း၌စားသုံးကြပြီး ကျန်သည်ကို တန်ဖိုးမြှင့်ပါဝင်ပစ္စည်းများ၊ အစားအစာနှင့် အဖျော်ယမကာများ၊ အိမ်သုံးနှင့် စက်မှု လုပ်ငန်းသုံးကုန်ပစ္စည်းများအဖြစ် တင်ပို့ လျက်ရှိသည်။
သီရိလင်္ကာနိုင်ငံ၏ လက်ရှိ အုန်းသီး လိုအပ်ချက်အရ အုန်းသီးအခြေခံကုန်ပစ္စည်း ထုတ်လုပ်သည့် စက်ရုံများသည် အုန်းသီး အလုံးရေ ၄ ဘီလီယံခန့် လိုအပ်သော်လည်း ၂ ဒသမ ၈ ဘီလီယံမှ ၃ ဘီလီယံအတွင်းသာ ထုတ်လုပ်နိုင်ကြသည်။ နိုင်ငံ၏ အုန်းသီး သုတေသနဌာနအဆိုအရ အဆိုပါကဏ္ဍ သည် လူဦးရေ ၇၀၀၀၀၀ အတွက် အလုပ်အကိုင်များပံ့ပိုးပေးနိုင်ပြီး အခြားသော လူဦးရေ ၁၃၅၀၀၀ ခန့်ကိုလည်း သွယ်ဝိုက် သောအားဖြင့် အလုပ်အကိုင်များ ပံ့ပိုးပေး လျက်ရှိကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ်တွင် သီရိလင်္ကာနိုင်ငံ၌ အုန်းစိုက်ပျိုးမြေ ဟက်တာ ၄၄၄၀၀၀ ခန့် ရှိခဲ့ပြီး ယင်းတို့အနက် ဟက်တာ ၇၂၀၀၀ ခန့်ကို ကုမ္ပဏီကြီးများက ဆောင်ရွက်ကာ ကျန်ရှိသော စိုက်ပျိုးမြေများကို အသေးစား နှင့် အလတ်စား လုပ်ငန်းရှင်ငယ်လေးများက လုပ်ကိုင်နေသည်။ အုန်းစိုက်ပျိုးသည့်မြေ၏ ၇၅ ရာခိုင်နှုန်းမှာ လုပ်ငန်းရှင်ငယ်လေးများ လုပ်ကိုင်ကြပြီး ကျန်ရှိသည့် စိုက်ပျိုးမြေ များကို ပုဂ္ဂလိကနှင့် အစိုးရကုမ္ပဏီများက စိုက်ပျိုးလုပ်ကိုင်ကြသည်။ လုပ်ငန်းရှင်ငယ် လေးများသည် နှစ်စဉ် စုစုပေါင်းအုန်းသီး ထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်း ထုတ်လုပ်ကြ သော်လည်း အဖွဲ့အစည်းအနေဖြင့် ကောင်းမွန်စွာဖွဲ့စည်းနိုင်ခြင်း မရှိသေးသည် ကို တွေ့ရသည်။
နှစ်စဉ် အုန်းစိုက်ပျိုးထွက်ရှိမှု
နှစ်စဉ် အုန်းသီးစိုက်ပျိုးထွက်ရှိမှုမှာ အလုံးရေ သန်း ၂၈၀၀ မှ ၃၀၀၀ ကြားရှိသည်။ ပြည်တွင်းစားသုံးမှုနှင့် ပြုပြင်ထုတ်လုပ် သည့် စက်ရုံများ၏ လိုအပ်ချက်နှစ်ခုလုံးကို ဖြည့်ဆည်းနိုင်ရန် သီရိလင်္ကာနိုင်ငံသည် နှစ်စဉ် အုန်းသီးအလုံးရေ သန်း ၄၀၀၀ ထုတ်လုပ်ရမည်ဖြစ်သည်။
သီရိလင်္ကာနိုင်ငံ၏ အုန်းသီးစိုက်ပျိုး ထုတ်လုပ်မှုတိုးမြှင့်ရေးအတွက် အုန်းသီး သုတေသနဌာနက ၂၀၁၆-၂၀၂၀ မဟာဗျူဟာ စီမံချက်ချမှတ်ဆောင်ရွက်ခဲ့သည်။ ထို့ပြင် အုန်းသီး ပြုပြင်ထုတ်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ကြသည့်ကုမ္ပဏီများသည် အုန်းဆံ မှုန့်ခြောက်၊ အုန်းဆံကြော်၊ အုန်းဆီ၊ အုန်းစိမ်း ဆီ၊ အုန်းနို့၊ အုန်းနှစ်၊ အုန်းထောပတ်နှင့် အုန်းမှုန့်များ ပြုလုပ်ရောင်းချလျက်ရှိသည်။
ပြည်ပတင်ပို့မှု
အုန်းဆံမှုန့်အခြောက်သည် သီရိလင်္ကာ နိုင်ငံရှိ စားသောက်ကုန်ပြုပြင်ထုတ်လုပ်သည့် လုပ်ငန်းများတွင် အရေးအကြီးဆုံးကုန်ကြမ်း ဖြစ်ပြီး ပြည်ပသို့တင်ပို့မှုတွင် သီရိလင်္ကာမှ အီးယူသို့ အုန်းဆံမှုန့်အခြောက် ဝယ်လိုအား ၏ ရှစ်ရာခိုင်နှုန်းနှင့် အုန်းစိမ်းနှင့် အုန်းသီး ခြောက် ကမ္ဘာ့ဝယ်လိုအား၏ ငါးရာခိုင်နှုန်း ကို တင်ပို့လျက်ရှိသည်။
အုန်းသီးအခြေခံ ထုတ်ကုန်ထုတ်လုပ် သည့် လုပ်ငန်းများဖြစ်သည့် အုန်းခွံနှင့် အုန်းဆံမျှင်အခြေခံ ကုန်ပစ္စည်းထုတ်လုပ် သည့် လုပ်ငန်းများ၊ အုန်းမှုတ်ခွံ မီးသွေး ပြုလုပ်ခြင်း လုပ်ငန်းများလည်းရှိသည်။ အုန်းသီးအခြေခံထုတ်ကုန်များ ထွက်ရှိရေး၊ ကုန်ကြမ်း တည်ငြိမ်စွာရရှိစေရေးအတွက် အစိုးရက နည်းလမ်းများဖော်ဆောင်လျက် ရှိသည်။
ကုန်ကြမ်းများ တည်ငြိမ်စွာရရှိစေရန် ထောက်ပံ့ရေး ကွင်းဆက်တစ်လျှောက်ရှိ အခက်အခဲများကို ဖယ်ရှားခြင်း၊ ထုတ်ကုန် အသစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် တီထွင်ဆန်းသစ် ထုတ်လုပ်နိုင်ရန်အတွက် သုတေသနနှင့်နည်းပညာများ ဖွံ့ဖြိုးတိုးတက် စေရန် မဟာဗျူဟာကျရင်းနှီးမြှုပ်နှံခြင်း၊ စဉ်ဆက်မပြတ် လုပ်ငန်းစဉ်ဆောင်ရွက်မှုများ တိုးတက်စေခြင်း၊ ထုတ်ကုန်အရည်အသွေးမြှင့်တင်ခြင်း၊ စက်ရုံ၊ စက်ပစ္စည်းနှင့် သိုလှောင် ရုံများ အဆင့်မြှင့်တင်ခြင်း၊ လုပ်ငန်း ကျွမ်းကျင်မှုတိုးတက်စေခြင်းတို့ကို ဦးစား ပေး ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရ သည်။
သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွားရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။ ခင်ရတနာ စုစည်းဖော်ပြသည်၊၊