
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေကို ပြန်လည်သုံးသပ်ခြင်း၊ မြန်မာ့လူမှုကာကွယ်စောင့်ရှောက်ရေး အထောက်အပံ့ဥပဒေ(မူကြမ်း)ရေးဆွဲခြင်းနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ(မူကြမ်း)နှင့်ပတ်သက်၍ ဝန်ကြီးဌာနနှင့်သက်ဆိုင်သော ကဏ္ဍများအပေါ် အကြံပြုညှိနှိုင်းဆွေးနွေး
========================================================================================================================================================================
နေပြည်တော် ဇန်နဝါရီ ၂
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဥပဒေကို ပြန်လည်သုံးသပ်ခြင်း၊ မြန်မာ့လူမှု ကာကွယ်စောင့်ရှောက်ရေး အထောက်အပံ့ဥပဒေ (မူကြမ်း)ရေးဆွဲခြင်းနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ(မူကြမ်း) ရေးဆွဲ ထားမှုနှင့်ပတ်သက်၍ ဝန်ကြီးဌာနနှင့် သက်ဆိုင်သော ကဏ္ဍများအပေါ် အကြံပြုဆွေးနွေးညှိနှိုင်းမှုများကို Virtual Meeting ဖြင့် ကျင်းပသည်။
တက်ရောက်
ညှိနှိုင်းဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ ဒီမိုကရေစီအသွင်ကူးပြောင်း ရေးကာလတွင် မိမိတို့ဝန်ကြီးဌာနနှင့် ပတ်သက်သော လိုအပ်သည့် တည်ဆဲ ဥပဒေများကို ပြင်ဆင်ခြင်းနှင့် အသစ် ပြဋ္ဌာန်းခြင်းတို့ကို ပြုလုပ်ရန် စိစစ် ဆောင်ရွက်လျက်ရှိကြောင်း၊ ဒီမို ကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး၊ ပြည်သူလူထုအကျိုး ပြုရေး စသည့် ဦးတည်ချက်များ ထားရှိ၍ ခေတ်စနစ်နှင့် ညီညွတ်သော ဥပဒေများဖြစ်စေရန်၊ ဒီမိုကရေစီစံနှုန်း စံထားများနှင့် ကိုက်ညီမှုရှိစေရန်၊ လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့် ညီညွတ်မှုရှိစေရန်၊ ပြည်သူလူထုအပေါ် ဖိနှိပ်ချုပ်ချယ်သော ဥပဒေမျိုးမဖြစ် စေရန် နိုင်ငံတကာစာချုပ်စာတမ်းများ၊ ကွန်ဗင်းရှင်းများ၏ ဆုံးဖြတ်ချက်များ နှင့် ဆီလျော်စေရန်နှင့် ပြည်သူလူထု အကြား သဟဇာတဖြစ်စေရေး၊ သွေးစည်းညီညွတ်ရေးကို မြှင့်တင် စေရန် စသည့် အခြေခံအချက်များကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ ယနေ့ ဆွေးနွေးကြမည့် ဥပဒေများနှင့် ပတ်သက်၍ ယခင်အလုပ်ရုံဆွေးနွေးပွဲ များက အကြံပြုချက်များ၊ ဥပဒေ ပညာရှင်၏ သုံးသပ်အကြံပြုချက်များ အပေါ်မူတည်ပြီး ရှေ့ဆက်ဆောင်ရွက် သွားရန်ဖြစ်ကြောင်း၊ လက်ရှိ တည်ဆဲဥပဒေများကို လက်တွေ့ အသုံးချ ဆောင်ရွက်နေကြသောသူ များ၏ အတွေ့အကြုံသင်ခန်းစာများ နှင့် စိန်ခေါ်မှုအခက်အခဲများကို ထည့်သွင်းစဉ်းစားရန်မှာ အဓိကအချက် ဖြစ်ပါကြောင်း၊ အစည်းအဝေး တက်ရောက်လာကြသူများအနေဖြင့် လက်တွေ့ အတွေ့အကြုံများ ရရှိ ကြပြီးသူများဖြစ်၍ သုံးသပ်ဆွေးနွေး ပေးကြပါရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးက သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ အကောင်အထည်ဖော်ရာတွင် တွေ့ကြုံ ခဲ့ရသည့် အခြေအနေများကို ဆွေးနွေး ပြောကြားသည်။
ဝိုင်းဝန်းဆွေးနွေး
ဆက်လက်၍ အမြဲတမ်းအတွင်းဝန်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်က သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ၊ နည်းဥပဒေများ ပြန်လည် သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေး ပွဲများ ဆောင်ရွက်ခဲ့မှုအခြေအနေ၊ ဥပဒေပါ ပြဋ္ဌာန်းချက်များအပေါ် အလုပ်ရုံဆွေးနွေးပွဲများက အကြံပြု ချက်များ၊ ဥပဒေပညာရှင်၏ သုံးသပ် အကြံပြုချက်များကို ရှင်းလင်းဆွေးနွေး သုံးသပ်တင်ပြရာ အစည်းအဝေး တက်ရောက်လာသူများက သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသဖြစ်ကြောင်း ကြေညာခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ သုံးစွဲခွင့်နှင့် လုပ်ပိုင်ခွင့်များ၊ နိုင်ငံတကာအကူအညီ များလက်ခံခြင်း၊ လူမှုအဖွဲ့အစည်း များ၊ အသင်းအဖွဲ့များ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်း၊ မီဒီယာများ၏ အခန်းကဏ္ဍ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ အပေါ် ဆွေးနွေးခြင်းနှင့် ဥပဒေပြန်လည် သုံးသပ်သည့် လုပ်ငန်းအဆင့်ဆင့် အတွက် အချိန်သတ်မှတ်ထားရှိ ဆောင်ရွက်ခြင်း စသည့် အကြောင်း အရာများအပေါ် ဝိုင်းဝန်းဆွေးနွေးခဲ့ ကြသည်။
မွန်းလွဲပိုင်းတွင် မြန်မာ့လူမှုကာကွယ် စောင့်ရှောက်ရေး အထောက်အပံ့ ဥပဒေ(မူကြမ်း) ရေးဆွဲထားမှုအပေါ် ကနဦး ဆွေးနွေးကြရာတွင် ပြည်ထောင်စုဝန်ကြီးက လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းသည် ဆင်းရဲမှု လျှော့ချရေး၊ လူသားစွမ်းရည်အရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် အရေးပါသော လုပ်ငန်းဖြစ် ကြောင်း၊ လူမှုကာကွယ်စောင့်ရှောက် ရေးဆိုင်ရာ အထောက်အပံ့များ အတွက် ရေရှည်တည်တံ့ခိုင်မြဲသည့် အထောက်အပံ့အစီအစဉ်ကို ရင်းနှီး မြှုပ်နှံမှုတစ်ခုအဖြစ် စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ရန် ရန်ပုံငွေပိုင်းဆိုင်ရာခိုင်မာမှုနှင့် ဥပဒေ နှင့်အညီ ဆောင်ရွက်ရန်လိုအပ် ကြောင်း ပြောကြားသည်။
ဆွေးနွေးအကြံပြု
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန လူမှုကာကွယ်စောင့်ရှောက်ရေးဌာန (ခွဲ) ညွှန်ကြားရေးမှူးက မြန်မာ့လူမှုကာကွယ်စောင့်ရှောက်ရေး အထောက် အပံ့ဥပဒေ(မူကြမ်း) ရေးဆွဲထားမှုနှင့် ပတ်သက်၍ ဥပဒေ(မူကြမ်း)ကို အခန်းကဏ္ဍအလိုက်၊ အပိုဒ်ခွဲများ အလိုက် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များက ဥပဒေ(မူကြမ်း)အပေါ် ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြ သည်။
ဆက်လက်၍ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေ(မူကြမ်း) ရေးဆွဲ ထားမှုနှင့်ပတ်သက်၍ ဝန်ကြီးဌာနနှင့် သက်ဆိုင်သော ကဏ္ဍများအပေါ် အကြံပြုဆွေးနွေးညှိနှိုင်းကြရာတွင် ပြန်လည်ထူထောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံ အနေဖြင့် လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ဥပဒေ(မူကြမ်း) စတင် ဖြစ်ပေါ်လာခဲ့သည့် အခြေအနေများ၊ အိမ်နီးချင်းနိုင်ငံများ၏ လူကုန်ကူးမှု နှင့်ပတ်သက်သည့်ဥပဒေ ပြဋ္ဌာန်း ဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ပြသ
ယင်းနောက် လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေ(မူကြမ်း)တွင် ပါဝင် သော မိမိတို့ဝန်ကြီးဌာနနှင့် ပတ်သက် သည့်ကဏ္ဍများအပေါ် ပြန်လည် ထူထောင်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်က အကြံပြုချက် များကို အခန်းကဏ္ဍအလိုက် ရှင်းလင်း တင်ပြခဲ့ပြီး လူကုန်ကူးခံရမှုနှင့် ပတ်သက်သည့် အသိပညာပေးဗီဒီယိုရိုက်ကူးထားရှိမှုကို ပြသသည်။
ထို့နောက် ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယဝန်ကြီး နှင့် ပြည်ထောင်စုဝန်ကြီးတို့က လူကုန် ကူးခံရသူများကို ပြန်လည်လက်ခံခြင်း၊ ပြန်လည် ဝင်ဆံ့ပေါင်းစည်းပေးခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ် များတွင် လူကုန်ကူးခံရသူများ အခွင့် အရေးများ အပြည့်အဝရရှိရေး၊ ထိရောက်သော ပြန်လည်ထူထောင်ရေး များအတွက် လိုအပ်သော ဥပဒေရေးရာ အထောက်အကူပြုမှုဆိုင်ရာများနှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲရန် လိုအပ်မှုများကို အကြံပြုဆွေးနွေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်