
မော်ကျွန်းမြင့်အောင်
မြန်မာနိုင်ငံ၌ ဝဿန်ကာလ မိုးရာသီသို့ ရောက်လာပြီဆိုလျှင် သဘာဝဘေးအန္တရာယ်များကား တစ်ခုမဟုတ်တစ်ခု ရောက်လာတတ်ပေသည်။ စာရေးသူတို့ မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့နိုင်ငံများနည်းတူ သဘာဝဘေးအန္တရာယ်များကျရောက်သည့် နိုင်ငံများစာရင်းတွင် အပါအဝင် ဖြစ်သည်။ မြန်မာနိုင်ငံ၏ မိုးရာသီ ကာလတွင် မိုးဦး၊ မိုးလယ်နှင့် မိုးနှောင်းဟူ၍ ရှိပါသည်။ မိုးဦးနှင့် မိုးနှောင်းကာလတို့သည်ကား သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်တတ်သော ကာလများ ဖြစ်သည်။
သဘာဝဘေးဆိုသည်မှာ
သဘာဝဘေးဆိုသည်မှာ ရှောင်ပြေး၍မရနိုင် သော ဖြစ်စဉ်တစ်မျိုးဖြစ်သည်။ ရာသီဥတု ပြောင်းလဲမှုအရ အချိန်တိုကာလတစ်ခုအတွင်း အရပ်ဒေသတစ်ခု သို့မဟုတ် တစ်ခုထက်ပိုမိုသော အရပ်ဒေသများဆီသို့ အလျင်အမြန် ကျရောက်တတ် သော သဘောသဘာဝမျိုး ဖြစ်သည်။
သဘာဝဘေးကျရောက်မည့် အချိန်အတိအကျ ခန့်မှန်းရန် ခဲယဉ်းသော်လည်း အတိုင်းအတာ တစ်ခုအထိ အနီးစပ်ဆုံး မှန်ကန်စွာသိရှိနိုင်ရန် မိုးလေဝသဌာနက ခန့်မှန်းနိုင်ကြပြီဖြစ်သည်။ ခန့်မှန်းရရှိသော မိုးလေဝသသတင်းအချက်အလက် များကိုလည်း အချိန်နှင့်တစ်ပြေးညီ ပြည်သူများ သိရှိနိုင်ရန် အားချင်း ထုတ်ပြန်ကြေညာပေးရသည်။ ထိုသို့ မိုးလေဝသဌာန၏ အကျိုးပြုမှုများကြောင့် ပြည်သူများ မုန်တိုင်းနှင့် ပတ်သက်သည့် ဗဟုသုတ များစွာ ရရှိကြသည်။ ကြိုတင် ကာကွယ်နိုင်ကြသည်။ ယင်းဖြစ်ပေါ်လာသော မုန်တိုင်းသည် မည်သည့် အဆင့်ရှိကြောင်း၊ မုန်တိုင်းဗဟိုချက်နှင့် အကွာ အဝေး မည်မျှတွင်တည်ရှိနေကြောင်း၊ မြန်မာနိုင်ငံ သို့ ဦးတည်ရွေ့လျားခြင်း မရှိသေးပါကြောင်း စသည်ဖြင့် ပြည်သူများစိုးရိမ်ပူပန်မှု မရှိရလေအောင် မိုးလေဝသဌာနက မိုးလေဝသသတင်းများအဖြစ် အချိန်ခြား၍ အဆက်မပြတ် ထုတ်ပြန်ကြေညာပေး လျက်ရှိသည်။
နာဂစ်မုန်တိုင်း
ထို့နည်းတူစွာပင် ကမ္ဘာနှင့် ဆက်စပ်နေသော မြန်မာနိုင်ငံသည်လည်း နွေရာသီတွင် ယခင်ကနှင့် မတူ အပူချိန်မြင့်တက်လာသည်။ မိုးလေဝသ မှတ်တမ်းများအရ ၁၉၇၇ ခုနှစ်မှစ၍ မြန်မာနိုင်ငံ နေရာဒေသအနှံ့အပြားတွင် အပူချိန်သိသိသာသာ မြင့်တက်လာခြင်းကို ပြည်သူတို့ တွေ့ကြုံရင်ဆိုင်နေ ရပေသည်။ စာရေးသူတို့ မြန်မာနိုင်ငံမှာ သဘာဝဘေး လေမုန်တိုင်းများလည်း ရံဖန်ရံခါ ကျရောက်သည်။ အထူးသဖြင့် မိုးကြိုကာလတွင် မုန်တိုင်းဖြစ်ပေါ်မှု ပိုမိုပါသည်။ အင်အားအလွန် ပြင်းထန်သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းမှာ မိုးကြိုမုန်တိုင်းပင်ဖြစ် သည်။ ၂၀၀၈ ခုနှစ် ဧပြီ ၂၈ ရက်တွင် ဘင်္ဂလား ပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းတစ်ခု စတင် သန္ဓေတည်ခဲ့ပြီးနောက် မေ ၁ ရက်တွင် ဧရာမ မုန်တိုင်းကြီးအဖြစ် ပြောင်းလဲရောက်ရှိသွားသည်။ မေ ၂ ရက်တွင် ကုန်းမြေဆီသို့ ဦးတည်တိုက်ခတ်ခဲ့ သည်။ ယင်းသဘာဝဘေး မိုးကြိုမုန်တိုင်းသည် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်တိုင်း ဒေသကြီးများဆီသို့ ဦးတည်ဝင်ရောက်တိုက်ခတ်ခဲ့ သည်။ နာဂစ်မုန်တိုင်းဒဏ်ကြောင့် လူပေါင်း ၁၄ဝဝဝဝ ခန့် အသက်ဆုံးရှုံးခဲ့ကြရသည်။ ပြည်သူ ထောင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြသည်။ နေအိမ် အဆောက်အဦ၊ ဥယျာဉ်၊ ခြံမြေများ ပျက်စီးခဲ့ကြရ သည်။ မိသားစုများ သေကျေပျက်စီးကာ တကွဲ တပြား ဖြစ်ခဲ့ကြသည်။ လူမှုဒုက္ခမျိုးစုံ မကြုံစဖူး တွေ့ကြုံ ခံစားကြရသည်။ ဤနာဂစ်ဘေးသည်ကား သမိုင်းဝင် ဆုံးရှုံးမှုအကြီးမားဆုံး သဘာဝဘေး အန္တရာယ် ဖြစ်သည်။
နာဂစ်မုန်တိုင်း တိုက်ခတ်မှုကြောင့် အသက် သေဆုံးမှုနှင့် ပစ္စည်းဆုံးရှုံးမှု အများဆုံး မြို့နယ်များ မှာ ဘိုကလေးမြို့နယ်၊ လပွတ္တာမြို့နယ်၊ မော်လမြိုင် ကျွန်းမြို့နယ်နှင့် ဖျာပုံမြို့နယ်တို့ ဖြစ်ကြသည်။ ဒေသခံပြည်သူများသည် သဘာဝဘေး မုန်တိုင်းကို ဇွဲသတ္တိဖြင့် ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ကြသည်။ အချိန်မီ ရုန်းထနိုင်ခဲ့ကြသည်။ ပြန်လည် တည်ဆောက်နိုင် ခဲ့ကြသည်။ ထိုသဘာဝဘေး အန္တရာယ်များသည် မြန်မာနိုင်ငံသို့ မဖိတ်ခေါ်ဘဲနှင့် ဧည့်သည်အနေဖြင့် အလည်ဝင်ရောက်လာတတ်သည့် သဘောရှိသည်။ တစ်နည်းဆိုရလျှင် သဘာဝဘေးသည် တစ်ကြိမ် လာရောက်ပြီးပါက နောက်တစ်ကြိမ်လာရန် လမ်းစရှိနေပြီဖြစ်သည်။ ယင်းနာဂစ် သဘာဝဘေး ကာလအတွင်း လပွတ္တာမြို့နယ် ဆားကျင်းများ ပျက်စီးမှုနှင့် ဘိုကလေး၊ ဖျာပုံ မော်တော်ကားလမ်း ပျက်စီးမှုသတင်းများနှင့် ပတ်သက်၍ ပြည်သူများ သတင်းမှန်သိရှိနိုင်စေရန်အတွက် စာရေးသူသည် နာဂစ်ဒေသများသို့ ကွင်းဆင်းသွားရောက်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ မြင်ကွင်းအဖုံဖုံ သတင်းစုံကိုရယူခဲ့ရသည်။ ဆောင်းပါးများ ရေးသားပြီး ပြည်သူထံ သတင်းမှန် ပြန်လည်တင်ပြခဲ့ ရပါသည်။
ရာသီဥတုဖောက်ပြန် ပြောင်းလဲလာ
ယခုအခါ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ် များသည် ယခင်ကနှင့်မတူ ပြောင်းလဲမှုမြန်ဆန်လာ သည်။ အထူးသဖြင့် ၂၁ ရာစု အစပိုင်းမှစ၍ ကမ္ဘာ့ ရာသီဥတုပြောင်းလဲမှု ပိုမိုသိသာထင်ရှားလာခဲ့ သည်။ သို့ဖြစ်ရာ ရာသီဥတုတို့မှာ ပုံမှန်ဖြစ်ပေါ်မှုမျိုး မဟုတ်တော့ဘဲ ပြောင်းလဲဖောက်ပြန်လာသော ကြောင့်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် လူတို့၏ မဆင်မခြင် ဆောင်ရွက်မှု၊ အခြားစည်းကမ်းမဲ့ လုပ်ဆောင်မှုများကြောင့် ရာသီဥတုဖောက်ပြန် ပြောင်းလဲလာခြင်းဖြစ်သည်။ သဘာဝဖြစ်စဉ်များ သည် တစ်စထက်တစ်စ ယိုယွင်းပျက်စီးလာသဖြင့် အေးချမ်းသာယာသော ကမ္ဘာကြီးမှာ ပူနွေးလာခဲ့ သည်။ ဆိုးရွားသည့် အကျိုးဆက်များလည်း ဆက်တိုက်ဖြစ်ပေါ်လျက်ရှိသည်။
ကြိုတင်ပြင်ဆင်ကာကွယ်
ထို့ကြောင့်လည်း သဘာဝဘေးများဖြစ်သော လေမုန်တိုင်းတိုက်ခတ်ခြင်း၊ ပင်လယ်ဒီရေ အဆမ တန်မြင့်တက်လာခြင်း၊ မိုးသည်းထန်စွာ အဆက် မပြတ် ရွာသွန်းခြင်း၊ ရုတ်တရက် ရေကြီးလာခြင်း၊ မြေပြိုလာခြင်းနှင့် သတ်မှတ်ချက်ထက် ပိုမိုပြီး မြစ်ရေကြီးလာခြင်း စသောသဘာဝဘေးများမှာ အချိန်တို ကာလအတွင်း အလျင်အမြန် ကျရောက် တတ်သဖြင့် သဘာဝဘေး လျော့ပါးရေးလုပ်ငန်းများ ကို ကြိုတင်ပြင်ဆင် ကာကွယ်ဆောင်ရွက်ထားကြ ရမည် ဖြစ်ပေသည်။
ဤသို့ သဘာဝဘေးလျော့ပါးရေး ကြိုတင် ပြင်ဆင်ကာကွယ်ရေး နည်းလမ်းများဖြင့် ဆောင် ရွက်ကြရာတွင် ပြည်သူများကလည်း နိုးကြား တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြပြီး သဘာဝဘေး မကျရောက်မီကာလအတွင်း ကြိုတင်ပြင်ဆင် စုဆောင်းထားရှိကြရမည် ဖြစ်သည်။
၁။ အရေးကြီး စာရွက်စာတမ်းများ
၂။ အဖိုးတန် ရွှေ၊ ငွေပစ္စည်းများ
၃။ မရှိမဖြစ်သော ဆေးဝါးများ
၄။ လိုအပ်သော အသုံးအဆောင်ပစ္စည်းများကို မိမိတို့နှင့် တစ်ပါတည်း ယူဆောင်ထားနိုင်ရန် ထုပ်ပိုး ပြင်ဆင်ထားရမည်ဖြစ်သည်။ ထို့ပြင် မုန်တိုင်းလမ်းကြောင်းနှင့် ကင်းလွတ်သည့်နေရာသို့ လည်း ရွှေ့ပြောင်းထားရမည်ဖြစ်သည်။ မိမိတို့ ကျေးရွာအုပ်စုတွင် ဆိုင်ကလုန်းရှယ်လ်တာ အဆောက်အဦရှိပါက ဆိုင်ကလုန်းရှယ်လ်တာ အဆောက်အဦများပေါ်သို့ မိသားစုများပါ ခေါ်ဆောင်ပြီး ယာယီခိုလှုံနေထိုင်ကြရမည် ဖြစ်သည်။ မိမိတို့ နေအိမ်ကိုလည်း အတတ်နိုင်ဆုံး ခိုင်ခန့်အောင် ကြိုတင်ပြင်ဆင်ထားခဲ့ရမည် ဖြစ်သည်။
ရဲရဲရင်ဆိုင်နိုင်ကြမည်
ထို့ပြင် မုန်တိုင်းကျရောက်သည့်အချိန်တွင် အနီးကပ်ဆုံး သို့မဟုတ် အစိတ်အပိုင်းအတွင်း ကျရောက်နေပါက အလျင်အမြန်ပြင်ဆင်ပြီး ရွှေ့ပြောင်းကြရန် ဖြစ်သည်။ မိမိရပ်ကွက်၊ ကျေးရွာ အုပ်စုနယ်မြေသည် အဝေးပြေးလမ်းမကြီးများနှင့် ထိစပ်နေပါက အဝေးပြေးလမ်းမကြီးများကို အသုံးပြုပြီး မုန်တိုင်းသဘာဝဘေးမှ ကင်းလွတ်ရာ နေရာသို့ အချိန်မီ ရွှေ့ပြောင်းကြရမည်ဖြစ်သည်။ ယခုအခါ ဇူလိုင်လ မိုးရာသီသို့ ရောက်ရှိနေပြီဖြစ်ရာ သဘာဝဘေးအန္တရာယ်များသည် အချိန်မရွေး၊ အခါ မရွေး ကျရောက်နိုင်သည့်အတွက် ခရိုင်နှင့် မြို့နယ် အလိုက် ဒေသဆိုင်ရာ စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ သဘာဝဘေးကယ်ဆယ်ရေးအဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ကြက်ခြေနီနှင့် မီးသတ်တပ်ဖွဲ့ဝင် များသည် သဘာဝဘေးကြိုတင်ပြင်ဆင်ရေး မုန်တိုင်းသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ထားကြရမည်ဖြစ်ပါသည်။ ဤသို့ မုန်တိုင်း သဏ္ဌာန်တူ လေ့ကျင့်ပြင်ဆင်ထားပါက ဒေသခံ ပြည်သူများအနေဖြင့် မုန်တိုင်းကို ကြောက်ရွံ့မနေ တော့ဘဲ ရဲရဲရင်ဆိုင်နိုင်ကြမည် ဖြစ်သည်။
သို့ဖြစ်ရာ ပင်လယ်နှင့် ထိစပ်နေသော မြို့နယ် များ၊ ကျေးရွာများအနေဖြင့် မုန်တိုင်းအန္တရာယ် သတိပေးချက်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစီအစဉ်များ၊ အခြားမီဒီယာများမှ ရယူကြရမည် ဖြစ်သည်။ ယင်းရပ်ကွက်၊ ကျေးရွာများအနေဖြင့် မြန်မာ့အသံ ရေဒီယိုကို အမြဲမပြတ်ဖွင့်ထားပြီး ရေဒီယိုနားထောင်သည့် အလေ့အကျင့် ပြုစုပျိုးထောင် ထားကြရန် ဖြစ်သည်။ ရေဒီယိုသည် တောင်ပေါ်၊ မြေပြန့် မခွဲခြား၊ ပင်လယ်ပိုင်းခရီးသို့ပင် တိုက်ရိုက် အရောက်သွားပြီး သတင်းစကား ဖြန့်ချိလျက်ရှိရာ မြန်မာ့အသံရေဒီယိုသည် အသက်ဖြစ်ပါသည်။ ရေဒီယိုမှ မိုးလေဝသသတင်းများ နားထောင်ရမည်။ ရေဒီယိုမရှိလျှင် သတင်းအဆက်အသွယ် ဘာမျှ မရ ရှိနိုင်ပါ။ သို့ပါသောကြောင့် ရပ်ကွက်၊ ကျေးရွာ နယ်မြေ၊ တောင်ပေါ်နှင့် မြေပြန့်၊ ပင်လယ်ပိုင်းဒေသ များပါမကျန် ဒေသခံပြည်သူများ၏ နေအိမ်တစ်အိမ် လျှင် ရေဒီယိုတစ်လုံးထားရှိနိုင်ရန် စီစဉ်ကြရမည် ဖြစ်သည်။
အနှစ်ချုပ်တင်ပြရလျှင် သဘာဝဘေးသည် ကြောက်စရာ အကောင်းဆုံးဖြစ်သည်။ လူတို့၏ မဆင်မခြင်၊ စည်းကမ်းမဲ့ လုပ်ဆောင်မှုများကြောင့် သဘာဝပတ်ဝန်းကျင် တစ်စတစ်စ ယိုယွင်းပျက်စီး လာသည်။ ရာသီဥတုမှာလည်း ပုံမှန်မဟုတ်တော့ဘဲ ပြောင်းလဲမှုဖြစ်စဉ် မြန်ဆန်လာသည်။ ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များကြောင့် သဘာဝဘေး အန္တရာယ်များ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ပြည်သူများအနေဖြင့် ယခု မိုးရာသီကာလတွင် သဘာဝဘေးအန္တရာယ်များ ရှိနေပါ၍ ဂရုပြု နေထိုင်ကြပြီး “သဘာဝဘေး လျော့ပါးရေး အလေးထား ကြိုတင်ပြင်ဆင်ကာကွယ်” သွားကြရန် ရေးသားတင်ပြလိုက်ရပါသည်။ ။
- Log in to post comments