သြဂုတ်လမှာ စိုက်ပျိုးရေးရာ ဆောင်ရွက်စရာ

 

မြန်မာ့ရေမြေရာသီဥတုသည် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းသည့် လယ်ယာ‌မြေများတွင် အဓိကအားထားစိုက်ပျိုးသည်က စပါးနှင့် ယာသီးနှံများ ဖြစ်သည်။ မိုးဦး နှင့် မိုးလယ်ရာသီတို့တွင် စိုက်ပျိုးလေ့ရှိသည့် ယာသီးနှံများနှင့် မိုးစပါးသီးနှံတို့အတွက် သြဂုတ်လအတွင်း လုပ်ကိုင်ဆောင်ရွက်သင့်သည်များကို အသိပေး ရေးသားလိုပါသည်။
 

ဆက်လက်စိုက်ပျိုးရန်ယာသီးနှံ


ဇူလိုင်လနှင့်   နှိုင်းယှဉ်လျှင်  သြဂုတ်လတွင် မိုးရွာသွန်းမှုကောင်းမွန်နိုင်ပါသည်။ ယာသီးနှံများ ကို အဓိက  အားထားစိုက်ပျိုးလေ့ရှိသည့် မြန်မာ နိုင်ငံ အလယ်ပိုင်းဒေသများအတွက် အခွင့်ကောင်း တစ်ခုပင်ဖြစ်သည်။   ဇူလိုင်လအတွင်းက အစို ဓာတ်လုံလောက်စွာမရသဖြင့်     မည်သည့်သီးနှံ ကိုမျှ မစိုက်လိုက်ရသေးလျှင်သော်လည်းကောင်း၊ သို့မဟုတ်  စိုက်ပြီး  အပင်ပေါက်ခါစ    မိုးဖျက်၍ ပျက်စီးခဲ့လျှင်သော် လည်းကောင်း  အဆိုပါဒေသ များတွင် ပဲတီစိမ်း၊ စကမြေပဲ၊ နှမ်းလျင်၊ နေကြာ စသည့်ယာသီးနှံများကို သြဂုတ်လဆန်းတွင် အမြန် စိုက်ပျိုးရန် ဖြစ်ပါသည်။ 


မိုးလယ်သီးထပ်သီးနှံစိုက်ပျိုးရေး


ဒေသအချို့တွင် မိုးရွာသွန်းမှုပုံမှန်ဖြစ်သဖြင့် ယာသီးနှံများဖြစ်သော  နှမ်း၊  မြေပဲ၊  ပဲတီစိမ်း၊ ပြောင်းဖူး စိုက်သမျှအကုန်ကောင်းသည်။ စိုက်ချိန် ကလည်း စောခဲ့သည်။  မုတ်သုံမဝင်မီ  ရွာသွန်း သောမိုးကပင် ယာသီးနှံများအတွက် အကျိုးရှိသော မိုးများဖြစ်ခဲ့သည်။ ယခုအခါ အဆိုပါ သီးနှံများကို ရိတ်သိမ်းပြီး၊ ရိတ်သိမ်းဆဲ ဖြစ်သည်။ အလေအလွင့် နည်းပါးအောင် ရိတ်သိမ်းဆောင်ရွက်စေလိုပါသည်။


ဖော်ပြပါ    ပထမယာသီးနှံ   ရိတ်သိမ်းအပြီး ယာမြေကွက်တွင် သီးထပ်အဖြစ် ဒုတိယယာသီးနှံ ထပ်မံစိုက်ပျိုးရန် တိုက်တွန်းလိုသည်။ မိုးရာသီ တစ်ခုအတွင်း ယာသီးနှံ-ယာသီးနှံသီးနှံပုံစံ ချမှတ် ဆောင်ရွက်ရန် ဖြစ်ပါသည်။


ဒေသအလိုက် ဆောင်ရွက်နိုင်သည့် သီးနှံပုံစံ များမှာ နှမ်းလျင် - ပဲတီစိမ်းသီးနှံပုံစံ၊ နှမ်းလျင် - စကမြေပဲသီးနှံပုံစံ၊ ပဲတီစိမ်း-မြေပဲသီးနှံပုံစံ၊ ပဲတီ စိမ်း-နှမ်းလျင်သီးနှံပုံစံ၊ ပဲပုပ်-ပန်းနှမ်းသီးနှံပုံစံ၊ ပဲပုပ်-နေကြာသီးနှံပုံစံ၊ ပဲပုပ်-ဂျုံသီးနှံပုံစံ စသည် တို့ဖြစ်ပါသည်။


မိုးဦးပဲတီစိမ်းကို  အဓိက   အားထားစိုက်ပျိုး အောင်မြင်သည့် ဒေသများအတွက် ပဲတီစိမ်းအပြီး ဒုတိယသီးနှံစိုက်ဖို့ အချိန်ရသည်။ ဆက်လက်ပြီး စပ်မျိုးနေကြာသီးနှံကို  စိုက်နိုင်သည်။  ချည်မျှင် ရှည်ဝါကို စိုက်နိုင်သည်။ ပဲတီစိမ်း-စပ်မျိုးနေကြာ နှင့်  ပဲတီစိမ်း - ချည်မျှင်ရှည်ဝါ  သီးနှံပုံစံတို့ဖြင့် တစ်သီးပြီးတစ်သီး ဝင်ငွေရရှိရေး  ဆောင်ရွက်နိုင် ပါသည်။    


ဆက်လက်အကြံပြုလိုပါသည်။ စိုက်ပျိုးမည့် ဒုတိယယာသီးနှံသည် ဒေသနှင့်  သင့်လျော်ကိုက်ညီ ရန်လိုသည်။   ရေမြေအလိုက်    ဖြစ်ထွန်းသောမျိုး ဖြစ်သင့်သည်။ မည်သည့်ယာသီးနှံကို စိုက်ပျိုးသည် ဖြစ်စေ သက်လျင်အထွက်ကောင်းမျိုးကို ရွေးချယ် အသုံးပြုရန် တိုက်တွန်းလိုပါသည်။


မိုးရွာသွန်းမှုသည် ပုံမှန်မဖြစ်၊ ပျံ့နှံ့မှုမညီညာ၊ သွန်ချချင်သလို    သွန်ချ    စသည်ဖြစ်ပေါ်ပါက  လိုက်လျောညီထွေစွာ လိုအပ်သလို ချင့်ချိန်ဆောင် ရွက်ရန်ဖြစ်သည်။ မိုးများခြင်းကြောင့် စိုက်ပြီးပျက်စီး နိုင်ခြင်း၊  အပင်ပေါက်ပြီး     အပင်ခြေရေဝပ်ခြင်း၊ မြေဆီလွှာရေတိုက်စားခြင်းတို့ကို ကြိုတင်ကာကွယ် ကာ စိုက်ပျိုးသီးနှံပင်များ မပျက်စီးစေရေးဆောင်ရွက် ရန်တော့ လိုပါသည်။


မိုးစပါးသီးနှံစိုက်ပျိုးရန်


သြဂုတ်လအတွင်း မိုးစပါးသီးနှံအတွက် လုံလောက် သည့်  မိုးရေချိန်ရနိုင်ပါသည်။    အတွေ့အကြုံအရ ခန့်မှန်းခြင်းဖြစ်သည်။ မိုးများသည့်  ဒေသများနှင့် ဆည်ရေသောက်ဒေသများအတွက် ပျိုးထောင်ရေ၊ စိုက်ပျိုးရေခက်ခဲမှုမရှိသော်လည်း မိုးနည်းပါးသည့် မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွင် ယခုအချိန်အထိ ပျိုးမထောင်နိုင်မှုများ ရှိခဲ့သည်။ ထိုဒေသများသည် ပျိုးထောင်ရေ   ရလျှင်ရချင်း   အမြန်ပျိုးထောင်သင့် ပါသည်။ 
ပျိုးထောင်ဖို့၊  ကောက်စိုက်ဖို့   အခက်အခဲရှိပါ ကလည်း ယာသီးနှံ (နှမ်း၊ ပြောင်း၊ ပဲမျိုးစုံ စသည်) စိုက်ပျိုးရန်ကဲ့သို့  ထွန်ရေးပြုပြင်ပြီး  အခြောက်ထယ် ရေး အခြောက်မျိုးစေ့ချစနစ်   (Dry Direct Seeded Rice Method) သို့မဟုတ် အစိုတမန်းပြင် တိုက်ရိုက် မျိုးစေ့ချစနစ်  (Wet  Seeded  Rice  Method) သို့မဟုတ်    တစ်နည်းနည်းဖြင့်      ကြဲပက်မည်လား၊  အတန်းလိုက် မျိုးစေ့ချမည်လား  ဒေသရေမြေ၊   လူမှု စီးပွားရေးနှင့်   လုပ်သားရနိုင်မှုအခြေအနေတို့အရ စိုက်ပျိုးရန် ဖြစ်ပါသည်။  


သြဂုတ်လသည် မိုးစပါးအတွက်နောက်ကျသည် ဟု ယေဘုယျအားဖြင့် ပြောနိုင်သည်။ သို့သော် သြဂုတ် လမှာမှ မိုးမှန်မှန်ရွာတတ်သော အထက်ပိုင်းဒေသများ အတွက် ပျိုးထောင်ချိန် (တစ်နည်းအားဖြင့်)  ကြဲပက် စိုက်ချိန်ပုံမှန်လို့ ဆိုရပါမည်။ 


မိုးစပါးမစိုက်ရလျှင် တစ်နှစ်ကောမှာစိုးရသည်။ သြဂုတ်လဆန်းတွင် မဖြစ်ဖြစ်သည့်နည်းဖြင့် အမြန် စပါးမျိုးစေ့မြေကျရေး ကြိုးစားစေလိုသည်။ တိုက်ရိုက် မျိုးစေ့ချစိုက်ပျိုးသည့်စနစ်တွင် အခက်အခဲကြုံတွေ့ နိုင်သည်မှာ ပေါင်းမြက်ဖြစ်သည်။ ပေါင်းမြက်ကင်းစင် စေရေးကို အထူးဂရုပြုရန်လိုကြောင်း အသိပေးလို ပါသည်။


ပျိုးသက်ကြီးလျှင်


ဇူလိုင်လအတွင်း ပျိုးထောင်နိုင်ခဲ့ပါက ပျိုးသက် တစ်လအတွင်း  ပြောင်းရွှေ့ကောက်စိုက်ရန်  ဖြစ်ပါ သည်။ အချို့ဒေသများသည် မိုးရွာသွန်းမှုနည်းပါးမှု ကြောင့် စပါးစိုက်ခင်း ထွန်ရေးပြင်ရန်  မိုး လိုကောင်း လိုနိုင်သည်။ ရေရရှိချိန်တွင်  ပျိုးခင်းများ ပျိုးသက်ကြီး နေသည်လည်း  ဖြစ်နိုင်သည်။  ပျိုးသက်ကြီးသော် လည်းရှိပြီး ပျိုးသက်ကြီးပျိုးကိုပင် အသုံးပြုစိုက်ခြင်း က‌နောက်ကျမှ  တိုက်ရိုက်မျိုးစေ့ချခြင်းထက်   ပိုမို ကောင်းပါသည်။ ကောက်ကွက်နှင့် လက်ဆပုံမှန်ဖြင့် လည်း စိုက်နိုင်ပါသည်။ အမြန်ရွှေ့ပြောင်းကောက်စိုက် ရန်သာ လိုပါသည်။


ပျိုးသက်ကြီးပျိုးကို   အသုံးပြုစိုက်ပျိုးခြင်းဖြင့် အမြင့်ဆုံးအထွက် (Maximum Yield)ကို မမျှော်မှန်း နိုင်သော်လည်း သင့်တင့်သောအထွက် (Accptable Yield) ကိုတော့  ရနိုင်ကြောင်း  အသိပေးလိုသည်။ သို့သော် ပျိုးသက်ရက် ၆၀ ထက်ကြီးသော ပျိုးများ ကိုမူ  အသုံးမပြုသင့်ပါ။


စိုက်ပြီးစပါးခင်းများပြုစုရေး


ပျိုးထောင်ရေစောစီးစွာရရှိပြီး ဇူလိုင်လအတွင်း စိုက်ပျိုးခဲ့သော စပါးခင်းများ၊ သြဂုတ်လအတွင်း စိုက်မည့်  စပါးခင်းများအတွက်   ပြုစုဂရုစိုက်မှု လုပ်ငန်းများကို မလစ်ဟင်းစေသင့်ကြောင်း  နှိုးဆော် လိုသည်။ ကောက်ပင်လှန်သည်မှ ပင်ပိုင်းကြီးထွား သည့်ကာလ(Vegetative Phase)  တစ်လျှောက်လုံး တွင် အထူးဂရုစိုက်စေလိုပါသည်။ 


အကြောင်းမှာ   ထိုကာလသည်   အထွက် မိတ်ဖက်တစ်ခုဖြစ်သော   စပါးနှံအရေအတွက် (Panicles per unit area) များစေရေးအတွက် အရေးပါသောကာလဖြစ်၍ ဖြစ်ပါသည်။  ပေါင်း မြက်ကင်းစင်စေရေး၊ လယ်ကွက်အတွင်း  ရေမပြတ် စေရေး၊ မြေသြဇာအာဟာရမချို့တဲ့စေရေး၊ ပိုးမွှား ရောဂါကင်းစင်စေရေး လိုအပ်သလိုလုပ်ကိုင်ရမည် ဖြစ်ပါသည်။


ပျိုးအပိုထောင်ထားရေး


ရေကြီးရေလွှမ်းမှုဖြစ်ပေါ်နိုင်သည့်   လယ်မြေ များအတွက်လည်း  ကြိုတင်ပြင်ဆင်မှုလုပ်ငန်း များ  လုပ်ထားသင့်ကြောင်း    အသိပေးလိုသည်။ အကယ်၍  လိုအပ်ပါက   အဆင်သင့်ဖြစ်စေရန် ကုန်းမြင့်မြေလွတ်    ရေလွှမ်းမှုမဖြစ်ပေါ်နိုင် သည့်နေရာတွင်    ပျိုးအပို   ထောင်ထားသင့်ပါ သည်။ 


ယခင်က အောက်ပိုင်းဒေသများသာ ရေလွှမ်းမိုး မှု ဖြစ်ပေါ်သည်။ ယခုပြောလို့မရပါ။ အထက်ပိုင်း ဒေသများတွင်လည်း နေရာကွက်၍ မိုးကြီးရွာသွန်း ချပါက   ချောင်းငယ်မြောင်းငယ်များမှတစ်ဆင့် ရေကြီးရေလျှံကာ ထိခိုက်ပျက်စီးမှုများရှိသည်ကို ယခင်နှစ်များက ကြုံတွေ့ခဲ့ရကြောင်း ကြားသိရ သည်။  လိုအပ်ပါက ပြန်လည်ပျိုးထောင်စိုက်ပျိုးနိုင်ရန် စပါးမျိုးအရန် ရှိထားသင့်ပါသည်။ 


အရန်ထားရှိသည့် စပါးမျိုးသည် အလင်းရောင် တုံ့ပြန်မှုရှိသည့်  ရာသီစပါးမျိုး   မဖြစ်သင့်ပါ။ အထွက်ကောင်းမျိုးဆိုလျှင်လည်း  သက်တမ်းတို   အထွက်ကောင်းသောမျိုး ဖြစ်သင့်ပါသည်။


သြဂုတ်လသည် မိုးဦးသီးနှံများ  အပျက်အစီး မရှိရိတ်သိမ်းရေး၊ မိုးလယ်သီးနှံများ စိုက်ပျိုးရေး၊ မိုးစပါးအောင်မြင်စွာ    စိုက်ပျိုးရေးနှင့်   ရေကြီး ရေလွှမ်းမှုရှိပါက  ပြန်လည်စိုက်ပျိုးရေးတို့အတွက်  အရေးပါသောလဖြစ်ကြောင်း   အသိပေးအပ်ပါ သည်။       ။

ဆင်းသီဟ