Type

မြင့်မောင်စိုး
ယခုတလော ကျွန်တော်ဖတ်မှတ်မိသော သတင်းများနှင့် ဆောင်းပါးများတွင် နေကြာဆီစားသုံးရေးနှင့် နေကြာဆီထွက်သီးနှံ များ တိုးချဲ့စိုက်ပျိုးရေးတို့အတွက် နှိုးဆော်ချက်များပင် ဖြစ်သည်။ အကြောင်းသည်ကား ပြည်ပမှတင်သွင်းနေရသော စားအုန်းဆီစျေးနှုန်းမြင့်တက်လာသည့်အတွက် ပြည်ပတင်သွင်းမှုကိုလျှော့ချ၍ ပြည်တွင်း၌နေကြာကို တိုးချဲ့စိုက်ပြီး စားသုံးသူပြည်သူများအနေဖြင့် စျေးနှုန်းလည်း သင့်တင့်မျှတ၊ ကျန်းမာရေးနှင့်လည်း ညီညွတ်သော နေကြာဆီကို စားသုံးရေးပင် ဖြစ်သည်။ အတိုဆုံးနှင့်အရှင်းဆုံးဆိုရလျှင် ဘေးဥပဒ်ဖြစ်စေနိုင်သော စားအုန်းဆီသုံးစွဲမှု တတ်နိုင်သမျှ လျှော့ချပြီး ကျန်းမာရေးနှင့်ကိုက်ညီသော နေကြာဆီကို ပိုမို သုံးစွဲကြဖို့ပင် ဖြစ်ပါသည်။
အဆိုပါ အကြောင်းအရာနှင့်ပတ်သက်လို့ ကျွန်တော့်အနေဖြင့် စိုက်ပျိုးရေးသမားလည်းမဟုတ် ၊ ဆီကုန်သည်လည်းမဟုတ်သည့် အတွက် ပြောစရာစကားများ များများစားစား မရှိပါ။ တကယ် လည်း နေကြာနှင့်ပတ်သက်လို့ ကောင်းကောင်းတတ်သိနားလည်သူမဟုတ်ပါ။ တစ်ခုတော့ ရှိသည် ၊ ငယ်ငယ်က လူကြီးသူမများ ဆီထွက်သီးနှံနှင့်ပတ်သက်၍ အချင်းချင်းဆွေးနွေးပြောဆိုသံကို ကြားဖူးသည်။ ထိုစကားသည်အခြားမဟုတ်။ ‘‘သေချာအောင် နေကြာစိုက် '' ဟူ၍ဖြစ်သည်။ ထိုစကားကို ကျွန်တော်ကြားဖူးသည် မှာနှစ်ပေါင်းကြာလှပြီ။ အနည်းဆုံး အနှစ် ၃၀ အထက် ရှိမည်။ ‘‘သေချာအောင် နေကြာစိုက် " ဟူသောစကားသည် တောင်သူလယ် သမားများအကြား အတော်လေး ကျယ်ကျယ်လောင်လောင်ပြောဆိုခဲ့ကြခြင်း ဖြစ်သည်။ မြို့နယ်များအလိုက် စိုက်ပျိုးရေးဌာနများက ဆီထွက်သီးနှံ နေကြာစိုက်ပျိုးရေးအတွက် ဆောင်ပုဒ်တစ်ခုလို ထုတ်ပြန်ပြီး ဆော်ဩတိုက်တွန်းခဲ့ခြင်း ဖြစ်သည်။
နှမ်းနှင့်မြေပဲကိုသာ စိုက်ပျိုး
အဘယ်ကြောင့် သေချာအောင် နေကြာစိုက်ခိုင်းရသနည်း။ အကြောင်း ရှိပါသည်။ မြန်မာနိုင်ငံအလယ်ပိုင်း ဆီအိုးကြီးဟု တင်စားခေါ်ဆိုရသော မကွေးတိုင်းဒေသကြီး အပါအဝင် မန္တလေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ဆီထွက်သီးနှံကို နှမ်းနှင့်မြေပဲကိုသာ စိုက်ပျိုးကြသည်။ နေကြာကို စိုက်လေ့စိုက်ထ မရှိကြ။ နှမ်းနှင့်မြေပဲကိုသာ အဓိကစိုက်ပျိုးကြသည်။ နေကြာကို စိုက်ပျိုးမှု အလွန်နည်းခဲ့သည်။ အခြားသော ဆီထွက် သီးနှံများဖြစ် သည့် ဆီမုန်ညင်း၊ ပဲပုပ်၊ ပဲပိစပ်တို့ဆိုလျှင် စိုက်ပျိုးဖို့ အတော်ဝေး လိမ့်မည်။ အဓိကအားဖြင့် နှမ်းနှင့်မြေပဲသာ ဆီထွက်သီးနှံဟု နှစ်စဉ် နှစ်တိုင်း မှတ်ယူစိုက်ပျိုးခဲ့ကြခြင်း ဖြစ်သည်။
မိုးခေါင်ဒဏ်ခံ
သို့သော် ထိုနှမ်းနှင့်မြေပဲ ဆီထွက်သီးနှံများသည် မိုးခေါင်မှု ဒဏ်ကိုမခံနိုင်။ မိုးခေါင်လွန်းအားကြီးလျှင် အပင်လေးများတွန့်လိမ် ခြောက်ကပ်ကာ သေကျေပျက်စီးကုန်ကြသည်။ အထက် အညာ ဒေသ၏ ရာသီဥတုသည် သိသည့်အတိုင်းပင် သုံးနှစ်မှတစ်နှစ် လောက်သာ မိုးကကောင်းသည်။ မိုးမမှန်သည့်အတွက် နှမ်းနှင့် မြေပဲ ဆီထွက်သီးနှံထွက်ရှိရန်လည်း မသေချာတော့ပေ။ ထို့ကြောင့် မိုးခေါင်ဒဏ်ခံနိုင်သော နေကြာကိုစိုက်ပျိုးရန် တိုက်တွန်းဆော်ဩ လာခြင်းဖြစ်သည်။ နေကြာသီးနှံသည် မိုးခေါင်ဒဏ်ခံနိုင်သော သီးနှံ အမျိုးအစားဖြစ်သည်။ မိုးခေါင်လွန်း၍ နှမ်းနှင့်မြေပဲပင်များ သေကျေကုန်သော်လည်း နေကြာပင်များသည် လွယ်လွယ်မသေဘဲ ကျန်ရစ်သည်။ ထို့ကြောင့် အချိန်တန်လျှင် အနည်းနှင့်အများ ရိတ်သိမ်းရသဖြင့် ရောင်းဖို့မရသော်လည်း စားဖို့တော့ရသည်။ နှမ်းဆီ၊ ပဲဆီမစားရသော်လည်း နေကြာဆီလေးတော့ စားရသေးသည်။
ထို့ကြောင့် သေချာအောင် နေကြာစိုက်ဟု လူကြီးသူမများက ဆိုခဲ့ခြင်း ဖြစ်သည်။ နေကြာကို မိုးဦးကာလတွင် မြေပဲခင်းများ သို့မဟုတ် နှမ်းခင်းများအကြားတွင် သီးညှပ်အဖြစ် စိုက်ပျိုး လေ့ရှိပါသည်။ မိုးကောင်းသည့်နှစ်၊ မိုးအတန်အသင့်ကောင်းသောနှစ်တို့တွင် မြေပဲမှလည်းကောင်း၊ နှမ်းမှလည်းကောင်း ဆီစား ရမည့်အပြင် နေကြာမှလည်း ဆီစားရမည်ဖြစ်ပါသည်။ ရေမြေရာသီ ဥတု အလျဉ်းသင့်သွားသော နှစ်တွင် နေကြာပင်ကြီးများသည် ဖြစ်ထွန်းကြီးထွားမှု အားကောင်းသလို နေကြာခွက်ကြီးများသည် လည်း အလွန်ကြီးမားပြီး အစေ့အဆန်သည်လည်း အောင်သည့် အတွက် ဆီထွက်နှုန်း ကောင်းပါသည်။
တစ်နှစ် နှစ်ကြိမ်စိုက်ပျိုး
နေကြာကို မိုးသီးနှံနှင့်ဆောင်းသီးနှံဟူ၍ တစ်နှစ် နှစ်ကြိမ်စိုက်ပျိုး လေ့ရှိပါသည်။ ဆောင်းသီးနှံကို များသောအားဖြင့် သီးညှပ်စိုက် မှုနည်းပြီး သူ့ချည်း သီးခြားစိုက်ပျိုးလေ့ရှိပါသည်။ မိုးနေကြာကို မိုးဦးကျအခါသမယ မေလမှ ဇွန်လများအတွင်း စိုက်ပျိုးကြပါသည်။ ဆောင်းနေကြာကိုတော့ မိုးသီးနှံများ ရိတ်သိမ်းအပြီး စက်တင်ဘာလ နှင့် အောက်တိုဘာလများအတွင်း စိုက်ပျိုးလေ့ရှိပါသည်။ ဆောင်းနေကြာသည် မိုးနေကြာကဲ့သို့ သီးညှပ်စိုက်ပျိုးမှုနည်းပြီး တစ်ခင်းလုံး နေကြာသီးသန့်စိုက်ခြင်းဖြစ်၍ အထွက်နှုန်းလည်း ကောင်းပါသည်။
အထွက်နှုန်း ထက်ဝက်ခန့်ကွာ
စိုက်ပျိုးရေး သုတေသနပညာရှင်တို့၏ လေ့လာတွေ့ရှိမှုအရ ရိုးရိုးနေကြာမျိုးထက် စပ်မျိုးနေကြာမျိုးသည် အထွက်နှုန်းကောင်းပြီး တစ်ဧက ဆီထွက်နှုန်းကောင်းကြောင်း သိရပါသည်။ ရိုးရိုးနေကြာ တစ်ဧကစိုက်လျှင် ဆီ ၆၇ ပိဿာခန့်သာ ထွက်ရှိနိုင်သော်လည်း စပ်မျိုးနေကြာ တစ်ဧကဆီထွက်နှုန်းမှာ ပိဿာ ၁၄၀ အထိထွက်ရှိ နိုင်ကြောင်းသိရပါသည်။ အထွက်နှုန်းသည် ထက်ဝက်ခန့်မျှ ကွာဟ နေသည်ကို တွေ့ရမည်ဖြစ်ပါသည်။ စပ်မျိုးနေကြာကို မဖြစ်မနေ စိုက်ပျိုးသင့်ကြောင်း တွေ့ရမည်ဖြစ်ပါသည်။ ထိုစပ်မျိုးနေကြာများမှာ ရေဆင်းစပ်မျိုး - ၁၊ မြန်မာနိုင်ငံ မျိုးစေ့ကော်မတီက အတည်ပြု ထားသော နိုင်ငံခြားစပ်မျိုးများနှင့် OPVမျိုး (မျိုးခံနိုင်သောမျိုး)ဖြစ်သည့် ဆင်းရွှေကြာ -၂ မျိုးများကို ရွေးချယ်စိုက်ပျိုးသင့်ကြောင်း အကြံပြုထားပါသည်။ ယင်းစပ်မျိုးနေကြာမျိုးများသည် အထွက် နှုန်းကောင်းသော မျိုးကောင်းမျိုးသန့် မျိုးစေ့များဖြစ်ကြောင်းသိရပါသည်။
သို့ပါ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆီထွက်သီးနှံနေကြာတိုးချဲ့စိုက်ပျိုးရေးနှင့် နေကြာဆီစားသုံးမှု ပိုမိုများပြားလာရေးတို့ အတွက် လုပ်ဆောင်နိုင်ရန်နည်းလမ်းများ လိုအပ်မည်ဖြစ်ပါသည်။ နံပါတ်( ၁ )အနေဖြင့် နေကြာစိုက်တောင်သူများ မျိုးကောင်းမျိုးသန့် စပ်မျိုးနေကြာစိုက်ပျိုးနိုင်ရန် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မျိုးစေ့များ တောင်သူများလက်ဝယ်အရောက် ဖြန့်ဖြူးပေးရန် လိုအပ်မည်ဖြစ်ပါသည်။ သို့မှသာ တောင်သူများ အခက်အခဲမရှိ စိုက်ပျိုးနိုင်မည်ဖြစ်ပါသည်။ ယခုနှစ် ဆောင်းသီးနှံ ရာသီတွင် ပဲခူးတိုင်းဒေသကြီးအတွင်း တိုင်းဒေသကြီးဝန်ကြီးချုပ်၏ အစီအစဉ်ဖြင့် နေကြာမျိုးစေ့ ၂၂၂၅ တင်း အခမဲ့ ဖြန့်ဝေပေးခဲ့ပြီး စိုက်ဧက ၅၈၃၀ ကျော် တိုးချဲ့စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရှိရပါသည်။ တောင်သူများ အမှန်တကယ် နေကြာတိုးချဲ့စိုက်ပျိုးရေးအတွက် အားပေးမှုပင် ဖြစ်ပါသည်။
နံပါတ်( ၂ )အနေဖြင့် ထွက်ရှိလာသော နေကြာသီးနှံများကို ဆီလုပ်ငန်းရှင်များ၊ ဆီစက်လုပ်ငန်းရှင်များက ဝယ်ယူကြိတ်ခွဲပြီး ပြည်တွင်းစျေးကွက်များသို့ အရောအနှောကင်းကာ နေကြာဆီစစ်စစ် ကို အသက်သာဆုံးသော စျေးနှုန်းဖြင့် ရောင်းချပေးနိုင်ရမည်ဖြစ် ပါသည်။ နေကြာဆီစစ်စစ်ကို ရောင်းချနိုင်ရန် FDA လို အဖွဲ့အစည်းက အခါမလပ် စစ်ဆေးကြပ်မတ်သင့်ပါသည်။ သို့မှသာ ဝယ်ယူစားသုံး သောပြည်သူများ နေကြာဆီ၏ ကျန်းမာရေးအကျိုးကျေးဇူးများကို လက်တွေ့ခံစားရမည် ဖြစ်ပါသည်။
ကျန်းမာရေးကျေးဇူးများ ရရှိနိုင်
နံပါတ်( ၃ )အချက်သည် ကျွန်တော်တို့ပြည်သူများဖြစ်ပါသည်။ကျွန်တော်တို့ပြည်သူများကလည်း ဘေးဥပဒ်ဖြစ်စေနိုင်သော စား အုန်းဆီကို စားသုံးမည့်အစား စျေးနှုန်းအနည်းငယ်ကွာဟစေကာမူ နေကြာဆီကို ပြောင်းလဲစားသုံးခြင်းဖြင့် ကူညီရာရောက်ပါသည်။ အမှန်တကယ်လည်း နေကြာဆီတွင် အာဟာရပညာရှင်များ၏ ဓာတ်ခွဲ စမ်းသပ်လေ့လာတွေ့ရှိမှုအရ ဗီတာမင်အီး၊ ဖောလစ်အက်စစ်၊ ဆယ်လီနီယမ်၊ မဂ္ဂနီဆီယမ်စသော ကျန်းမာရေးကို အထောက်အကူ ပြုသည့် ဒြပ်စင်များပါဝင်ကြောင်း သိရှိရပါသည်။ နေကြာဆီစားသုံး ခြင်းဖြင့် နှလုံးကျန်းမာရေးကို တိုးတက်စေခြင်း၊ အဆစ်ရောင်ရမ်းမှု ကိုလျော့ကျစေခြင်း၊ ပန်းနာရင်ကျပ်ရောဂါ၊ ကင်ဆာရောဂါတို့ကို ကာကွယ်ပေးခြင်း စသော ကျန်းမာရေးကျေးဇူးများကို ရရှိနိုင် မည်ဖြစ်ပါသည်။
ထို့ကြောင့် သေချာအောင် နေကြာစိုက်ရမည် ဖြစ်ပါသည်။ ယခင် ခေတ်ကာလက သေချာအောင် နေကြာစိုက်ခြင်းသည် မိုးခေါင်လွန်း၍ ဆီထွက်သီးနှံ မရိတ်သိမ်းလိုက်ရမည်ကို စိုးရိမ်သဖြင့် စိုက်ပျိုးခြင်း ဖြစ်ပါသည်။ ယခု သေချာအောင် နေကြာစိုက်ခြင်းသည် တိုင်းပြည် အတွင်း စားဆီဖူလုံတိုးတက်ရေးပင် ဖြစ်သည်။ နေကြာစိုက်ဧက များကို တစ်နှစ်ထက်တစ်နှစ် တိုးချဲ့စိုက်ပျိုးထုတ်လုပ်သွားမည်ဆိုလျှင် ဆီလိုအပ်ချက် အထိုက်အလျောက် ဖြည့်ဆည်းပေးနိုင်မည်ဟုယုံကြည်မိပါသည်။ ထို့ကြောင့် သေချာအောင် နေကြာစိုက်ကြပါဟူ၍ တိုက်တွန်း တင်ပြလိုက်ရပါသည်။ ။
- Log in to post comments