
နေပြည်တော် မတ် ၃၀
မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ၏ (၂၁) ကြိမ် မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းတွင် ကျင်းပသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဒုတိယ ဝန်ကြီး ဒေါက်တာ အောင်ကြီးက ပြည်တွင်းစားနပ် ရိက္ခာဖူလုံပိုလျှံရေးနှင့် လယ်ယာထွက် ပြည်ပပို့ကုန် ကဏ္ဍတိုးမြှင့်ရေးအတွက် ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက် သီးနှံနှင့် စက်မှုကုန်ကြမ်းသီးနှံများအပါအဝင် စီးပွား ရေးတွက်ခြေကိုက်ပြီး အရည်အသွေးကောင်းသည့် သီးနှံများ တိုးတက်စိုက်ပျိုး ထုတ်လုပ်နိုင်ရန် အရည်အသွေးပြည့်ဝသော မျိုးကောင်းမျိုးသန့်မျိုးစေ့ များ ဖူလုံစွာအသုံးပြုနိုင်ရေးအတွက် အစိုးရအပိုင်း က မျိုးသစ်ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများကို ဥပဒေများနှင့် အညီ စိစစ်ထိန်းကျောင်းခြင်းအပြင် မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ဘက်စုံကဏ္ဍစုံမှ ဆောင်ရွက် ပေးလျက်ရှိသကဲ့သို့ မျိုးစေ့ဆိုင်ရာပုဂ္ဂလိကနှင့် တောင်သူများအနေဖြင့်လည်း တည်ဆဲဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
အစည်းအဝေးသို့ မျိုးစေ့ဆိုင်ရာ အမျိုးသား ကော်မတီဝင်များ စုံညီစွာ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးတွင် ပုဂ္ဂလိကကုမ္ပဏီများက တင်ပြ လာသည့် သီးနှံမျိုးသစ် အသိအမှတ်ပြုလက်မှတ် လျှောက်ထားလာမှုများကို အတည်ပြုပေးနိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။
ကုမ္ပဏီ၊ ဌာန၊ အဖွဲ့အစည်းများ၏ တင်ပြလာ သော သီးနှံမျိုးသစ် အသိအမှတ်ပြုလက်မှတ်ရရှိရေး တင်ပြလျှောက်ထားလာမှုများကို သက်ဆိုင်ရာ ပညာရှင်အစုအဖွဲ့များက စိစစ်ပြီး သီးနှံမျိုးစေ့ဆိုင်ရာ နည်းပညာကော်မတီမှတစ်ဆင့် ထောက်ခံတင်ပြ လာသော ကိစ္စရပ်များကို မျိုးစေ့ဆိုင်ရာ အမျိုးသား ကော်မတီ (NSC) အစည်းအဝေးများတွင် ဆွေးနွေး စိစစ်ပြီး သီးနှံမျိုးသစ်အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးခဲ့ရာ အကြိမ်(၂၀)မြောက် အစည်းအဝေး အထိ သီးနှံ ၇၆ မျိုး၏ မျိုးကွဲ ၁၃၂၀ နှင့် မိဘမျိုးလိုင်း ၁၆၈ လိုင်း၊ စုစုပေါင်း ၁၄၈၈ မျိုးတို့ကို အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့ကျင်းပ သည့် (၂၁) ကြိမ်မြောက် အစည်းအဝေးတွင် သီးနှံသုံးမျိုး၏ မျိုးပြား ၁၂ မျိုးနှင့် အချက်အလက် စာရွက်စာတမ်းများ ပြည့်စုံစွာတင်ပြလာသော သီးနှံ ၁၃ မျိုး၏ မျိုးပြား ၂၈ မျိုး စုစုပေါင်း မျိုးသစ် ၄၀ တို့ကို ထပ်မံစိစစ်ပြီး မျိုးသစ်အသိအမှတ်ပြုလက်မှတ် များ ထုတ်ပေးနိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်