
ပထမနှစ်မှ ပဉ္စမနှစ်အထိ ကျောင်းသား၊ ကျောင်းသူ ၁၉၈ ဦး တက်ရောက်ပညာသင်ကြား
နေပြည်တော် မေ ၂၇
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘွဲ့ကြို ကျောင်းသား၊ ကျောင်းသူများ၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်အဆင့် သစ်တောပညာသင်ကြားမှုသည် ၁၉၂၃ ခုနှစ်တွင် စတင်ခဲ့ပြီး ယခု နှစ် ၁၀၀ ပြည့်တော့မည်ဖြစ်ကြောင်း၊ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်အထိ အရည်အချင်းပြည့်မီ သော သစ်တောသိပ္ပံဘွဲ့ရ ၃၀၅၂ ဦး မွေးထုတ်ပေးနိုင် ခဲ့ပြီး ပြည်တွင်း/ ပြည်ပ တက္ကသိုလ်များတွင် ဆက်လက်လေ့လာသင်ယူ၍ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ ရရှိခဲ့သူ များစွာရှိကြောင်း၊ အစဉ်အလာကြီးမားခဲ့သည့် တက္ကသိုလ်ဖြစ်သည်နှင့်အညီ ယခုပညာရည်ဆည်းပူး ရန် ရောက်ရှိလာသော ကျောင်းသား ကျောင်းသူတို့ အနေဖြင့်လည်း မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်သို့ အောင်မြင်စွာ ရောက်ရှိအောင် ဆရာ၊ ဆရာမများ၏ ဆုံးမစကားကိုနာယူ၍ ကြိုးစားအားထုတ်စေလို ကြောင်း၊ ဆရာ၊ ဆရာမများကလည်း ကျောင်းသား၊ ကျောင်းသူများအပေါ် သားသမီးသဖွယ် ကြည့်ရှု စောင့်ရှောက်၍ ဆရာ့ဝတ်ငါးပါးကို ကျေပွန်အောင် ဆောင်ရွက်ကြရန် မှာကြားသည်။
ဆက်လက်၍ တက္ကသိုလ်၏ သင်ထောက်ကူ ပစ္စည်းများနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးတွင် အသုံး ပြုရန် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများက အလှူငွေများ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ များကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ လိုအပ်သည် များ မေးမြန်းဖြည့်ဆည်းပေးသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တက္ကသိုလ် စာသင်ဆောင်များတွင် စာသင်ကြားနေမှု၊ တက္ကသိုလ် ပရဝဏ်အတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားမှုနှင့် ကျောင်းသား၊ ကျောင်းသူ အိပ်ဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
ထို့နောက် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများက အဆို/အက များဖြင့် ဖျော်ဖြေပြီး ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများနှင့် အတူ နေ့လယ်စာ အတူတကွ သုံးဆောင်ကြသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်တွင် ပထမနှစ်မှ ပဉ္စမနှစ်အထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၉၈ ဦး တက်ရောက်ပညာသင်ကြား လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်