သြဂုတ် ၂၇ ရက်ပြုလုပ်မည့် MMA ပြိုင်ပွဲတွင် မြန်မာကစားသမား ထီရယ်လ်ထန်ပွဲစဉ် ပါဝင်မည်

 

ရန်ကုန်  ဩဂုတ် ၂၅

ONE  Championship   အဖွဲ့အစည်းက  စီစဉ် ကျင်းပသည့် Battleground III အမည်ရ MMA ပြိုင်ပွဲကို သြဂုတ် ၂၇ ရက် မြန်မာစံတော်ချိန်   ည  ၇ နာရီတွင် စင်ကာပူနိုင်ငံ၌ကျင်းပသွားမည်ဖြစ်ပြီး မြန်မာကစားသမား   ထီရယ်လ်ထန်၏  တွဲဆိုင်း ပါဝင်လာမည်ဖြစ်သည်။ ထီရယ်လ်ထန်သည် ONE Championship နှင့်    လက်တွဲပြီး   လေးပွဲမြောက် ပွဲစဉ်ထိုးသတ်ရခြင်းဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံ သား ဆောင်မင်ဂျောင်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ထီရယ်လ်ထန်သည်  ONE    Championship   နှင့် လက်တွဲအပြီး ထိုးသတ်ထားသည့် သုံးပွဲစလုံး အနိုင်ရထားသူဖြစ်ပြီး ဆောင်မင်ဂျောင်မှာလည်း ပွဲ ၂၀ မြောက်ထိုးသတ်ခြင်းဖြစ်ကာ ထိုးသတ် ပြီးသည့် ၁၉ ပွဲတွင် ၁၁ ပွဲနိုင်၊ ရှစ်ပွဲရှုံးနိမ့်ထားသည်။ ထီရယ်လ်ထန်သည် ၂၀၁၉ ခုနှစ်တွင်  ONE Championship   အဖွဲ့အစည်းနှင့်    စတင် လက်တွဲခဲ့ပြီး    ၂၀၁၉ ခုနှစ်   မတ်လတွင်   ကမ္ဘောဒီးယားနိုင်ငံသား ဆာရော့သ်၊ ၂၀၁၉ ခုနှစ်  ဒီဇင်ဘာတွင် တောင်ကိုရီးယားနိုင်ငံသား ကင်မ်၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် ပေါလ်လူမီဟီတို့နှင့် ထိုးသတ်ခဲ့ရာ သုံးပွဲစလုံး အနိုင်ရရှိခဲ့သည်။


Battleground III အမည်ရ MMA ပြိုင်ပွဲတွင် အဓိကတွဲဆိုင်းအဖြစ် ဆစ်သီချိုင်း (ထိုင်း) နှင့် သာဝမ်ချိုင်း (ထိုင်း)၊ အခြားစိန်ခေါ်ပွဲများအဖြစ် ဒီဂျီဒမ်ရောင် (ထိုင်း) နှင့် ဘန်မာ (တရုတ်)၊ ဒေဟွမ်ကင်မ် (တောင်ကိုရီး ယား) နှင့် ရှီဝေ (တရုတ်)၊ ထီရယ်လ်ထန် (မြန်မာ) နှင့်  ဆောင်မင်ဂျောင် (တောင်ကိုရီးယား)၊  ပူရော့ဗ် (မွန်ဂိုလီးယား) နှင့် ဘင်ရိုလီ (အင်္ဂလန်)၊ အမျိုးသမီးတွဲဆိုင်းအဖြစ် ဘီငုယင် (ဗီယက်နမ်/အမေရိကန်) နှင့် အိုလီ ဆင်မ် (ဖိလစ်ပိုင်) တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။ ယခုပြိုင်ပွဲတွင် ကမ္ဘာ့ချန်ပီယံလုပွဲများမပါဝင်ဘဲ စိန်ခေါ်ပွဲများသာ ပြုလုပ်မည်ဖြစ်သည်။


ရဲရင့်လွင်၊ ဓာတ်ပုံ-ONE Championship