သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာနမှ မုန်တိုင်းဒီရေ အထူးသတိပေးချက်

 

-    မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့မြန်မာ စံတော်ချိန် (၁၅ : ၃၀) နာရီအချိန်  တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်းနှင့်     ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင်  ဖြစ်ပေါ်နေသော အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “မိုခါ (MOCHA)” သည် မြောက် - အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းသို့ ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံ  ကိုကိုးကျွန်းမြို့၏ အနောက်ဘက် ရေမိုင် ၂၉၅ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက် - အနောက်တောင်ဘက် ရေမိုင် ၃၇၀ မိုင်ခန့်၊ စစ်တွေမြို့၏ တောင် - အနောက်တောင်ဘက် ရေမိုင်  ၄၅၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ   ပို့ပလဲယား၏ အနောက်မြောက်ဘက် ရေမိုင်  ၃၀၀ မိုင်ခန့်နှင့်  ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့၏  တောင်-အနောက်တောင်ဘက် ရေမိုင် ၄၉၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။ အဆိုပါ   အားအလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်း “မိုခါ” သည်  မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းလာကာ ယနေ့ညပိုင်းတွင် ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်း၌ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm)  “မိုခါ”  အဖြစ်သို့ ရောက်ရှိနိုင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ  ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ ကျောက်ဖြူမြို့တို့အကြား စစ်တွေမြို့အနီးမှ ၁၄-၅-၂၀၂၃  ရက်နေ့ နေ့လယ်ပိုင်းတွင် အားအလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်း “မိုခါ” အနေဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန်မှန်း ရပါသည်။
-    မုန်တိုင်းဖြတ်ကျော်စဉ် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ လျှင် မိုင်  ၉၀ မှ ၁၁၀ ခန့်အထိ တိုက်ခတ်ဖြတ်ကျော်ဝင်ရောက်နိုင် သည်ဟု ခန့်မှန်းရသည်။
-    မုန်တိုင်းဖြတ်ကျော်ဝင်ရောက်နေချိန် လေတိုက်နှုန်း တစ်နာရီ လျှင် မိုင် ၉၀ မှ မိုင် ၁၁၀ အတွင်းတိုက်ခတ်ပါက  မုန်တိုင်းဒီရေအမြင့် မှာ ၉ ပေ မှ ၁၆ ပေ ခန့် အတွင်း  ရှိနိုင်ကြောင်း   ခန့်မှန်းရသည်။ သို့ဖြစ်၍ ၁၆ ပေ အောက်နိမ့်သောနေရာများတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် နီးစပ်ရာ ဆိုင်ကလုန်း Shelter များ (သို့မဟုတ်) ရေဘေးလွတ်ကင်းရာ ကုန်းမြေမြင့်များသို့ ရွှေ့ပြောင်းနိုင်ရေး ကြိုတင် စီမံထားရန်နှင့် မရှိမဖြစ်လိုအပ်သည့်  တစ်ကိုယ်ရေသုံး ပစ္စည်းများ အား ရွှေ့ပြောင်းအခြေပြုမည့်နေရာသို့   ကြိုတင်ပို့ဆောင်ထားခြင်း ဖြင့်   အန္တရာယ်ကျရောက်ချိန်တွင် ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြင့် ကျော်လွှားနိုင်မည်ဖြစ်ကြောင်း အကြံပြုသတိပေးနှိုးဆော်အပ်ပါသည်။
-    မုန်တိုင်းတိုက်ခတ်ရာ ခန့်မှန်းလမ်းကြောင်းတွင် တည်ရှိနေ သည့်  စစ်တွေမြို့နှင့် မောင်တောမြို့အနီးတစ်ဝိုက်ဒေသများသည် မုန်တိုင်းဒီရေ တက်ရောက်ပါက ရေကြီးရေလျှံမှုများဖြစ်ပေါ်လာနိုင် ပြီး ခန့်မှန်းတွက်ချက်မှုများအရ နတ်မြစ်ကြောင်းတစ်လျှောက် မြစ်ဝမှ  တောင်ပြိုလက်ဝဲမြို့အထိ    အရှေ့ဘက်ကမ်းဒေသများ၊    မေယု မြစ်ကြောင်းတစ်လျှောက် မေယုမြစ်ဝမှ ရသေ့တောင်၊ ဘူးသီးတောင် မြို့များအထိ   မြစ်ကြောင်း   ဝဲ/ယာဒေသများ၌    မုန်တိုင်းဒီရေ  သက်ရောက်မှုများရှိနိုင်ကြောင်း တွေ့ရှိရပါသည်။ 
-    ထို့အပြင်    မုန်တိုင်းဒီရေ   ၁၆ ပေခန့်  မြင့်တက်လာပါက မောင်တောမြို့၊  ရသေ့တောင်မြို့၊   ဘူးသီးတောင်မြို့၊  စစ်တွေမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ကျောက်တော်မြို့၊  မြောက်ဦးမြို့၊  ဖရုံကာကျွန်း အရှေ့ဘက်ခြမ်း၊ မင်းပြားမြို့၊   မြေပုံမြို့၊   ကမ်းထောင်းကြီးမြို့၊ ကျောက်ဖြူမြို့နှင့် မာန်အောင်မြို့ ပတ်ဝန်းကျင်ဒေသများအနေဖြင့် မြစ်ချောင်းများ၊ ပင်လယ်ကမ်းခြေနှင့် ဆက်စပ်နေရာများတွင် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ခန့်မှန်းတွေ့ရှိရသည်။ 
-    အလားတူပင် မုန်တိုင်းဒီရေ ၁၆ ပေခန့် မြင့်တက်လာပါက သံတွဲမြို့၊ သဗြုချိုင်၊ မောင်ရွှေလေးချိုင်နှင့် ငပလီကမ်းခြေဒေသများ၊ ဂွမြို့အနီး ပတ်ဝန်းကျင်ရှိ အလယ်ချောင်၊ ရေတွင်းတူး၊ ရဟင်ဖျားနှင့် ကင်းလျှာရှည်နေရာများ၌ ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ခန့်မှန်းတွေ့ရှိရသည်။
-    သို့ဖြစ်ပါ၍ မုန်တိုင်းဒီရေ သက်ရောက်နိုင်သည့် အထက်ပါမြို့၊ ရွာများတွင် နေထိုင်ကြသူများအနေဖြင့်   နီးစပ်ရာ   ဆိုင်ကလုန်း Shelter များ (သို့မဟုတ်) ရေဘေးလွတ်ကင်းရာ  ကုန်းမြေမြင့်များ သို့ အချိန်မီရွှေ့ပြောင်းနိုင်ရေး    ပြင်ဆင်ဆောင်ရွက်ခြင်းဖြင့်  ထိခိုက် ဆုံးရှုံးမှု အနည်းဆုံးဖြင့် မုန်တိုင်းအန္တရာယ်ကို ကျော်လွှားနိုင်မည်ဖြစ် ကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။
-    မုန်တိုင်းလမ်းကြောင်းနှင့် မုန်တိုင်းလေတိုက်ခတ်မှုနှုန်းများသည် အချိန်နှင့် တစ်ပြေးညီ ပြောင်းလဲမှုများရှိနိုင်ပါသဖြင့် သတိပြု လိုက်နာနိုင်ရေးအတွက်  အချိန်နှင့်တစ်ပြေးညီ ဆက်လက်သတင်း ထုတ်ပြန်သွားမည်ဖြစ်သည်။                               

မိုး/ဇလ