
နေပြည်တော် ဇူလိုင် ၁၅
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယမန်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဘိုကလေးမြို့နယ် ကဒုံကနိကြိုးဝိုင်း အကွက်အမှတ် (၃၆) ရှိ (၁/၂၀၀၈) ဒီရေတောစိုက်ခင်း ဧက ၁၀၀၀ ထိန်းသိမ်းစောင့်ရှောက်ထားမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကဒုံကနိကြိုးဝိုင်း အကွက်အမှတ် (၅၄) အတွင်း တည်ထောင်ထားသော (၂/၂၀၂၂) ဒီရေတောစိုက်ခင်း ဧက ၄၅၀ သို့ရောက်ရှိပြီး စိုက်ခင်းအတွင်း သမဲ့ကြီး၊ ဗြူးရွှေဝါ၊ ကျန၊ ကန့်ပလာ၊ လမု၊ ကနစို၊ မဓမသစ်မျိုး ခုနစ်မျိုးဖြင့် စိုက်ပျိုးထားမှုနှင့် ကဒုံကနိကြိုးဝိုင်း အကွက် (၅၄) ရှိ သစ်မျိုး ငါးမျိုးဖြင့် စိုက်ပျိုးထားသော (၃/၂၀၂၁) ဒီရေတောစိုက်ခင်း ဧက ၄၀၀ ၏ ရှင်သန် အောင်မြင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကဒုံကနိ ကြိုးဝိုင်း အကွက်အမှတ် (၄၉) ရှိ ဗြုံးမွှေးကျွန်း ပျိုးဥယျာဉ်တွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ သဘာဝဒီရေတောများနှင့် ဒီရေတောစိုက်ခင်းများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ရာသီဥတု ဖောက် ပြန်မှုကို လျော့ကျစေခြင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်မှုကြောင့် ဖြစ်ပေါ်လာမည့် ထိခိုက် ပျက်စီးမှုများကို အဟန့်အတားဖြစ်စေခြင်း၊ ငါးပုစွန်တို့ ပေါက်ဖွားရာ နေရာများတိုးပွားလာစေ ခြင်း၊ ဒေသခံများ၏ လူနေမှုဘဝ တိုးတက်လာစေရန် အထောက်အကူပြုခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည့်အတွက် ဒေသခံများအနေဖြင့် မိမိဒေသရှိ ဒီရေတောများ ရေရှည်တည်တံ့စေရေး ထိန်းသိမ်းစောင့်ရှောက်သွားစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။ ဆက်လက်၍ ဒေသခံများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ် ဖြည့်ဆည်းပေးပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ထောက်ပံ့ငွေများပေးအပ်ကာ ဒေသခံ များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဗြုံး မွှေးကျွန်းပျိုးဥယျာဉ်အတွင်း ပျိုးပင်များ ပျိုးထောင် ထားရှိမှု၊ အကွက်အမှတ်(၄၉)ရှိ သဘာဝဒီရေတော များ ထိန်းသိမ်းစောင့်ရှောက်ထားမှုနှင့် ဗြုံးမွှေးကျွန်း ပတ်ဝန်းကျင်ဒေသခံများ မိကျောင်းအန္တရာယ် ကင်းဝေးစေရေးအတွက် မိကျောင်းအန္တရာယ် ကင်းစင်ရေးခြံများ ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် သစ်တောဦးစီးဌာန အနေဖြင့် ၂၀၂၂ မိုးရာသီအတွင်း ဒီရေတောစိုက်ခင်း ဧက ၂၈၀၀ တည်ထောင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်