သစ်တောဦးစီးဌာန၏ ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်းနှင့် တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်း၏ အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်များ ထုတ်ပြန်ခြင်းအခမ်းအနားကျင်းပ

 

နေပြည်တော် မေ ၄

သစ်တောဦးစီးဌာန၏ “ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်း (၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှ ၂၀၃၅- ၂၀၃၆ ဘဏ္ဍာနှစ်အထိ)” နှင့် “တနင်္သာရီသဘာဝ ကြိုးဝိုင်းစီမံကိန်း (TNRP) ၏ ဆဋ္ဌမ လေးနှစ်တာ အုပ်ချုပ်လုပ်ကိုင်မှုစီမံချက် (OMP VI)” ထုတ်ပြန်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အင်ကြင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦးနှင့် ဦးခင်လတ်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တနင်္သာရီသဘာဝ ကြိုးဝိုင်းစီမံကိန်းနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများတက်ရောက်ပြီး တိုင်းဒေသ ကြီး/ပြည်နယ် /ခရိုင်တာဝန်ခံများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။

တရားဝင်ထုတ်ပြန်ခြင်းဖြစ်

ဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦးက “မြန်မာနိုင်ငံ၏ အဖိုးမဖြတ်နိုင်သော သစ်တောသယံဇာတနှင့် ဇီဝမျိုးစုံမျိုးကွဲများကို ရေရှည်စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်ရန်ရည်ရွယ်၍ ၁၉၉၆-၁၉၉၇ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ ပထမနှစ် ၃၀ ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်းများကို ၁၀ နှစ်တစ်ကြိမ် အဆင့်ဆင့် ပြန်လည်ပြင်ဆင် ရေးဆွဲခဲ့ပြီး မြန်မာ့သစ်တောများကို စီမံအုပ်ချုပ်ခဲ့ကြောင်း၊ ယခု တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ သစ်တောခရိုင် ၇၁ ခရိုင်၏ ဒုတိယနှစ် ၃၀ ၏ ပထမ ၁၀ နှစ်ဖြစ်သော ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်း (၂၀၂၆-၂၀၂၇ မှ ၂၀၃၅-၂၀၃၆ အထိ)” နှင့် “တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်း၏ ဆဋ္ဌမလေးနှစ်တာအုပ်ချုပ် လုပ်ကိုင်မှုစီမံချက် (OMP VI)” တို့ကို ရေးဆွဲပြီးစီးပြီဖြစ်၍ ယနေ့တွင် တရားဝင်ထုတ်ပြန်ခြင်းဖြစ်ပါကြောင်း။

ခရိုင်သစ်တောအုပ်ချုပ် လုပ်ကိုင်မှုစီမံကိန်းများကို ပြင်ဆင်ရေးဆွဲရာတွင် ယခင်စီမံကိန်းများ၏ အားနည်းချက်၊ အားသာချက်များကို လေ့လာဆန်းစစ်ပြီး ပြောင်းလဲလာသည့်အုပ်ချုပ်ရေး၊ လူမှုစီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအခြေခံမူများနှင့်အညီ ရေးဆွဲထားကြောင်း၊ ထိုသို့ရေးဆွဲပြုစုရာတွင် ဦးတည်ချက် (၇) ရပ်၊ ရည်ရွယ်ချက် (၂) ရပ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍ (Public-Private Partnership) ပူးပေါင်းဆောင်ရွက်မှု၏ ပြယုဂ်ဖြစ်သော တနင်္သာရီသဘာဝကြိုးဝိုင်း စီမံကိန်းအတွက် ဆဋ္ဌမလေးနှစ်တာစီမံချက် (၂၀၂၆-၂၀၃၀) ကိုလည်း စတင်အကောင်အထည်ဖော်နိုင်ရန် တစ်ပါတည်းထုတ်ပြန်ခြင်းဖြစ်ပါကြောင်း၊ ယခုထုတ်ပြန်လိုက်သော စီမံကိန်းများသည် မြန်မာ့သစ်တောများကို နောင်လာနောက်သားများအတွက် အမွေအနှစ်အဖြစ်ကျန်ရှိစေမည့် အသက်သွေးကြောများဖြစ်သဖြင့် သက်ဆိုင်ရာတာဝန် ရှိသူများအားလုံးက အလေးထားလိုက်နာဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။

ထို့နောက် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်းနှင့် တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်း၏ အုပ်ချုပ်လုပ်ကိုင်မှုဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးသည် စီမံကိန်းများမှ ခင်းကျင်းပြသထားသော စီမံကိန်းဆိုင်ရာ ပိုစတာများနှင့် စာအုပ်များကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် သက်ဆိုင်ရာ တာဝန်ရှိသူများက စီမံကိန်းရေးဆွဲရာတွင် လေ့လာတွေ့ရှိချက်များကို ရှင်းလင်းတင်ပြကြသည်။

မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ၏ သစ်တောစီမံခန့်ခွဲမှုဆိုင်ရာ အပြန်အလှန်ဆွေးနွေးမှုဖိုရမ်ကို ဆက်လက်ကျင်းပရာ တက်ရောက်လာသူများနှင့် သက်ဆိုင်ရာ ခရိုင်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူးများက အနာဂတ်သစ်တော စီမံအုပ်ချုပ်မှုနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များအပေါ် ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်