သီပေါ ဧပြီ ၂၆
ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ကျေးရွာသုံးရွာ၌ ပြည်နယ်အစိုးရ၏ အရေးပေါ်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် Quick Win လုပ်ငန်းဖြစ်သော ကုန်ထုတ်လမ်းနှင့် ကျေးလက်ရေရရှိရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး မြေပြင်အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျောက်မဲခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဖြူဖြူအောင်၊ သီပေါမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းဆောင်နှင့် တာဝန်ရှိသူများက ကျင်သီကျေးရွာ၌ ကုန်ထုတ်လမ်း တစ်မိုင် ဖောက်လုပ်နိုင်ရေး မြေပြင်အခြေအနေများကို တိုင်းတာစစ်ဆေးသည်။
ထို့နောက် ကွန်ကျောင်းကျေးရွာ၌ စိမ့်စမ်းရေသွယ်ယူခြင်း ၁ မိုင် ၄ ဖာလုံ လုပ်ငန်း၊ နားမုံကျေးရွာ၌ စိမ့်စမ်းရေသွယ်ယူခြင်း ၂ မိုင် ၄ ဖာလုံ လုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက လုပ်ငန်းများ အမြန်ဆုံးစတင် ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ကျေးရွာသူ၊ ကျေးရွာသားများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
မင်းမြင့်မိုရ်



