
ထွန်းကျော်
ဟားမားစ် ခေါင်းဆောင် အစ္စမေးလ် ဟာနီယာက ဂါဇာကမ်းမြောင် ဒေသမှာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက်ရရှိအောင် ကြိုးစားတဲ့နေရာမှာ နှောင့်နှေးကြန့်ကြာအောင် လုပ်တယ်ဆိုပြီး အစ္စရေးခေါင်းဆောင်ကို စွပ်စွဲလိုက်ပါတယ်။ မိမိတို့အပေါ် ရန်လို ကျူးကျော်တိုက်ခိုက်မှုတွေ ရပ်တန့်စေဖို့နဲ့ မတရားသိမ်းပိုက်မှု တွေ အဆုံးသတ်စေဖို့၊ အကူအညီအထောက်အပံ့များ စီးဆင်းရေးနဲ့ တည်ဆောက်ရေးလုပ်ငန်းများကို ခွင့်ပြုစေဖို့ အချိန်တိုင်း အပြုသဘောဆောင်စိတ်ဓာတ်နဲ့ တာဝန်ရှိရှိဖြင့် လုပ်ဆောင်လျက် ရှိတယ်ဆိုပြီး ဟားမားစ်ခေါင်းဆောင်ကတော့ ပြောခဲ့ပါတယ်။
အချိန်ဆွဲနေတာထင်ရှား
မိမိတို့ဟာ ဒီကိစ္စရပ်တွေနဲ့ပတ်သက်ပြီး လိုက်လျောညီထွေမှု အပြည့်အဝရှိတယ်ဆိုပြီး ပြောကြားလိုက်သော်လည်း အစ္စရေးကတော့ စေ့စပ်ညှိနှိုင်းဆွေးနွေးမှုတွေမှာ အခုချိန်အထိ အချိန်ဆွဲတယ်ဆိုတာ ထင်ရှားတယ်လို့ ဟားမားစ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယာက ပြောပါတယ်။
အများသဘောတူ ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်
ပါလက်စတိုင်းအုပ်စုတွေကတော့ ကျူးကျော်တိုက်ခိုက်မှု အပြည့်အဝရပ်နားခြင်း၊ ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေးတပ်ဖွဲ့တွေ ဆုတ်ခွာရေး၊ ဂါဇာကမ်းမြောင်ဒေသအား ဝိုင်းရံထားမှုကို ရုပ်သိမ်း ရေး၊ ရွှေ့ပြောင်းအခြေချနေထိုင်သူများ နေရပ်ပြန်ရေး၊ အထူးသဖြင့် ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်းသို့ ပြန်ရေး၊ အစားအသောက် ပြတ်လပ်မှု မူဝါဒအဆုံးသတ်ရေး၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်း များ လုပ်ဆောင်ရေးတို့ကို စိုးစဉ်းမျှ လက်ခံဖို့လွယ်ကူမည်မဟုတ် ကြောင်း၊ ဒီကိစ္စတွေဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေဖြစ်ကြောင်းနဲ့ ကုလသမဂ္ဂ၊ လူ့အခွင့်အရေးအဖွဲ့ အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ တရားရုံးတွေမှာ အများသဘောတူ ဆုံးဖြတ်ချက်ချရမယ့်ကိစ္စရပ်များ ဖြစ်တယ်ဆိုပြီး ဟားမားစ် ခေါင်းဆောင်က ပြောလိုက်ပါတယ်။
ဖြစ်နိုင်တဲ့နည်းနဲ့ဆောင်ရွက်သွားမယ်
မိမိတို့ရဲ့ အကာအကွယ်မဲ့ပြည်သူတွေအပေါ် ရန်သူတွေ ဆောင်ရွက်နေတဲ့ လူအမြောက်အမြားသတ်ဖြတ်မှုတွေကို ရပ်တန့် နိုင်ဖို့ ဖြစ်နိုင်တဲ့နည်းနဲ့ ဆောင်ရွက်သွားမယ်ဆိုပြီး ဟာနီယာက ဆက်လက်ပြောကြားထားပါတယ်။
ဘင်ဂျမင်နေတန်ယာဟုကတော့ ပါလက်စတိုင်းအကျဉ်းသား တွေ ပြန်လည်လွှတ်ပေးရေး သို့မဟုတ် ဂါဇာမှ အစ္စရေးတပ်ဖွဲ့တွေ လွှတ်ပေးရေးတွေပါဝင်တဲ့ ဘယ်လိုပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက်မျိုးကိုမဆို လက်ခံသွားမှာမဟုတ်ဘူးလို့ ပြောကြား ခဲ့ပါတယ်။
ကိုင်ရိုကိုသွားမယ်
တစ်ဖက်မှာလည်း ဟားမားစ်ခေါင်းဆောင် အစ္စမေးလ်ဟာနီယာ က အဆိုပြုချက်တွေကို ဆွေးနွေးရန် ကိုင်ရိုကိုသွားဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။ ဟာနီယာကတော့ မိမိတို့အဖွဲ့ရဲ့ ရည်ရွယ်ချက်ကတော့ ဂါဇာမှာ အစ္စရေးတပ်ဖွဲ့ရဲ့ထိုးစစ်ဆင်မှုကို အဆုံးသတ်ခြင်းပဲဖြစ်သလို အစ္စရေးတပ်ဖွဲ့တွေကို ပိုက်နက်နယ်မြေမှ အပြီးအပိုင် ဆုတ်ခွာရေး တွေလည်းပါပါတယ်။
မဖြစ်မနေကြိုးပမ်းအားထုတ်သွားမယ်
အစ္စရေးက အဲဒီလိုမျိုးစည်းကမ်းသတ်မှတ်ချက်တွေကို လက်ခံနိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားနေရသော်လည်း အီဂျစ်၊ ကာတာနဲ့ အမေရိကန် တို့ကတော့ ဓားစာခံများအကုန်လုံးနီးပါး ပြန်လည်လွှတ်ပေးနိုင်ဖို့ အနည်းဆုံး တစ်လလောက်ကြာတဲ့အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်ကို နှစ်ဖက်စလုံးက သဘောတူနိုင်ဖို့ မျှော်လင့်လျက် ရှိပါတယ်။ ပါရီတွေ့ဆုံဆွေးနွေးမှုအတွင်းမှာ မူဘောင်တစ်ခုအနေနဲ့ ဖော်ပြမယ့် အဲဒီအဆိုပြုချက်ကို အီဂျစ်၊ ကာတာ၊ အမေရိကန်နဲ့ အစ္စရေးတို့ကြားမှာ အဖြေရရှိတဲ့အထိ မဖြစ်မနေကြိုးပမ်းအားထုတ် သွားမှာ ဖြစ်ပါတယ်။ ဟားမားစ်စေ့စပ်ညှိနှိုင်းဆွေးနွေးသူတွေက တော့ မတက်ရောက်ခဲ့ပါဘူး။
တိကျတဲ့စစ်ပွဲ အောင်မြင်မှုမရဘဲ ဂါဇာမှဆုတ်ခွာမည်မဟုတ်
နေတန်ယာဟုကတော့ တိကျတဲ့ စစ်ပွဲအောင်မြင်မှုမရရှိဘဲ သူ့တပ်ဖွဲ့တွေ ဂါဇာမှ ဆုတ်ခွာသွားမယ့် ဘယ်လိုမျိုး သဘောတူညီမှု မျိုးကိုမဆို အေးစက်စက်ဖြစ်ခဲ့ပါတယ်။ ဂါဇာစစ်ပွဲဟာ နောက်တစ်ချီ ဟားမားစ်တို့နဲ့ နွှဲရမယ့်ပွဲမဟုတ်ကြောင်းနဲ့ အစ္စရေးတို့ရဲ့ ရည်ရွယ် ချက် မအောင်မြင်မချင်း အဆုံးသတ်လိမ့်မှာမဟုတ်ဘူးလို့ ပြောကြား ခဲ့ပါတယ်။ ဓားစာခံများ လွှတ်ပေးရေးဖြစ်နိုင်ခြေရှိတဲ့ အစီရင်ခံစာ တစ်ခုမှာလည်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့တွေဟာ ဂါဇာက ထွက်ခွာသွားမှာမဟုတ်ဘူးလို့ အစ္စရေးဝန်ကြီးချုပ်ဟာ ပြောကြား ခဲ့ပါတယ်။
ထို့အတူ သူ့အနေနဲ့ အကြမ်းဖက်သမားတွေကို ထောင်ချီ လွှတ်ပေးဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ပြောခဲ့ပါတယ်။
အကျဉ်းသားလွှတ်ပေးရေးပါဝင်
အဆိုပြုချက်ရဲ့ ပထမအဆင့်မှာ ရက်သတ္တပတ်ခြောက်ပတ်ကြာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ အပြန်အလှန်အနေဖြင့် ဓားစာခံ ၃၅ ဦးလွှတ်ပေးရေးပါဝင်ပါတယ်။ အဲဒီဓားစာခံတွေထဲမှာ အရပ်သား အမျိုးသမီး၊ သက်ကြီးယောက်ျားများ၊ နေမကောင်းဒဏ်ရာရရှိသူများ ပါဝင်ပါတယ်။ အပြန်အလှန်အနေဖြင့် အစ္စရေးက ပါလက်စတိုင်း အကျဉ်းသား ရာချီလွှတ်ပေးရမှာ ဖြစ်ပါတယ်။
သဘောတူညီချက်ရဖို့ ဝေးနေသေး
ဒုတိယအဆင့်မှာ အမျိုးသား၊ အမျိုးသမီးစစ်သားတွေ ပါဝင်ပြီး တတိယအဆင့်ကတော့ သေဆုံးဓားစာခံတွေ ပြန်လည်ရရှိရေးတို့ ပါဝင်ပါတယ်။ နေတန်ယာဟုတစ်ယောက် အစိုးရအဖွဲ့အတွင်း ကွဲလွဲမှု တွေနဲ့ ရင်ဆိုင်နေရပြီး ဒီအဆိုပြုချက်ဟာ သူ့ရဲ့အစိုးရကို ပြိုလဲစေမှာ ဖြစ်တယ်လို့ ပြောထားပါတယ်။ ဒါကြောင့် လတ်တလောမှာတော့ ဂါဇာငြိမ်းချမ်းရေးဟာ သဘောတူညီချက်ရဖို့ ဝေးနေသေးပါတယ်။
ကိုးကား - ဆင်ဟွာ