
မန္တလေး သြဂုတ် ၅
မန္တလေးတိုင်းဒေသကြီးအတွင်း သဘာဝ ဘေးအန္တရာယ်များ ကျရောက်မှုများဖြစ်ပွားပါ က ထိခိုက်ပျက်စီးဆုံးရှုံးမှု လျော့နည်းသက်သာ စေရန်အတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မန္တလေး တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအေးမင်းသူ က ပြောကြားသည်။
အဆိုပါ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်ပြီး စီမံခန့်ခွဲရာတွင် မဖြစ်ပွားမီ ကာလ၊ ဖြစ်ပွားနေစဉ်ကာလနှင့် ဖြစ်ပွား ပြီးကာလဟူ၍ အပိုင်းသုံးပိုင်းရှိကြောင်း၊ ယင်းအပိုင်းသုံးပိုင်းသည် အရေးကြီးသည့် အပိုင်းများဖြစ်ကြောင်း၊ အထူးသဖြင့် မဖြစ်မီ အခြေအနေတွင် ကြိုတင်ပြင်ဆင်မှုလုပ်ငန်း များ ကောင်းကောင်းလုပ်နိုင်ပါက တုံ့ပြန်ရေး အပိုင်းတွင်လည်း ကောင်းလာနိုင်ပြီး တုံ့ပြန်ရေးကောင်းလာသည်နှင့်အမျှ ကျရောက် သည့် ပြင်းအားအတိုင်းမရှိဘဲ လျော့ပါး သက်သာစွာ ခံစားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းအခြေအနေကို တည်ဆောက် နေခြင်းဖြစ်ကြောင်း သိရသည်။
“သဘာဝဘေးနဲ့ပတ်သက်ပြီး စီမံခန့်ခွဲမှု က အပိုင်းသုံးပိုင်းရှိပါတယ်။ အဲဒီသုံးပိုင်း အပေါ် ကြည့်တဲ့အခါ မဖြစ်မီအခြေအနေမှာ ကြိုတင်ပြင်ဆင်မှု ကောင်းကောင်းလုပ်နိုင် သလား၊ ပြည်သူတွေသိရှိသလား၊ ပူးပေါင်း ပါဝင်မှုတွေ ရှိသလားဆိုတာတွေ ပြန်လည် ထူထောင်ရေးအပိုင်းတွေမှာ သက်ရောက် မှုတွေ ရှိပါတယ်။ ကြိုတင်ပြင်ဆင်မှု အားကောင်းနေရင် တုံ့ပြန်ရေးကောင်းလာပါ တယ်။ နိုင်ငံတကာမှာဆိုရင် သဘာဝဘေးနဲ့ ပတ်သက်ပြီး စီမံခန့်ခွဲမှုလုပ်ငန်းတွေကို တကယ် အလေးထားလုပ်တယ်။ ဖြစ်ပွား ပြီးမှ ဆောင်ရွက်တာနဲ့စာရင် မဖြစ်မီ က ဆောင်ရွက်တဲ့အတွက် ထိခိုက်ပျက်စီးမှု နည်းတယ်။ နည်းတဲ့အတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေမှာ အသုံးပြုရတဲ့ ဘတ်ဂျက်တွေ၊ ငွေတွေ၊ ဆက်စပ်ကဏ္ဍအလိုက် ဆုံးရှုံးမှုတွေ လျော့သွားပါတယ်။ ကြိုတင် ပြင်ဆင်မှုကောင်းရင် အန္တရာယ်တစ်ခုခု ကျရောက်ခဲ့ပေမယ့် ဘေးအန္တရာယ် ဖြစ် လောက်တဲ့အထိ မခံစားရတော့ပါဘူး။ အဲဒါ ကြောင့် ဘေးဒဏ်ကို ကြံကြံခံတုံ့ပြန်ရင်ဆိုင် နိုင်တဲ့ အနေအထားကို တည်ဆောက်နေတာ ဖြစ်ပါတယ်” ဟု ၎င်းကဆက်လက်ရှင်းပြ သည်။
အဆိုပါ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်ပြီး ဆောင်ရွက်သည့်အချိန်တွင် သက်ဆိုင်ရာဌာနများ၊ အုပ်ချုပ်မှုဆောင်ရွက် နေသည့် အဖွဲ့များနှင့်သာ ဆောင်ရွက်လို့ရ သည့် လုပ်ငန်းမျိုးမဟုတ်ခြင်းကြောင့် ပြည်သူ များကလည်း အဓိကပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထိုသို့ ပြည်သူများ ပူးပေါင်း ပါဝင်ပြီး လိုက်ပါဆောင်ရွက်မှသာ ဘေးဒဏ် ခံနိုင်သည့် လူမှုအသိုင်းအဝိုင်းတစ်ခုကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း သိရ သည်။
မင်းထက်အောင်(မန်းကိုယ်ပွား)