သဘာဝဘေးအန္တရာယ်ကို သတိမူကြိုတင်ပြင်ဆင်ကာကွယ်

ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ကမ္ဘာ တစ်ဝန်းတွင် ကြုံတွေ့နေရသည်။ မြန်မာနိုင်ငံသည်လည်း သဘာဝဘေးအန္တရာယ် အမျိုးမျိုးကို နှစ်စဉ် တစ်မျိုးမဟုတ်တစ်မျိုး ကြုံတွေ့လျက်ရှိသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်က ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်း ရပ်ဝန်းမှ မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည်ကို သိကြပြီးဖြစ်သည်။ ယမန် နေ့ကလည်း မထင်မှတ်ဘဲ မိုးသက်လေပြင်းတိုက်ခတ်မှုကို ကြုံတွေ့ခဲ့ရသေးသည်။
ယခုအချိန်အခါတွင် ပြည်သူများကြား၌ ကောလာဟလအမျိုးမျိုး ပေါ်ထွက်  လေ့ရှိရာ  သဘာဝဘေးနှင့်ပတ်သက်သည့်  ကောလာဟလသတင်းမှားများကို မယုံစားဘဲ မိုးလေဝသနှင့်ဇလဗေဒဌာနမှ တရားဝင်ထုတ်ပြန်သောသတင်းများ ကိုသာ သိရှိမှတ်သား လုပ်ကိုင်ဆောင်ရွက်ကြရန် အသိပေးလိုပါသည်။ သဘာဝ ဘေးအမျိုးမျိုးတို့တွင် ကြိုတင်ခန့်မှန်းနိုင်သော အမျိုးအစားများရှိသလို မခန့်မှန်း နိုင်သော  သဘောမျိုးလည်းရှိတတ်သည်ကို သတိမူရမည်ဖြစ်သည်။ မည်သို့ပင် ရှိသည်ဖြစ်စေ မိုးလေဝသသတင်းများနှင့် သဘာဝပတ်ဝန်းကျင်ကို သတိပြုအလေး ထားပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။


ပြီးခဲ့သည့် ရက်သတ္တပတ် မတ်လအတွင်းဖြစ်ပွားခဲ့သည့် မုန်တိုင်းငယ်သည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် နှစ်ပေါင်းတစ်ရာကျော် မုန်တိုင်းရာဇဝင်သမိုင်း၌ တစ်မူထူးခြားသောမုန်တိုင်းငယ်ဖြစ်သည်ဟု ဆိုပါသည်။ တစ်ကြိမ်တစ်ခါမျှ ဖြစ်ပွား လေ့မရှိသော သဘောသဘာဝနှင့် မုန်တိုင်းအဖြစ်နည်းသော ဧရိယာဖြစ်သည့် ကပ္ပလီပင်လယ်ပြင်တွင် အစပျိုးဖြစ်ပွားခဲ့ခြင်းသည် ထူးခြားမှုဟုဆိုပါသည်။ မုန်တိုင်းစတင်အစပျိုးချိန်တွင် ကပ္ပလီပင်လယ်ပြင်၌ မတ်လ ပျမ်းမျှအပူချိန်ထက် ပိုပူနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် မတ်လ ပျမ်းမျှအပူချိန်အောက် လျော့ နည်းနေသဖြင့် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် မုန်တိုင်းဖြစ်ပေါ်နိုင်သည့် အခြေအနေပိုများခဲ့ပါသည်။ ယခုနှစ် မတ်လနှင့် ဧပြီလတွင် ပင်လယ်ရေပြင်၊ မြေပြင် တို့တွင် အပူချိန်ပိုများနေသည်မှာ မုန်တိုင်းဖြစ်ပေါ်လာနိုင်သည့်အခြေအနေများ ဖြစ်သည်။


ထို့ကြောင့် ယခုရာသီကာလများတွင် မုန်တိုင်းဖြစ်ပေါ်လာနိုင်မှုနှင့် မုန်တိုင်း မဖြစ်လျှင်လည်း မိုးသက်လေပြင်းတိုက်ခတ်မှုများနှင့် ကြုံတွေ့နိုင်သည်ကို သတိ ပြုရမည်ဖြစ်သည်။   မုန်တိုင်းအန္တရာယ်ကျရောက်လာမည်ဆိုပါက   ကြိုတင် ကာကွယ်ရေးလုပ်ငန်းများသည် အလွန်အရေးပါလှပါသည်။ အများပြည်သူတို့ အနေဖြင့်  ယခုကာလများတွင်  ဘင်္ဂလားပင်လယ်အော်၌  မုန်တိုင်းအမျိုးမျိုး ဖြစ်ပေါ်လာနိုင်သဖြင့် အထူးသတိထားရမည်ဖြစ်သည်။ မုန်တိုင်းဖြစ်ပေါ်သည်နှင့် မုန်တိုင်းအခြေအနေသတင်းများကို နိုင်ငံပိုင်သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားနှင့် မိုးလေဝသနှင့်ဇလဗေဒဌာနမှ အသိပေးထုတ်ပြန်ချက်များကို မျက်ခြည်မပြတ် ဂရုစိုက်နားထောင်မှတ်သားရန် လိုအပ်ပါသည်။ အခြားတရားမဝင်ထုတ်ပြန်သော မုန်တိုင်းသတင်းများကို မယုံကြည်ရန်၊ သတင်းစကားမပါးကြရန် လိုအပ်ပါသည်။
မိမိဒေသတွင်    မုန်တိုင်းဒဏ်ခံနိုင်သောနေရာ၊   အဆောက်အအုံများကို ကြိုတင်ရွေးချယ်ထားဖို့လိုပါသည်။ မုန်တိုင်းကျရောက်တော့မည်ဆိုပါက လိုအပ် သော သောက်သုံးရေ၊ အစားအစာ၊ အဝတ်အထည်စသည့်ပစ္စည်းများကို ကြိုတင် ပို့ဆောင်စုဆောင်းထားရန်လိုပါသည်။   မုန်တိုင်းဗဟိုချက်မှ   ဖြတ်သန်းသွား ပြီးနောက် နာရီဝက်အတွင်း ပိုမိုပြင်းထန်သော လေတိုက်ခတ်တတ်သည်ကို သတိပြု ဖို့လိုပါသည်။ ယခုအခါ ရာသီဥတုပြောင်းလဲလာမှုကြောင့် အချို့သော မုန်တိုင်းကြီး များသည် ရာစုနှစ်တစ်ခုအတွင်း ထူးထူးခြားခြား ဖြစ်ပေါ်လာတတ်သည်ကို သတိပြုဖို့လိုပါသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် နေထိုင်ရာဒေသများတွင် မိမိတို့ဘဝသက်တမ်းတစ်လျှောက်၌ ကြီးမားသောမုန်တိုင်းအန္တရာယ်ကို မကြုံတွေ့ ခဲ့ဖူး၍ မုန်တိုင်းကို သတိမမူ ပေါ့ပေါ့ဆဆမနေထိုင်ကြဘဲ သက်ဆိုင်ရာမှ သတိပေး ချက်များကို အလေးထားဖို့လိုပါသည်။
မုန်တိုင်းတစ်ခု၏ အဖျက်စွမ်းအားအကြီးမားဆုံးအပိုင်းသည် မုန်တိုင်း ဦးတည်ရာသို့ မျက်နှာမူပါက မုန်တိုင်းဗဟိုချက်၏ လက်ယာဘက်ဖြစ်ရာ မုန်တိုင်း ဒီရေသည်လည်း ဗဟိုချက်၏ လက်ယာဘက်မှသာ ဖြစ်ပေါ်လေ့ရှိသည်ကို သတိပြု ရမည်ဖြစ်သည်။  အထူးသဖြင့် လပြည့်လကွယ်  ရေထရက်များတွင်  မုန်တိုင်း ဝင်ရောက်ပါက မုန်တိုင်းဒီရေအမြင့်ဆုံးဖြစ်တတ်သည်ကို အထူးသတိပြုရမည် ဖြစ်သည်။ မုန်တိုင်းဝင်ရောက်သည့်ဒေသသည် ရေတိမ်ဒေသ၊ ပင်လယ်အော်အဝ ဘက်၊ ရေထချိန်၊ လူနေထူထပ်မှု၊ ကမ်းရိုးတန်းကို ထောင့်မှန်ကျဝင်ရောက်မှု၊ မြစ်လက်တက်များသည့်ဒေသ  စသည့်အချက်များနှင့်ကိုက်ညီလျှင်  အသေ အပျောက်၊ အပျက်အစီး ပိုမိုများပြားနိုင်သည်ကို အထူးသတိပြုရမည်ဖြစ်သည်။

 
သို့ဖြစ်ရာ ယခုရောက်ရှိနေသည့် ဧပြီ၊ မေလများသည် မြန်မာနိုင်ငံအတွက် မုန်တိုင်းရာသီဖြစ်ပေါ်နေသဖြင့် မုန်တိုင်းကျရောက်ရာလမ်းကြောင်း၊ ကမ်းရိုး တန်းဒေသများ၊ မြစ်ချောင်းမြစ်လက်တက်ဒေသများ၌ နေထိုင်ကြသော ပြည်သူ များအနေဖြင့် မုန်တိုင်းသတင်းအချက်အလက်များကို ရေဒီယိုဖြင့် အမြဲနားထောင် မှတ်သား၍ ကြိုတင်ပြင်ဆင် ကာကွယ်ထားခြင်းသည် ဘေးထိခိုက်မှုအနည်းဆုံးဖြစ်နိုင်ပါကြောင်း။         ။