သဘာဝမုန်တိုင်းဘေးအန္တရာယ်ကို ဘယ်လိုကာကွယ်မလဲ

Type

ဒေါက်တာမောင်ကျော်၊ ပါမောက္ခချုပ်(ငြိမ်း)
============================

(ယမန့်နေ့မှအဆက်)
ကျွန်တော့် ဆွေးနွေးချက်မှာ ဧပြီလ၊ မေလဟု သီးသန့်မခွဲခြားတော့ဘဲ မိုးဦးကာလမှာ ဘင်္ဂလားပင်လယ် အော်တွင်  မုန်တိုင်းစတင်ဖြစ်ပေါ်လေ့ရှိရာ  နှစ်ပေါင်း ၁၂၂ နှစ်အတွင်း မုန်တိုင်းပေါင်း ၁၂၄ ကြိမ်ရှိခဲ့ပါတယ်။ နှစ်စဉ် မုန်တိုင်းဖြစ်တဲ့သဘော တွေ့ရပါတယ်။ အဲဒီအနက်  မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်  ရခိုင် ကမ်းရိုးတန်းနဲ့ မြန်မာနိုင်ငံတွင်း ကမ်းရိုးတန်းဖြတ်ကျော်ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းပေါင်း ၅၉ ကြိမ်ရှိခဲ့ပါတယ်။ ဒါကြောင့် မုန်တိုင်းဖြစ်တိုင်းဖြစ်တိုင်း ရခိုင်ကမ်းရိုးတန်းနဲ့ မြန်မာနိုင်ငံတွင်း ဝင်ရောက် ခဲ့တဲ့အခြေအနေဟာ ၄၈ ရာခိုင်နှုန်းခန့်ရှိတယ်လို့ အဓိပ္ပာယ်ပေါ်ပါတယ်။ ဒါက စာရင်းဇယား (Statistics) သဘော၊ သင်္ချာသဘောတရားဖြစ်ပါတယ်။   ဒီလိုဖြစ်နိုင်ခြေရှိတယ်ဆိုတာ   မှန်လေ့ရှိတယ်လို့ ပြောတာဖြစ်ပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းကြီး၊ လတ်ပေါ်လာပြီဆိုရင် ဒီသင်္ချာသဘောအရ မြန်မာ့ကမ်းရိုးတန်း၊ မြန်မာနိုင်ငံဘက် ဝင်ဖို့ရာ ၄၈ -  ၅၀ ရာခိုင်နှုန်း သေချာတယ်လို့ ပြောရပါလိမ့်မယ်။   ဒီလိုဆိုရင် ကျန်တဲ့ ၅၀ ရာခိုင်နှုန်း အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းခြေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ဝင်မယ် ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။


 အထောက်အထား မှတ်တမ်းတွေ အများအပြားအနက် ၁၉၇၀ ပြည့်နှစ် နိုဝင်ဘာလ ၁၂ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အကြီးအကျယ်ဒုက္ခပေးခဲ့တဲ့ ဘိုလာဆိုင်ကလုန်းမုန်တိုင်းနဲ့ ၂၀၀၈ ခုနှစ် မေလ ၂-၃ ရက်နေ့က ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းတွေကို အကြီးအကျယ်ဒုက္ခပေးခဲ့တဲ့ အဆင့် (၄) ဆိုင်ကလုန်း နာဂစ်တို့ဟာ အထင်ကရ အထောက်အထားတွေပဲ ဖြစ်ပါတယ်။


၁၉၇၀ ပြည့်နှစ် နိုဝင်ဘာ ၁၂ ရက်နေ့က ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်မွှေပြီး လူပေါင်းသိန်းချီကာ သေဆုံးခဲ့ပါတယ်။  အသက်အိုးအိမ်စည်းစိမ်တွေ ကြီးမားစွာဆုံးရှုံးခဲ့သော်လည်း  လူတိုင်းဟာ ကိုယ်နဲ့ မဆိုင်သလို တွေးမိခဲ့ကြပါလိမ့်မယ်။ ၁၉၇၀ ပြည့်နှစ် ဒီဇင်ဘာလထဲမှာ ကျွန်တော်တို့ ဆရာနဲ့ကျောင်းသားတွေ နဲ့ လူကြီးတွေဟာလည်း ရန်ကုန်တက္ကသိုလ် ရွှေရတုသဘင်ကို မိုးတဖွဲဖွဲအောက်မှာ ချမ်းစိမ့်ပြီး ကျင်းပ ခဲ့တာကို ကျွန်တော်သတိထားမိပါတယ်။ ပြန်တွေးကြည့်မိတော့ ဘိုလာဆိုင်ကလုန်းမုန်တိုင်းဟာ ဘယ်လောက် ပြင်းသလဲဆိုရင် ရန်ကုန်တိုင်းကို အဖျားခတ်တဲ့ပုံရှိပါတယ်။ 


အဆင့်(၄) ဆိုင်ကလုန်းနာဂစ်ကြောင့် လူပေါင်းတစ်သိန်းကျော် သေဆုံးခဲ့ရတဲ့အပြင် လူမှုစီးပွား ဘဝနဲ့ ပတ်ဝန်းကျင်ဂေဟစနစ်ပါ ပျက်စီးဆုံးရှုံးမှုတွေဟာ မြန်မာ့သဘာဝဘေးအန္တရာယ်သမိုင်းမှာ မှတ်တမ်းတင်ကျန်ခဲ့ပါတယ်။


နာဂစ်မုန်တိုင်းအပြီး နှစ်နှစ်အကြာမှာ ဆောင်းပါးရှင် ချစ်ကျော် (မိုးဇလ)ဟာ ကြေးမုံသတင်းစာ မှာ မုန်တိုင်းဆိုင်ရာ အခြေခံသိပ္ပံသဘောတရားတွေကို ဒီလိုရေးထားတာ တွေ့ရပြန်ပါတယ်။ 
v     မုန်တိုင်းပေါ်လာဖို့ ပင်လယ်ရေမျက်နှာပြင် အပူချိန်ဟာ ၂၆.၅°C ထက် မြင့်ရတယ်။
v     ပင်လယ်ရေမျက်နှာပြင် အထက် ရေခိုးရေငွေ့တွေ လေတိမ်တိုက်ဖြစ်ထွန်းမှုအားကောင်းလေ မုန် တိုင်းဖြစ်နိုင်ခြေများလေပါပဲဆိုတဲ့အချက်။
v    ရေပြင် လေတိုက်မှုပုံသဏ္ဌာန်၊ ကောင်းကင်အမြင့်ပေ လေးသောင်းမှာရှိတဲ့ လေတိုက်မှုပုံသဏ္ဌာန် တွေပေါ်မှာလည်း မုန်တိုင်းဖြစ်နိုင်ခြေဟာ မူတည်ပါတယ်။
ထို့အပြင် မုန်တိုင်းပြင်းထန်မှုအခြေအနေကို အရောင်များခွဲခြားကာ ကမ်းခြေနေပြည်သူတွေ၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းတွေမှာရှိတဲ့ ပြည်သူတွေကို သတိပေးပုံတွေကိုလည်း ဖတ်ရှုရပါတယ်။ 


v     ဥပမာ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့်မုန်တိုင်းကို လိမ္မော်ရောင်လို့ သတ်မှတ်ရင် ကမ်းခြေသို့ ၄၈ နာရီအတွင်း ဝင်ရောက်လာလိမ့်မယ်။
v     အနီရောင်လို့ သတ်မှတ်ရင် ကမ်းခြေသို့ ၁၂ နာရီအတွင်း ဝင်ရောက်ဖြတ်ကျော်လိမ့်မယ်ဆိုတဲ့ သတိပေးချက်တွေဟာ ဘေးလွတ်ကင်းရာရောက်ဖို့ လွန်စွာတန်ဖိုးရှိလှပါတယ်။ 


လေပြင်းမုန်တိုင်းဆိုသည်မှာ နှစ်စဉ်နှစ်တိုင်း မိုးဦးကျတွင် ဝင်ရောက်တယ်ဆိုတဲ့ အစဉ်အလာ ဟာ အထူအဆန်းမဟုတ်သလိုပါပဲ။ ဒီလို မုတ်သုံလေနဲ့ မုန်တိုင်းတွေကြောင့် မြန်မာနိုင်ငံတစ်ဝန်းမှာ ဆန်ရေစပါး စိုက်ပျိုးနိုင်ခြင်းဖြစ်ပါတယ်။ ဆောင်းပါးရှင်နှစ်ဦး ရေးသားဖော်ပြတဲ့ အထောက်အထား တွေအရ ကောက်ချက်ချရရင်  
v ပြင်းထန်တဲ့မုန်တိုင်းတွေဟာ လေးနှစ် - ရှစ်နှစ် တစ်ကြိမ် ကြုံရတတ်တယ်ဆိုတဲ့အချက်ကို သတိပြုရပါလိမ့်မယ်။ 
၁၉၇၀ ပြည့်နှစ်တွင် ဘင်္ဂလားဒေ့ရှ် ဘိုလာမုန်တိုင်းနဲ့ ၂၀၀၈ ခုနှစ် မြန်မာနိုင်ငံ နာဂစ်မုန်တိုင်းတွေဟာ ဘင်္ဂလားဒေ့ရှ်ကိုလည်းကောင်း၊ မြန်မာနိုင်ငံအောက်ပိုင်းကိုလည်းကောင်း လွန်စွာကြီးမားတဲ့ဒုက္ခကို ပေးခဲ့ကြောင်းသိခဲ့ရပြီ။ မုန်တိုင်းဆိုသည်မှာ အစိုးမရ၊ အလားတူ မုန်တိုင်းမျိုး မေလတွင်လည်းကောင်း၊ အောက်တိုဘာ၊ နိုဝင်ဘာတွင်လည်းကောင်း ဝင်လာမှာကို စိုးရိမ်ခြင်းဖြစ်ပါတယ်။ ရာသီဥတု ပုံမှန် သဘာဝအရဆိုရင် မိုးနှောင်းမုန်တိုင်းတွေဟာ မြန်မာနိုင်ငံအတွက် အန္တရာယ်ကြီးမားစွာမပြုနိုင်ဟု ဆက်စပ်ပြောဆိုခြင်းဖြစ်ပါတယ်။


ရာသီဥတုပြောင်းလဲခြင်း၊ မုန်တိုင်းကြီး၊ ငယ်ဖြစ်ပေါ်ခြင်း၊ မြေဆီလွှာခန်းခြောက်ခြင်း၊ သဲမုန်တိုင်း တိုက်ခြင်း၊ ရေလွှမ်းရေကြီးခြင်းတွေရဲ့ နောက်ခံအကြောင်းတရားကဘာလဲလို့မေးရင် သိပ္ပံပညာရှင် အပေါင်းက ကမ္ဘာကြီးပူနွေးလို့ပဲဆိုပြီး ထောက်ပြကြပါတယ်။ ကမ္ဘာကြီး ပူနွေးရတဲ့အကြောင်းရင်းက ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့   ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကြောင့်ပဲ၊ ပင်လယ်ရေမျက်နှာပြင် အထက် ရေခိုးရေငွေ့ဓာတ်များလာခြင်းစတဲ့ အဓိကအကြောင်းတရားတွေကြောင့် မုန်တိုင်းကြီး၊ငယ် ဖြစ်ပေါ်လာပါတယ်။


နှစ်ပေါင်း ၁၆၀ အတွင်း ကမ္ဘာ့ပျမ်းမျှအပူချိန်ကို သိပ္ပံနည်းကျတိုင်းတာတဲ့ မှတ်တမ်းတွေအရ ၁၉၉၈ ခုနှစ် အပူချိန်အမြင့်ဆုံးကို ရောက်ခဲ့ပါတယ်။ ဒုတိယ အပူချိန်အမြင့်ဆုံးဟာလည်း ၂၀၀၁ ခုနှစ် ဖြစ်ခဲ့ပါ တယ်။ ကမ္ဘာ့အပူချိန် အမြင့်ဆုံးကိုရောက်ခဲ့တဲ့ ၁၀ နှစ်က နာဂစ်မတိုင်မီ လွန်ခဲ့တဲ့ ၁၂ နှစ်အတွင်းက ဖြစ်ခဲ့တယ်လို့ မှတ်တမ်းတွေအရ တွေ့ရပါတယ်။ 


အပူတွေ စုပ်ယူနိုင်တဲ့ ပစ္စည်းတွေကတော့ ဒြပ်ဝတ္ထုပစ္စည်းတွေ အားလုံးပါပဲ။ သို့သော် ကမ္ဘာမြေကို ရေက ၇၀ ရာခိုင်နှုန်းနဲ့ ဖုံးလွှမ်းထားတော့ ရေဟာ ဒီအပူတွေကို အများဆုံး သိုလှောင်သိမ်းထားနိုင်ပါတယ်။ မြောက်ဝင်ရိုးစွန်း၊ တောင်ဝင်ရိုးစွန်းက ရေခဲပြင်တွေကလည်း အပူကို စုပ်ပါတယ်၊ ပင်လယ်သမုဒ္ဒရာက ရေကလည်း အပူကို စုပ်ယူထိန်းထားပါတယ်။  ပင်လယ်ရေဟာ အပူကို စုပ်ထားတဲ့အတွက် ပင်လယ် ရေမျက်နှာပြင်ရဲ့အပူချိန်ဟာ မြင့်တက်ဖို့ရှိပါတယ်။ ရေဟာလည်း အလိုအလျောက်ကို အငွေ့ပြန်တဲ့ သဘောရှိတော့ အပူချိန်မြင့်လာတာနဲ့ ရေခိုးရေငွေ့အဖြစ် အပေါ်လေထုဆီသို့ ပျံတက်သွားတဲ့သဘောဟာ သဘာဝတရားပါပဲ။ ထပ်မံ၍ အောက်တွင် အသေးစိတ်ရှင်းပြပါဦးမယ်။ ဒါကြောင့် ဆောင်းပါးရှင် ချစ်ကျော်ဟာ မုန်တိုင်းဖြစ်နိုင်ခြေအရှိဆုံးက “ပင်လယ်ရေမျက်နှာပြင်ရဲ့ အပူချိန်ဟာ ၂၆.၅°C ထက် မြင့်ရင်’ ဆိုပြီး ဖော်ပြထားပါတယ်။                                                    

 

ဒါကြောင့်လည်း နာဂစ်မုန်တိုင်းဟာ ဘင်္ဂလားပင်လယ်အော်ထဲမှာ ၂၀၀၈ ခုနှစ် ဧပြီလ ၂၇ ရက်နေ့က စတင်ဖြစ်ပေါ်ခဲ့ပါတယ်။ အိန္ဒိယ အရှေ့တောင် (သို့မဟုတ်) ဘင်္ဂလားဒေ့ရှ်ဘက် ဦးတည်တဲ့သဘော တွေ့ရပါတယ်။ မကြာမတင်မှာ အားပျော့သွားခဲ့ပါတယ်။ မေလ  ၁ ရက်နေ့မှာ ဆိုင်ကလုန်းနာဂစ်ဟာ အားပြန်ကောင်းလာကာ အရှေ့ဘက်သို့ အရှိန်အဟုန်နဲ့ ဦးတည်လို့ မြန်မာနိုင်ငံတောင်ပိုင်း ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းတွေကို မေလ ၂ ရက်နေ့မှာ အဆင့်(၄) နဲ့ ဝင်ရောက်ခဲ့တာကို အားလုံးမှတ်မိကြပါလိမ့်မယ်။ 
ဒီလို မုန်တိုင်းကြီးတွေမှာ အပူစုပ်ယူထားတဲ့ ပင်လယ်ရေမျက်နှာပြင်က ရေမော်လီကျူးတွေ မြောက်မြားစွာ ပါဝင်ပါတယ်။ အပူစုပ်ယူနိုင်တဲ့ ဖန်လုံအိမ်အာနိသင်ရှိတဲ့   ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တွေလည်း ပါလာမှာ ဖြစ်ပါတယ်။ စက်မှုထွန်းကားလို့ မော်တော်ယာဉ်တွေကြောင့်၊ သစ်တောတွေ ပြုန်းတီးတဲ့အတွက် ကြောင့် ဒီကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တွေဟာလည်း ပုံမှန်မြင့်တက်နေပါတယ်။ ရေခိုးရေငွေ့ ၁၀၀ ရာခိုင်နှုန်းရှိခဲ့ရင် ကာဗွန်ဒိုင်အောက်ဆိုက်ဟာ ၃ ဒသမ ၆ ရာခိုင်နှုန်းအထိ ရေခိုးရေငွေ့နဲ့အတူ ပါဝင်နေပါ တယ်။ အဲဒီတော့ မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံကြား ဘင်္ဂလားပင်လယ်အော်ရဲ့ ကောင်းကင်မှာ တန်သန်းပေါင်း သန်းချီရှိနေတဲ့ ရေခိုးရေငွေ့နဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တွေဟာ ဘိုလာဆိုင်ကလုန်းမုန်တိုင်းနဲ့ နာဂစ်မုန်တိုင်းတွေကို ဖန်တီးတယ်လို့ သိပ္ပံရှုထောင့်ကပြောရမှာဖြစ်ပါတယ်။ 
ရေခိုးရေငွေ့နဲ့ ဒီကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့နှစ်မျိုးဟာ အပူကို စုပ်ပါတယ်။ ပြီးရင် အပေါ် ကို မြင့်တက်လာပါတယ်။ ဆက်လက်ပြီး အသေးစိတ်ရှင်းပြပါဦးမည်။ 
v     ရေဟာ ရေခဲ၊ ရေ၊ ရေခိုးရေငွေ့ဆိုပြီး ရုပ်လက္ခဏာသုံးမျိုးနဲ့ နေပါတယ်။ ရေခဲက ရေ၊ ရေက ရေခိုး ရေငွေ့အဖြစ် ပြောင်းလဲဖို့ အလားအလာဟာ ပို၍ရှိပါတယ်။ 
v     စံအပူချိန်နဲ့ စံဖိအားမှာ ရေခဲဟာ ရေဖြစ်ဖို့များတယ်၊ ရေခဲဟာ ရေဖြစ်ဖို့ အလိုအလျောက်ပဲဖြစ်တယ်။ ရူပဓာတုဗေဒ သာမိုဒိုင်းနမစ်သဘောတရားအရ ပြောင်းလဲတဲ့သဘာဝတရားကြီးတစ်ခု။ စံအပူချိန်နဲ့ စံဖိအားမှာ ရေဟာ ရေခဲအလိုအလျောက်မဖြစ်။ 
v     ရေကနေပြီး ရေခိုးရေငွေ့ဖြစ်ဖို့ နှေးပင်နှေးသော်လည်း ပြောင်းလဲနေတယ်ဆိုတဲ့ အင်ထရိုပီ (Entropy) မြင့်တဲ့သဘောလို့ သိပ္ပံက ရှင်းပြပါတယ်။ 
ဥပမာ ရေမွှေးပုလင်းကို အလှပြင်ခန်းထဲမှာ ဖွင့်ထားရင် အလိုအလျောက် ရေမွှေးနံ့တွေဟာ အခန်း အပြင်ကို ရောက်လာပါတယ်။ ဒူးရင်းသီးနံ့ဟာလည်း ဒီသဘောပဲ။ ဘာမှ လုပ်ပေးစရာမလိုဘဲနဲ့ အနံ့ဟာ အပြင်ကို ရောက်လာတာဟာ အနံ့သင်းတဲ့မော်လီကျူးတွေဟာ ကျယ်ပြန့်တဲ့ ဟင်းလင်းပြင်ထဲကို ဖြန့်ကြက်လာတဲ့သဘောကို သိပ္ပံဝေါဟာရအရ အင်ထရိုပီမြင့်တယ်လို့ ခေါ်တာဖြစ်ပါတယ်။     
 ပင်လယ်ရေမျက်နှာပြင်မှာရှိတဲ့ ရေမော်လီကျူးတွေဟာလည်း ဒီသဘောပါပဲ။ အပူချိန်နဲ့ လေဖိအား အပေါ်မှာ မူတည်ပြီး ရေခိုးရေငွေ့ဖြစ်လာတာ ပို၍မြန်ဆန်လာပါတယ်။  ရေခိုးရေငွေ့ အခြေအနေမှာ ရေမော်လီကျူးတွေဟာ တစ်ခုနဲ့တစ်ခုဝေးကွာပြီး ကျယ်ပြန့်လာပါတယ်။ အပူစွမ်းအင်(Heat Energy) ကနေ အရွေ့စွမ်းအင် (Kinetic Energy) အဖြစ် မုန်တိုင်းအတွင်း  အပြောင်းအလဲဖြစ်ရာမှာ Entropy ကြောင့်ပဲ ဖြစ်ပါတယ်။ ရေငွေ့ဟာ ရေထက် အပူ (Heat) ကို စုပ်ထားပါတယ်။ အဲဒီအပူကို  တုန်ခါခြင်း၊ လှည့်လည်ခြင်း (Vibration,  Oscillation) စတဲ့နည်းနဲ့ ရေငွေ့မှုန်တွေအတွင်း လွှဲပြောင်းပါတယ်။ ဒါကို Transference of heat within the fluid caused by the tendency of water vapor (Warmer material to rise) လို့ ပြောတာဖြစ်ပါတယ်။ ပူတဲ့ ရေခိုးရေငွေ့တွေဟာ ပင်လယ်ရေမျက်နှာပြင် အောက်ခြေ မှ အပေါ်သို့ အရှိန်နဲ့တက်လာပါတယ်။ ဒီလိုနဲ့ ရေခိုးတွေ၊ တိမ်တိုက်တွေဟာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပြောင်းသွားပါတယ်။ နာဂစ်ဆိုင်ကလုန်းဟာ ဘင်္ဂလားပင်လယ်အော် အပူပိုင်းဒေသမုန်တိုင်း (Tropical Storm)   ဖြစ်ပြီး မေလ ၂ ရက်နေ့မှာ တစ်နာရီ ၂၁၅ ကီလိုမီတာနှုန်းနဲ့ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတွေကို ဝင်ရောက်ခဲ့လို့  ကုလသမဂ္ဂက ဆိုင်ကလုန်းနာဂစ်ဟာ လူပေါင်းတစ်သိန်းကျော်ကို ပြင်းထန်စွာထိခိုက် ခဲ့ကြောင်း ခန့်မှန်းဖော်ပြခဲ့ပါတယ်။ လူပေါင်း ၇၇၇၃၈ ဦး သေဆုံးကြောင်း၊ ပျောက်ဆုံးဦးရေဟာ ၅၅၉၁၇ ဦးရှိကြောင်း အတည်ပြုခဲ့ပါတယ်။


ကောင်းပါပြီ၊


မူလဆောင်းပါးရှင် မောင်မြင့်ခိုင်နဲ့ ချစ်ကျော် (မိုးဇလ) တို့ရဲ့ မူရင်းဆောင်းပါးနဲ့ မိမိရဲ့ သိပ္ပံသဘော တရား အသိ၊ အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ရေးသားတဲ့ ယခုဆောင်းပါးကို ဖတ်ရှုခြင်းဖြင့် တန်ဖိုးရှိပြီ ဟုယူဆပါတယ်။ အပူစုပ်ယူခြင်း၊ အပူဟာ မြင့်ရာမှနိမ့်ရာသို့စီးခြင်း။ စနစ်ရဲ့ အင်ထရိုပီအပြောင်းအလဲ (∆S System) ၊ ပြင်ပ အင်ထရိုပီအပြောင်းအလဲ ((∆S Surrounding) နဲ့ စုစုပေါင်းအင်ထရိုပီ အပြောင်း အလဲ (∆STotal)၊ ထို့အပြင် စွမ်းအင်လွတ် (Free Energy) ဆိုတဲ့ သာမိုဒိုင်းနမစ်သဘောတရားတွေဟာ မြင့်မားလှသဖြင့်  သတင်းစာဆောင်းပါးမှာ ‘အကင်း’ မျှသာ  ရှင်းပြနိုင်ပါတယ်။  မြန်မာ့ဆိုရိုးထဲမှာ ‘ကြမ်းကြားလေဟာ အေးတယ်’ ဆိုတဲ့ မြန်မာကြီးများနဲ့ သိပ္ပံအမြင်နဲ့ အလွန်နီးစပ်ပါတယ်။ ဒါကြောင့် မုန်တိုင်းအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ဖို့ - 
v    စစ်တွေတက္ကသိုလ်၊  တောင်ကုတ်တက္ကသိုလ်၊   ပုသိမ်တက္ကသိုလ်၊ မြိတ်တက္ကသိုလ်၊ ထားဝယ် တက္ကသိုလ်၊ မော်လမြိုင်တက္ကသိုလ်သုတေသီတွေက နက်နက်ရှိုင်းရှိုင်းဆောင်ရွက်ကြရလိမ့်မယ်။


v    ဒီလိုလုပ်ဆောင်ရာမှာ တက္ကသိုလ်တွေမှာ မိုးလေဝသတိုင်းတာရေးစခန်း တည်ထောင်ရပါမယ်။ တက္ကသိုလ်တွေမှာရှိတဲ့ University Research Centre တွေနဲ့ ပူးတွဲထားရပါမယ်။ 


v     တက္ကသိုလ်တွေမှာ လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်က တည်ထောင်ခဲ့တဲ့ Community Development Centre တွေနဲ့ ချိတ်ထားရပါမယ်။ 
v     မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနနဲ့ ပူတွဲလုပ်ဆောင်ကြပြီး ရူပဗေဒ၊ ဓာတုဗေဒ၊ ပထဝီဝင်ဌာနမှာ တာဝန်ထမ်းဆောင်တဲ့ ဆရာ ဆရာမတွေက မိုးလေဝသဆိုင်ရာ အချက်အလက်တွေကို တိုင်းတာ ခြင်း၊ လေ့လာခြင်း၊  သုတေသနပြုခြင်းတွေကို စဉ်ဆက်မပြတ်ပြုလုပ်ပြီး မှတ်တမ်းတွေပြုစု လေ့လာနေရပါလိမ့်မယ်။ 
ကမ်းရိုးတန်းဒေသမှာရှိတဲ့ တက္ကသိုလ်တွေကတော့ လေပြင်းမုန်တိုင်းနဲ့စပ်လျဉ်းတဲ့ အချက်အလက် တွေကို အလေးထားတိုင်းတာတာတွေပြုကြခြင်း၊ မုန်တိုင်းမကျရောက်မီ ကာကွယ်နိုင်တဲ့ နည်းလမ်း တွေဖော်ထုတ်ကြရပါလိမ့်မယ်။ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နဲ့ ပြင်ဦးလွင် စစ်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်တွေကလည်း သဘာဝဘေးအန္တရာယ်ကာကွယ်နိုင်ရေး၊ ပတ်ဝန်းကျင် ရေရှည်ဖွံ့ဖြိုး ရေးတို့အတွက် မျိုးဆက်သစ်သုတေသီတွေကို မွေးထုတ်ပေးရပါလိမ့်မယ်။ ဤသို့သော သုတေသနမျိုး လုပ်ဖို့အတွက် ပညာရှင်တွေလိုပါလိမ့်မယ်၊  ငွေကုန်ကြေးကျခံရပါလိမ့်မယ်၊ အချိန်ပေးရပါလိမ့်မယ်၊  အတွေ့အကြုံစုပေါင်းကြရပါလိမ့်မယ်။ 


ရည်မှန်းချက်ပန်းတိုင်ကတော့ အန္တရာယ်ကြီးမားတဲ့ လေပြင်းမုန်တိုင်းကိုပင် အကျိုးဖြစ်ထွန်း အောင် သုတေသနတွေပြုကြဖို့၊ အဲဒီနည်းလမ်းတွေကိုလည်း ပညာရပ်အသီးသီးကလေ့လာဖို့ အသုံးချနိုင် မယ်ဆိုရင် အောင်မြင်မယ်လို့ ယုံကြည်ပါကြောင်း၊ ပြောရမယ်ဆိုရင် နိုင်ငံတော်က ကြီးကြပ်သုတေသန ပြုရမယ့်ကိစ္စအထိပင် ရောက်လာနိုင်ကြောင်း ရေးသားတင်ပြရင်း နိဂုံးချုပ်လိုက်ပါတယ်။    ။