သီးနှံဈေးကွက်

1

 

ဆရာမဲဇာ
 

 

အမျိုးသားအဆင့်   အစားအသောက်အန္တရာယ် ကင်းရှင်းရေးမူဝါဒ (National Food Safety Policy)နှင့်ပတ်သက်၍ ၂၈-၄-၂၀၂၂ ရက်နေ့ မြန်မာ့အလင်း သတင်းစာတွင် “ယခုမူဝါဒကို    ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့၊ အာဆီယံအဖွဲ့တို့၏  အမျိုးသားဆင့်အစား အသောက်   ဘေးအန္တရာယ်ထိန်းချုပ်ရေးစနစ် ဆိုင်ရာ ဥပဒေသများနှင့်လည်း လိုက်လျောညီထွေ ရှိစေရန် ချမှတ်ထားခြင်းဖြစ်ကြောင်း” ဟု ဖော်ပြ ထားသည်ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်များနှင့်     လိုက်လျော ညီထွေဖြစ်အောင် ဆောင်ရွက်ရန်  ဦးတည်လျက်ရှိ ကြောင်း တွေ့နိုင်ပါသည်။

 


ထို့ပြင်  “အစားအသောက်ကြောင့်  ဖြစ်သည့် ကျန်းမာရေးဆိုးကျိုးများကို   ကာကွယ်နိုင်မည် ဖြစ်သည့်အပြင်  စိတ်ချယုံကြည်ရသည့်   အစား အသောက်ဈေးကွက်တစ်ရပ် ထူထောင်နိုင်မည် ဖြစ်ကြောင်း” ဖော်ပြထားသည်ကို   ဖတ်ရှုလျက် “သစ်သီးဈေးကွက်”တစ်ရပ်  ဖော်ထုတ်နိုင်သော် ကောင်းလေစွဟု အားရမိပါသည်။

 


သီးနှံစားသုံးသူတို့အနေဖြင့်   ယခင်နှင့်ယခု မတူသောသဘောထားမှာ “ကျန်းမာရေးအတွက် သစ်သီးစားသုံးခြင်း” ဟူသော   အချက်ပင်ဖြစ်ပါ သည်။ ယခင်က သီးနှံတို့၏အရသာကို အဓိကထား၍ စားကြသော်လည်း ယခုအခါတွင် သီးနှံများတွင်ပါ သော အရသာ၊ အာဟာရသာမက  လတ်ဆတ်မှု၊ ဘေးအန္တရာယ်ကင်းမှုတို့ကိုပါ ထည့်သွင်းတွက်ချက် ရွေးချယ်လာကြသည်။

 


ကျန်းမာရေးအကျိုးရလဒ်


ထမင်းစားပြီးလျှင်  ချိုမြိန်ဖွယ် သစ်သီးမှည့် တစ်ခုခုကို အစာပိတ်စားကြသောဓလေ့မှ ပြောင်းလဲ လျက်   သီးနှံကို   အစာမစားခင်(ထမင်းမစားခင်) ဦးစွာစားလာကြသည်ကို တွေ့ရ၏။   အထူးသဖြင့် နံနက်စာ(Breakfast)ကို  သစ်သီးများဖြင့်   စတင် စားသောက်ကြပြီး သီးနှံ၏ အရသာထက် ၎င်းတို့၏ ကျန်းမာရေးအကျိုးရလဒ်ကို မျှော်ကိုး၍ စားလာကြ ပါသည်။
“သစ်သီးများကို မချက်မပြုတ်ဘဲ အစိမ်းစားနိုင် သဖြင့် ချက်ပြုတ်ရာတွင် ပျက်စီးလွယ်သော ဗီတာ မင်ဓာတ်များ (ဥပမာ-ဗီတာမင်အေ၊ ဗီတာမင်စီ)ကို သစ်သီးများမှ အများအပြားရနိုင်ပါသည်” ဟူ၍ ကျွန်တော်တို့ပညာပေးကာ သစ်သီးများကို ကျန်းမာ ရေးတန်ဖိုးထား၍စားရန် တိုက်တွန်းခဲ့ပါသည်။

 


မရှိမဖြစ်လိုအပ်သော အမျှင်ဓာတ်


“ဟင်းသီးဟင်းရွက်၊ သစ်သီးများသည်  အမျှင် ဓာတ်များရနိုင်၍ ဝမ်းပျော့ပျော့သွားစေပြီး ဝမ်းမှန် စေပါသည်။ သို့ဖြစ်၍ အူအတွင်း ရောဂါများဖြစ်ပွား မှုကို ကာကွယ်လေသည်” ဟူ၍ သီးနှံတို့၏ ကျန်းမာ ရေးတန်ဖိုးသည် အာဟာရဓာတ်၊ သက်စောင့်ဓာတ် များ ရရှိရုံသာမက ကင်ဆာကဲ့သို့ ရောဂါကြီးများကို ပင် (အထူးသဖြင့် အစားလမ်းကြောင်းတွင် ဖြစ်ပွား သော ကင်ဆာများ) ကြိုတင်ကာကွယ်နိုင်ကြောင်း ယုံကြည်လက်ခံကြ၍  လူတို့စားသုံးရန်    မရှိမဖြစ် လိုအပ်သော အမျှင်ဓာတ်(Fibers)များကို စားသုံးရန် တိုက်တွန်းကြရခြင်းဖြစ်ပါသည်။
သို့သော်    ကျန်းမာရေးအကျိုးအမြတ်နှင့်အတူ ပြဿနာများလည်း ပူးတွဲပါလာနိုင်သည်ကို သတိ ချပ်ဖို့လိုပါ၏။ မချက်မပြုတ်ဘဲ အစိမ်းစားနိုင်သည့် သစ်သီးများတွင် ပါလာနိုင်သည့် ရောဂါပိုးများ၊ ပိုးသတ် ဆေးများ၊   ဓာတ်မြေဩဇာအကြွင်းအကျန်များ သာမက   ခေတ်မီနည်းစနစ်ဖြင့်  လှအောင်၊ ချိုအောင်၊ မြန်မြန်မှည့်အောင်ပြုလုပ်ထားသော ဓာတ်ပစ္စည်း များ၏အန္တရာယ်ကို သိရှိထားမှ ဖြစ်ပါမည်။
စားသုံးသူက သိရှိထားရုံ၊ မိမိကိုယ်ကို ကာကွယ် နိုင်ရုံနှင့်မပြီးပါ။  သစ်သီးခြံမှနေ၍    စားသုံးသူ ပါးစပ်ထဲရောက်သည်အထိ ဆက်စပ်ပတ်သက်နေ သော စနစ်တစ်ခုလုံးသည်  ကျန်းမာရေးအတွက် ဘေးအန္တရာယ်များမဖြစ်စေရန် ကာကွယ်ပေးထား ဖို့လိုပါ၏။ ဤအတွက် သီးနှံမျိုးစေ့မှစ၍ စိုက်ပျိုးပုံ၊ ဆွတ်ခူးပုံ၊ သိုလှောင်ပုံ၊ သယ်ပို့ပုံ၊ လက်ကားရောင်းချ ပုံ၊   လက်လီရောင်းချပုံအဆုံး     စားသုံးသူတို့၏ ကျန်းမာရေးအသိပညာနှင့် သတိပြုကာကွယ်နိုင်မှု တို့သည် အဆင့်တိုင်းတွင် အရေးကြီးလျက်ရှိသည်။

 


တာဝန်ခံမှု၊ တာဝန်ယူမှုအဆင့်ဆင့်မှ ဦးစားပေး အလေးထားရန်လိုအပ်လာ၏။ ခြံစိုက်တောင်သူမှ စ၍ အိမ်ရှင်မတို့အဆုံး အဆင့်ဆင့်အသိပညာရှိမှု လိုအပ်သကဲ့သို့ ကုန်သွယ်စီးပွား ကွင်းဆက်တစ်ရပ် လုံးမှ တာဝန်ရှိရှိဆောင်ရွက်ရန်  မူဝါဒနှင့် ဥပဒေ များ လိုအပ်လှပေသည်။

 


သစ်သီးများ တင်ပို့ရောင်းချရာမှ ကူးစက်ရောဂါ ဖြစ်ပေါ်ခြင်းကား ယခုအခါ ကမ္ဘာ့ပြဿနာဖြစ်လာ နေပေပြီ။ လောလောဆယ် အမေရိကန်နှင့် ကနေဒါ နိုင်ငံတို့တွင် စတော်ဘယ်ရီသီးများ စားသုံးမိရာမှ အသည်းရောင်အသားဝါ(A)ပိုး    ဝင်ရောက်ပြီး ရောဂါရနေသူများရှိလာသဖြင့်   ဈေးကွက်ထဲမှ စတော်ဘယ်ရီသီးများကို   ဖျက်ဆီးနေရပါသည်။ စတော်ဘယ်ရီသီးများမှာ        အခွံနွှာစရာမလို။ တိုက်ရိုက်စားသုံးရသည်ဖြစ်ရာ      ပိုးပါလာပါက အလွယ်တကူ ကူးစက်နိုင်သည်မှာ အမှန်ပင်။ ထို့ပြင် စားသုံးသူထံရောက်ဖို့အတွက် ခရီးစဉ်တစ်လျှောက် ရောဂါပိုးဝင်ရောက်ရန်   အခွင့်အရေးများစွာ  ရှိနေသည်။

 


အသည်းရောင်အသားဝါ (A) ပိုးသည် မစင်မှ တစ်ဆင့် ကူးစက်သည်။   ရောဂါရှိသူ၏  မစင်မှ တစ်ဆင့် ရေထဲ၊ အစာထဲဝင်ရောက်ပြီး အသည်း ရောင်ရောဂါကို ဖြစ်စေပါ၏။ သို့သော် လွန်စွာမပြင်း ထန်သဖြင့်   အချိန်တန်လျှင်  ပျောက်ကင်းနိုင်၏။ ကာကွယ်ဆေးများလည်းရှိလာပါပြီ။  လွန်ခဲ့သော နှစ်ပေါင်း ငါးဆယ်ခန့်က မြန်မာပြည်တွင် ဖြစ်ပွားခဲ့ သော အသည်းရောင်အသားဝါ (A) ပိုး ကူးစက်ပျံ့နှံ့မှု ကို သတိရစရာဖြစ်ပါသည်။  ထိုစဉ်က   အများဆုံး ကူးစက်ပျံ့နှံ့ရာနေရာမှာ မန္တလေးမြို့ ရွှေတစ်ချောင်း မြောင်း ပတ်ဝန်းကျင်တွင် ဖြစ်သည်။

 


မစင်မှတစ်ဆင့်  ကူးစက်နိုင်သော ရောဂါပိုး၊ ဗိုင်းရပ်စ်ပိုးများသည် စတော်ဘယ်ရီသီးများ စားသုံး ရာမှ ကူးစက်ခံရသည်ကို အမေရိကန်နိုင်ငံ FDA မှ သတိပေးနေရ၏။ လွန်ခဲ့သော နှစ်အနည်းငယ်ခန့် ကလည်း ဂျာမနီနိုင်ငံတွင် သခွားသီးများ စားသုံးရာ မှ   ပိုးများပါဝင်သဖြင့်     ကျောက်ကပ်ထိခိုက် ပျက်စီးမှုများ  ဖြစ်ပေါ်ခဲ့သည်။    အရှေ့ဥရောပမှ တင်သွင်းလာသော သခွားသီးများတွင် လူ့မစင်မှ ပါသော (E.coli) ဗက်တီးရီးယားပိုးများကြောင့် ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။

 


တန်ဖိုးထားစားသုံးလာ


သို့ဖြစ်၍  သီးနှံများကို    ဘေးကင်းအောင် ဆောင်ရွက်ရေးသည် လူတိုင်းကျန်းမာရေးအတွက် အထူးပင်အရေးကြီးသည်ဟု ဆိုရပေမည်။ ယခုအခါ သီးနှံများကို ရှေ့တန်းတင်၍ “မရှိမဖြစ် အာဟာရ” (Dietary Essentials) ဟူ၍ပင် ခေါ်ဆိုနေကြလေပြီ။ တစ်ချိန်က  အစားပိတ်အဖြစ်  အသုံးချရာမှ  ယခု “မရှိမဖြစ်” စားသုံးရန်  လိုအပ်သည်ဟု   ယူဆခဲ့ရာ တွင် သီးနှံများ၊ ဟင်းသီးဟင်းရွက်များတွင်   ပါဝင် သော အာဟာရဓာတ်၊ ဗီတာမင်ဓာတ်၊ အမျှင်ဓာတ် သာမက လူတိုင်းအသက်ရှင်ရေးအတွက်  လိုအပ် သော  ပရိုဘိုင်အိုးတစ်(Probiotics)များ ပါဝင်နေ ကြောင်း သိရသဖြင့် လူတိုင်းတန်ဖိုးထား စားသုံး လာကြပြီဖြစ်သည်။

 


ဤသို့ တန်ဖိုးထား စားသုံးလာကြသည်နှင့်အမျှ “သစ်သီးဈေးကွက်”သည်လည်း အထူးပင် အရေးပါ လာတော့၏။ လွန်ခဲ့သောရက်ပိုင်းက ထွက်ပေါ်လာ သော သတင်းတစ်ရပ်တွင် ထိုင်းနိုင်ငံသည် သစ်သီး များ တင်ပို့ရောင်းချ၍ တစ်နှစ်တာ၏ဝင်ငွေ ဒေါ်လာ ၆ ဒသမ ၂ ဘီလီယံကျော် ရရှိလာကြောင်း တွေ့ရ၏။  “Thailand Fruit Exports are riding the Health Trend” “ကျန်းမာရေးဦးစားပေး   လှိုင်းပေါ်စီး၍ ထိုင်းတို့သစ်သီးတင်ပို့ခြင်း” ဟူ၍ အမည်တပ်ထား လေသည်။ 

 


ထိုင်းနိုင်ငံမှ သစ်သီးများသည် ဂျပန်နိုင်ငံတွင် မျက်နှာပန်း လှနေပါ၏။ ယခင်က သရက်သီးမျှသာ ဈေးကွက်ဝင်သော်လည်း  ယခုအခါ   ထိုင်းထွက် ဒူးရင်းသီး၊ မင်းကွတ်သီး စသည့် သစ်သီးများသာမက အုန်းသီးနှင့် အုန်းရည်များပင်   ဈေးကြီးကြီးနှင့် ရောင်းချ၍ ရနေပေသည်။ သူတို့နိုင်ငံတွင် ခေတ်မီ နည်းဖြင့် စနစ်တကျ စိုက်ပျိုးထုတ်လုပ်ရောင်းချရာ၌ သစ်သီးများသည်သာမက  ဖျော်ရည်များ၊   သစ်သီး ခြောက်များ၊ တန်ဖိုးမြှင့် သစ်သီးထုတ်ကုန်များပါ ဘက်စုံပါဝင်နေလေသည်။

 


အရေးကြီးသည့်အချက်မှာ ကမ္ဘာ့ဈေးကွက်ထဲ သို့    ထိုးဖောက်ရာတွင်   “အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး” ဆိုင်ရာ စီမံခန့်ခွဲမှုများ ရေပက်မဝင်နိုင်အောင်နှင့်       လုံလုံခြုံခြုံပြည့်စုံဖို့ ကြိုးစားကြရပါမည်။    အမှန်တော့    ထိုင်းနိုင်ငံမှ တစ်ဆင့်ထွက်သော သီးနှံများထဲတွင် မြန်မာ့မြေမှာ စိုက်ပျိုးထွက်ရှိခဲ့သောသီးနှံများပါမည်မှာ အမှန်ပင်။

 


မြန်မာ့ရေမြေသဘာဝသည် သီးနှံများအတွက် သင့်တော်လှသော ရတနာမြေပင်ဖြစ်သည်။ မြန်မာ့ သစ်သီးများသည်လည်း   ဈေးကွက်ဝင်ပြီးဖြစ် သည်။ အထူးသဖြင့်     စိန်တစ်လုံးသရက်သီးကို တရုတ်၊ စင်ကာပူနှင့် မလေးရှားနိုင်ငံတို့သို့   တင်ပို့ ရောင်းချလျက်ရှိသည်။   စိန်တစ်လုံးမတိုင်မီက မြကျောက် သရက်သီးများမှာလည်း      နိုင်ငံခြား ဈေးကွက်ရှိခဲ့၏။ မြန်မာပြည်ထွက်  ဖရဲသီးများ၊ သခွားမွှေးသီးများမှာလည်း       နိုင်ငံခြားတင်ရန် မျက်နှာပန်းလှပါသည်။       ထိုသစ်သီးများကို ကျော်လွှား၍   နာမည်ထွက်လာသောသစ်သီးမှာ ထောပတ်သီးပင်ဖြစ်ပါ၏။ ဥရောပဈေးကွက်အထိ ဝင်ဆံ့နေသည်ကို တွေ့ရ၏။

 


မြန်မာ့ထောပတ်သီး၏   နိုင်ငံခြားဈေးကွက် အကြောင်း စဉ်းစားနေစဉ်မှာပင် ၅-၆-၂၀၂၂ ရက်နေ့  ထုတ် မြန်မာ့အလင်းသတင်းစာ၌ “မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေဖြင့် ထောပတ်ခြံများ၌ ပိုးမွှားစစ်တမ်း သုတေသနပြုလုပ် မည်” ဟူသော  ခေါင်းစဉ်ဖြင့်   သတင်းတစ်ပုဒ် ပါရှိလာသည်။

 


တိုင်းပြည်၏ကြိုးစားအားထုတ်မှုကို ထင်ဟပ်


“ပိုးမွှားစစ်တမ်း သုတေသနလုပ်ဆောင်သည့် အတွက် ထောပတ်သီးတွင် မည်သည့်ပိုးများပါရှိ ပြီး ယင်းဖျက်ပိုးများသည် လက်ခံနိုင်သည့်ဖျက်ပိုး ဟုတ်/မဟုတ်နှင့် မဟုတ်ပါက မည်သို့နှိမ်နင်းရ မည်ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ သုတေသနအစီအစဉ်သည် တရုတ်နိုင်ငံသို့   Export တင်ပို့ရန်အတွက်သာ   မဟုတ်ဘဲ     အခြားနိုင်ငံ ဈေးကွက်များအတွက်ပါ   အရေးကြီးကြောင်း၊ ထို့ကြောင့် ယခုအချိန်မှစ၍ နိုင်ငံတကာစံချိန်စံညွှန်း နှင့် ကိုက်ညီစေရန် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာ နိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများအသင်းတို့ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ် ကြောင်းသတင်းတွင် တိုင်းပြည်၏ကြိုးစားအားထုတ်မှု ကို ထင်ဟပ်ပြသနေသဖြင့် ဝမ်းမြောက်စရာပင်ဖြစ် သည်။

 


တစ်ချိန်က စိုက်ပျိုးရေးဆိုင်ရာ    သတင်းများ သည် ကျယ်ကျယ်ပြန့်ပြန့်မရှိဘဲ   စိတ်ဝင်စားသူ အချို့နှင့်သာ သက်ဆိုင်သော သတင်းများဖြစ်ပါ၏။ သီးနှံဈေးနှုန်းများမှာလည်း ဝယ်သူအကြိုက် (ပွဲစား အကြိုက်) ဖြစ်ခဲ့၏။     စားသုံးသူတို့အတွက်မူ ဈေးသည်ရောင်းသော ဈေးနှုန်းနှင့် သီးနှံအခြေအနေ ကို မလွှဲမရှောင်သာ လက်ခံကြရုံသာရှိပါ၏။    အထူး သဖြင့် ပြည်တွင်းသို့ တင်သွင်းလာသော သီးနှံများ၊ ကုန်စိမ်းများကို စနစ်တကျ သေသေချာချာ စစ်ဆေး ရန် အခွင့်မသာခဲ့ချေ။ နိုင်ငံခြားဈေးကွက်က မြန်မာ့ သီးနှံများကို တင်းကျပ်စွာစစ်ဆေးပြီးမှ လက်ခံကြ သော်လည်း  မြန်မာပြည်တွင်းမှ    စားသုံးသူများ အတွက် ဘေးအန္တရာယ်ကင်းရှင်းမှု (Safety) ဖြစ်စေ ရန် အဘက်ဘက်က လိုအပ်ချက်များရှိခဲ့သည်။ 
သီးနှံဈေးကွက်အကြောင်းရေးရင်းဖြင့်      သား ငယ်ငယ်က စိုးရိမ်တကြီး ဖြစ်ခဲ့ပုံကို သတိရမိ၏။

 


“ဖေဖေ၊ ဖရဲသီးစားရင် AIDS ဖြစ်သလား”
“ မဖြစ်နိုင်ပါဘူး သားရယ်၊ ကြံကြံဖန်ဖန်”
“ဖေဖေတို့ပဲ ပညာပေးခဲ့ကြတယ်လေ။ ဆေးထိုး အပ်အဟောင်းတွေကို ပြန်သုံးရင် အပ်ထဲမှာ HIV ပိုးတွေပါပြီး ကူးရင် AIDS ဖြစ်တယ်ဆို”
“ဟုတ်တယ်လေ။   မူးယစ်ဆေးအကြောထဲ ထိုးတဲ့သူတွေရဲ့ သုံးပြီးသားအပ်တွေမှာ  ပိုးတွေ ကပ်နေနိုင်လို့ပါ”
“သားသူငယ်ချင်းတွေက ပြောကြတယ်။ ဖရဲသီး တွေထဲကို ဆေးထိုးအပ်တွေနဲ့ ဘာတွေထိုးထည့်သလဲ မသိဘူး။ အပ်မသန့်လို့ ပိုးကူးရင် ဒုက္ခပဲ”
ဤသို့ သားအဖနှစ်ယောက် ဖရဲသီးနှင့် ဆေးထိုး အပ်ကိစ္စ ခေါင်းစားခဲ့ရလေသည်။ အခုနောက်ပိုင်း ဆေးစိမ်ငှက်ပျောသီးကိစ္စ၊ ဆေးတို့လိမ္မော်သီးကိစ္စ များကိုတော့ ဆွေးနွေးဖို့အချိန်ယူရဦးမည် ဖြစ်ပါ သည်။        ။