သီပေါမြို့နယ် နမ္မတူမြစ်ပေါ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် နမ္မတူ(သီပေါ) ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ ပဋိညာဉ်စာချုပ် လက်မှတ်ရေးထိုး

 

နေပြည်တော်  ဧပြီ  ၂၉


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန  လျှပ်စစ်ဓာတ်အားစီမံရေးဦးစီးဌာနနှင့်   Natural   Current  Energy Hydropower Co., Ltd တို့အကြား ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင် သီပေါမြို့နယ် နမ္မတူ မြစ်ပေါ်တွင်  အကောင်အထည်ဖော်ဆောင်ရွက်မည့် နမ္မတူ(သီပေါ) ရေအားလျှပ်စစ်စီမံကိန်း  အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်     စီမံကိန်းဆိုင်ရာ  ပဋိညာဉ်စာချုပ် လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို  ယနေ့ မွန်းတည့် ၁၂ နာရီတွင်  လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး  အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

 


အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦး၊  ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်  ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး   ဒေါက်တာ ပွင့်ဆန်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများနှင့်     ဌာနအကြီးအကဲများ၊ Natural Current Energy Hydropower Co., Ltd မှ Managing Director    ဦးစိုင်းထွန်းထွန်းဦးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

 


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ရေအားလျှပ်စစ်စီမံကိန်းများ၊ နေရောင်ခြည်စွမ်းအင်နှင့် လေစွမ်းအင်သုံး လျှပ်စစ်စီမံကိန်းများ စသည်တို့ကို သန့်ရှင်းသော စွမ်းအင်မူဝါဒများ ချမှတ်ဆောင်ရွက် လျက်ရှိပါကြောင်း၊  နမ္မတူ(သီပေါ)   ရေအားလျှပ်စစ် စီမံကိန်းသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင်တည်ရှိ၍ စက်တပ်ဆင်အင်အား ၂၁၀ မဂ္ဂါဝပ်မှ တစ်နှစ်လျှင် ဓာတ်အား ယူနစ်ကီလိုဝပ် နာရီသန်းပေါင်း ၁၀၀၆  သန်း ထုတ်လုပ်နိုင်မည်ဖြစ်ပါကြောင်း၊ အဆိုပါစီမံကိန်းမှ ထွက်ရှိလာမည့်   လျှပ်စစ်ဓာတ်အားကို   ဓာတ်အား ပို့လွှတ်ရေးလိုင်းများမှတစ်ဆင့် ဓာတ်အားသုံးစွဲသူ များထံ ပို့ဆောင်ပေးမည်ဖြစ်သဖြင့်  အိမ်ထောင်စု များစွာကို လျှပ်စစ်ဓာတ်အား တိုးချဲ့ဖြန့်ဖြူးပေးနိုင်မည် ဖြစ်၍ National Electrification Plan အရ နိုင်ငံအတွက် ဓာတ်အားလုံလောက်စွာထုတ်လုပ်မှုကို အထောက်အကူ ရရှိစေမည့်အပြင် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု ကိုလည်း အထောက်အကူပြုစေမည်ဖြစ်ပါကြောင်း။

 


ထို့ကြောင့် Natural Current Energy Hydropower Co., Ltd. အနေဖြင့် စီမံကိန်းကို သတ်မှတ်အချိန်ကာလ အတိုင်း  ပြီးစီးနိုင်ရေး  ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းလိုပါကြောင်း၊ လူမှုပတ်ဝန်းကျင်၊ သဘာဝ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သောစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေးကိုလည်း မြှင့်တင် သွားရန် ဆန္ဒရှိပါကြောင်းနှင့် ကုမ္ပဏီများအနေဖြင့် ဒေသခံများ၏    ယဉ်ကျေးမှု၊   ဓလေ့ထုံးစံများကို လေးစားလိုက်နာပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။ 

 


ထို့နောက် Natural Current Energy Hydropower Co., Ltd မှ Managing Director ဦးစိုင်းထွန်းထွန်းဦးမှ စီမံကိန်းအကောင်အထည်ဖော်      ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 


ယင်းနောက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားစီမံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်မိမိခိုင်နှင့် Natural Current Energy Hydropower Co., Ltd မှ Managing Director ဦးစိုင်းထွန်းထွန်းဦးတို့က နမ္မတူ (သီပေါ)      ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ ပဋိညာဉ်စာချုပ်ကို လက်မှတ်ရေးထိုးကြကာ အပြန် အလှန် လဲလှယ်ကြသည်။ 

 


ယနေ့  လက်မှတ်ရေးထိုးသော  နမ္မတူ(သီပေါ)ရေအားလျှပ်စစ်စီမံကိန်းသည်       ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင် သီပေါမြို့နယ်အတွင်းရှိ နမ္မတူမြစ်ပေါ်တွင် အကောင်အထည်ဖော်တည်ဆောက် သွားမည်ဖြစ်ပြီး စက်တပ်ဆင်အင်အား ၂၁၀ မဂ္ဂါဝပ် မှ တစ်နှစ်လျှင် ဓာတ်အားယူနစ် ကီလိုဝပ်နာရီသန်းပေါင်း ၁၀၀၆ သန်း ထုတ်လုပ်ပေးနိုင်မည့် ဒေသအကျိုးပြု စီမံကိန်းတစ်ခုဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်