
နေပြည်တော် မေ ၄
မျက်မှောက်ခေတ်၏ ပြောင်းလဲလာသော စားသောက်မှုပုံစံများနှင့်အတူ အသားစားသုံးမှု တိုးတက်လာသဖြင့် အသားငါးလိုအပ်ချက် မြင့်မား လျက်ရှိကြောင်း၊ အခြားတစ်ဖက်တွင်လည်း လယ်ယာစိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အားလျော်စွာ တိရစ္ဆာန်အစာရရှိနိုင်မှု အခြေခံကောင်းများလည်း ရှိနေရာ မွေးမြူရေးကဏ္ဍ တိုးချဲ့လုပ်ကိုင်နိုင်သည့် အခြေအနေကောင်းများ ရှိနေကြောင်း၊ ယင်းကဲ့သို့ သော ဈေးကွက်လိုအပ်ချက်နှင့် ထုတ်လုပ်နိုင်မှု အခွင့်အလမ်းများကို အမိအရဆုပ်ကိုင် ကြိုးပမ်း ကြရန် တိုက်တွန်းကြောင်း မေ ၂ ရက်က ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် MICT Park အဆောင်(၁၂) ၌ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲစဉ် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားခဲ့သည်။
တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါက်တာမြဟန်က ဈေးကွက် စီးပွားရေးစနစ်နှင့်အညီ မွေးမြူရေးအခြေခံကုန်ထုတ် လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် အသား ထုတ်လုပ်မှုကဏ္ဍတိုးတက်ရေးအတွက် သက်ဆိုင်သူ များအားလုံး ပူးပေါင်းဆောင်ရွက်မည့် အစီအမံများ ကိုလည်းကောင်း၊ မြန်မာနိုင်ငံ ကြက်ဘဲ မွေးမြူ ထုတ်လုပ်ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံ မွေးမြူရေးအစာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများ အသင်း၊ မြန်မာနိုင်ငံ နို့လုပ်ငန်းအသင်း၊ မြန်မာနိုင်ငံ ဝက်မွေးမြူသူများအသင်း၊ မြန်မာနိုင်ငံပျားလုပ်ငန်း အသင်း၊ တိရစ္ဆာန်ဆေးဝါး၊ လုပ်ငန်းသုံးပစ္စည်း ကိရိယာထုတ်လုပ်သူများအသင်းနှင့် မြန်မာနိုင်ငံ ကျွဲ၊ နွား၊ သိုး၊ ဆိတ်မွေးမြူသူများသင်းတို့မှ တာဝန်ရှိ သူများက သက်ဆိုင်ရာလုပ်ငန်း ဆောင်ရွက်မှုများနှင့် လိုအပ်ချက်များကိုလည်းကောင်း ဆွေးနွေးတင်ပြ ကြသည်။
တင်ပြချက်များကို ဒုတိယဝန်ကြီးက သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေဘဲ ဒေသဝမ်းစာ ဖူလုံရေး၊ စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းများ ပိုမို ဖွံ့ဖြိုးလာရန် လိုအပ်နေမှု၊ မွေးမြူရေးကို အခြေခံ သည့် ခေတ်မီကုန်ချောထုတ်လုပ်မှု အားကောင်း လာစေရန် လုပ်ငန်းစဉ် ကွင်းဆက်တစ်လျှောက်တွင် ပါဝင်သူများအားလုံး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ တိရစ္ဆာန်အစာ စိုက်ပျိုးကျွေးမွေး သည့် မွေးမြူရေးစနစ် ထွန်းကားလာစေရေးအတွက် အသေးစား မွေးမြူရေးလုပ်ကိုင်သူများနှင့် မွေးမြူရေးခြံတည်ထောင် ဆောင်ရွက်လုပ်ကိုင်လို သူများအား လက်တွဲခေါ်ယူ ပူးပေါင်းဆောင်ရွက် ရန် လိုအပ်ချက်များ၊ မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် တစ်ပိုင်တစ်နိုင် ယူနစ်အလိုက် မွေးမြူရေး ဆောင်ရွက်ခြင်း စီမံချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ချက်များ၊ အစားအစာ ဘေးကင်းလုံခြုံရေး၊ တိရစ္ဆာန်ကူးစက်ရောဂါများ ကို စဉ်ဆက်မပြတ် စောင့်ကြည့်ကြိုတင် ကာကွယ် ရေး လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေး မှာကြား သည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် သာကေတမြို့ Grand Wynn Manufacturing ကုမ္ပဏီလီမိတက်၏ ရေထွက် ပစ္စည်းများကို ပြည်ပပို့ကုန်အဖြစ် ကုန်ချော ထုတ်လုပ်မှုအခြေအနေနှင့် မိကျောင်းမွေးမြူရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် သာကေတ မြို့နယ်ရှိ ငါးလုပ်ငန်းဦးစီးဌာန ပဋိဇီဝပိုးသတ်ဆေး ဓာတ်ကြွင်းနှင့် ဗိုင်းရပ်စ်ပိုးစစ်ဆေးရေး ဓာတ်ခွဲခန်း ၏ ဖွံ့ဖြိုးရေးနှင့် သုတေသနလုပ်ငန်းများ၊ အနုစိတ် သရုပ်ခွဲခြင်းဆိုင်ရာ ဓာတ်ခွဲခန်းများ၊ နိုင်ငံတကာ တရားဝင် အသိအမှတ်ပြု ဓာတ်ခွဲခန်း ထောက်ခံချက် (ISO/IEC 17025;2017) Accreditation Comm- ittee အား Testing Parameter ၁၆ မျိုးဖြင့် ဧပြီ ၂၁ ရက်မှ ၂၀၂၇ ခုနှစ် ဧပြီ ၂၀ ရက်အထိ လေးနှစ် ကြာ သက်တမ်းတိုးရရှိပြီးမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ဓာတ်ခွဲခန်း အဆင့်မြှင့်တင်ရေး ဆိုင်ရာ အစီအမံများကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်