သဘာဝကိုအခြေခံသော အမျိုးသားဥယျာဉ် ခြောက်ခုအား ချင်းပြည်နယ်၌ တည်ထောင်သတ်မှတ်ထား

 

ရန်ကုန်    ဧပြီ   ၃


သဘာဝကိုအခြေခံသော အမျိုးသားဥယျာဉ်‌ ခြောက်ခုကို  ချင်းပြည်နယ်၌  တည်ထောင်သတ်မှတ်ထား ကြောင်း သိရသည်။ 
နတ်မတောင်     (ခေါ်နူးစုမ်) အမျိုးသားဥယျာဉ်  အပါအဝင်    အမျိုးသားဥယျာဉ် ခြောက်ခုအား      တည်ထောင်  သတ်မှတ်ထားပြီး မြန်မာနိုင်ငံတွင်     သိပ္ပံကြိုးဝိုင်း၊ အမျိုးသားဥယျာဉ်၊       အဏ္ဏဝါ     အမျိုးသားဥယျာဉ်၊     သဘာဝကြိုးဝိုင်း၊     တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၊ ဘူမိရုပ်သွင် ထူးခြားသည့်နယ်မြေနှင့် ဒေသခံ အစုအဖွဲ့  သဘာဝထိန်းသိမ်းရေး   နယ်မြေတို့ဖြင့်    သဘာဝထိန်းသိမ်း ရေး     နယ်မြေအမျိုးအစားများ  သတ်မှတ်ထားသည်။ ၂၀၂၂ ခုနှစ် မတ် ၂၈ ရက်ထိ သဘာဝထိန်းသိမ်း ရေး နယ်မြေ  ၅၇  ခုဖြင့်     ဖွဲ့စည်း တည်ထောင်ထားရှိပြီး    နိုင်ငံ ဧရိယာ၏ ၆ ဒသမ ၄၃ ရာခိုင်နှုန်း အထိ တည်ရှိသည်။ တည်ထောင် ပြီး သဘာဝထိန်းသိမ်းရေးနယ်မြေ များတွင် အမျိုးသားဥယျာဉ် ၁၁ခု၊ အဏ္ဏဝါအမျိုးသားဥယျာဉ် နှစ်ခု၊ သဘာဝကြိုးဝိုင်းလေးခု၊တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော /  ဥယျာဉ် ၃၇ ခုနှင့်   ဘူမိရုပ်သွင်ထူးခြား နယ်မြေ  သုံးခုတို့      ပါဝင်ပြီး အာဆီယံအမွေအနှစ် ဥယျာဉ်များ အဖြစ်    ခါကာဘိုရာဇီ၊   နတ်မ တောင်၊ ထမံသီ၊ အလောင်းတော် ကဿဖ၊    အင်းတောကြီးကန်၊ အင်းလေးကန်၊ မိန်းမလှကျွန်းနှင့် လန်ပိကျွန်းတို့ ပါဝင်သောကြောင့် အာဆီယံနိုင်ငံများကြား ဂုဏ်တင့် လျက်ရှိသည်။

 


မျိုးသုဉ်းရန် ရင်ဆိုင်နေရသော 
နို့တိုက်သတ္တဝါများ


အမျိုးသားဥယျာဉ်များအဖြစ် သတ်မှတ်ရာ၌  ငှက်နှင့် နို့တိုက် သတ္တဝါများ  ကျက်စားပျော်မွေ့    မှုပေါ်     မူတည်၍      ဂေဟစနစ် အရ အမျိုးသားဥယျာဉ်များအဖြစ် သတ်မှတ်ထိန်းသိမ်းစောင့်ရှောက် လေ့ရှိပြီး   ချင်းပြည်နယ်  နတ်မ တောင်   အမျိုးသားဥယျာဉ်တွင် ရှားပါးမျိုးစိတ်နှင့်   မျိုးသုဉ်းရန် အန္တရာယ်ဖြင့်  ရင်ဆိုင်နေရသော နို့တိုက်သတ္တဝါများ      ဖြစ်သည့် မျောက်လွှဲကျော်၊   သင်းခွေချပ်၊ အင်းကျား၊   ဆတ်၊   တောခွေး၊ ခွေးတူဝက်တူ၊ ဝက်ဝံ၊ကြောင်မင်း၊ တောင်ဆိတ်နှင့် ငှက်မျိုးစိတ်များ ဖြစ်သော   အောက်ချင်း၊  အောင် လောင်၊ မျက်ခုံးဖြူငှက်ပြာခြောက်၊ ဇာမဏီငှက်နှင့်   Burmese  Tit ငှက်တို့ကို     အမျိုးသားဥယျာဉ် ၏    ထိရောက်သော    ဆန်းစစ် ခြင်း  အစိတ်အပိုင်းတစ်ခုအဖြစ် ထိန်းသိမ်းရေး  လုပ်ငန်းများကို သတ်မှတ်ဆောင်ရွက်လေ့ရှိသည်။

 


သဘာဝအခြေခံခရီးသွားလုပ်ငန်း 
အထောက်အကူပြု


“တောတောင်မှာ   ရစ်ငှက်၊ ဇာမဏီငှက်၊   အောက်ချင်းငှက် ရှိပြီဆိုရင် သဘာဝအခြေခံကောင်း များ  ရှိတဲ့အတွက်   ထိန်းသိမ်းမှု အဆင့်အောင်မြင်တယ်လို့ ပြောရ မှာပါ။ နတ်မတောင်မှာရှားပါးပြီးမျိုးသုဉ်းရန်အန္တရာယ်နဲ့ ရင်ဆိုင် နေရတဲ့   ငှက်နဲ့ နို့တိုက်သတ္တဝါ တွေ     ကျက်စားပျော်မွေ့မှုဟာ  အမျိုးသားဥယျာဉ်မှာ ဂေဟစနစ် နဲ့     မျိုးစိတ်များ     တည်ရှိနေမှု ကို    ပြသတာဖြစ်တဲ့အတွက် တောတောင်    ကောင်းမွန်ပြီး သဘာဝအရင်းအမြစ်တွေ ရှင်သန် နေတယ်ဆိုတာကို  ပေါ်လွင်စေပါ တယ်။

ချင်းပြည်နယ်မှာ အမျိုးသား ဥယျာဉ်   ခြောက်ခု    တည်ထောင် သတ်မှတ်ထားတာကြောင့်သဘာဝ အခြေခံခရီးသွား     လုပ်ငန်းကို အထောက်အကူပြုနေပါတယ်”ဟု နတ်မတောင်  အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူး    ဦးစိန်ထွန်းက ပြောသည်။

 


အာဆီယံအမွေအနှစ်အဖြစ်လည်းကောင်း၊    ရမ်ဆာရေဝပ် ဒေသအဖြစ်    လည်းကောင်း၊ လူသားနှင့်  ဇီဝအဝန်း  နယ်မြေ အဖြစ်လည်းကောင်း သတ်မှတ် ထားသော အင်းတော်ကြီးကန်နှင့် အင်းလေးကန်၊    ရမ်ဆာရေဝပ် ဒေသနှင့်   အာဆီယံအမွေအနှစ် အဖြစ် သတ်မှတ်ထားသော မိန်းမ လှကျွန်း၊      ခါကာဘိုရာဇီနှင့် နတ်မတောင်တို့သည် ပြည်တွင်း/ ပြည်ပခရီးသွားများ အထူးစိတ်ဝင် စားရာ နေရာများအဖြစ် တည်ရှိ သည်။ နတ်မတောင်အမျိုးသား ဥယျာဉ်၊ ဗွေပါးတောင်အမျိုးသား ဥယျာဉ်၊ စာမွှန်းတောင်အမျိုးသား ဥယျာဉ်၊   ကနေဒီ(ခေါ်)လေသာ တောင်    အမျိုးသားဥယျာဉ်၊ မီအေပီတောင် အမျိုးသားဥယျာဉ် နှင့် ဇိန်မူတောင်အမျိုးသားဥယျာဉ် တို့ဖြင့် ချင်းပြည်နယ်တွင် သဘာဝ ကို    အခြေခံသော  အမျိုးသား ဥယျာဉ်  ခြောက်ခုကို  သတ်မှတ် တည်ထောင်ထားကြောင်း  သိရ သည်။        

 

ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ - ကနူး