သဘာဝအန္တရာယ်ကြိုတင်သတိပေးမှုများ သတိပြုမှတ်သား ပြင်ဆင်ရှောင်ရှား

 

ယခုကာလသည် ရာသီဥတု ထူးခြားဖြစ်စဉ်များ ဖြစ်ပေါ်ခြင်းနှင့် ၎င်း၏   အကျိုးဆက်ဖြစ်သော   သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်သည့် အချိန်ကာလဖြစ်ရာ မိုးလေဝသနှင့် ဇလဗေဒ ဌာနမှ ထုတ်ပြန်ပေးလျက်ရှိသည့် မိုးလေဝသကြေညာချက်များနှင့် သတိပေးချက်များကို အထူးဂရုပြုကြရမည့် အချိန်အခါဖြစ်သည်။

 


မေလ  ၁၉  ရက်မှ  ၂၃  ရက်အတွင်း  ကပ္ပလီပင်လယ်ပြင်၊  ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့ တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းလာနိုင်ခြင်း ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်  မြေပြိုခြင်း စသည့် သဘာဝဘေး အန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း။ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးများနှင့် ရခိုင်၊ ကရင်၊ မွန်ပြည်နယ်တို့ တွင် ၂၄ နာရီအတွင်း မိုးရေချိန် ၃ လက်မ (၇၇ မီလီမီတာ)နှင့် အထက် ရွာသွန်းနိုင်ကြောင်း၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ၊ ရခိုင်ကမ်းရိုးတန်းများနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းကျပြီး လှိုင်းကြီးနိုင်ကြောင်းနှင့် သဘာဝဘေး အန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်းတို့ကို မိုး/ဇလက မေ ၁၈ ရက် တွင် မီဒီယာများမှတစ်ဆင့် ထုတ်ပြန်ပေးခဲ့ရာ မြန်မာနိုင်ငံ ဒေသ အချို့တွင်  မိုးသက်လေပြင်းကျ၍  လှိုင်းကြီးခြင်း ၊ ရုတ်တရက် ရေကြီးခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

 


မိုးကြိုမိုးနှောင်းကာလများသည် ရာသီအပြောင်းအလဲများနှင့် အတူ မိုးလေဝသဖြစ်စဉ်များ ထူးထူးခြားခြား ဖြစ်ပေါ်လေ့ရှိသည့် ကာလများ ဖြစ်သည့်အလျောက်   ပင်လယ်ပြင်နှင့်    မြစ်ချောင်းများ တွင် ရေယာဉ်များဖြင့်   သွားလာရာတွင်လည်းကောင်း၊   ကမ်းနီး ကမ်းဝေး   ငါးဖမ်းလုပ်ကိုင်ရာတွင်လည်းကောင်း     မီဒီယာအမျိုးမျိုး မှတစ်ဆင့်  အသိပေးထုတ်ပြန်ကြေညာလျက်ရှိသည့်  မိုးလေဝသ သတင်းအချက်အလက်များကို ဂရုတစိုက်ရယူကြရန်လိုအပ်သည်။ မိမိတို့နေထိုင်သည့် နေရာများ ၏  အနေအထားကိုလိုက်၍ မြေပြိုမည့်အန္တရာယ်၊      ရုတ်တရက်  ရေကြီးမည့်အန္တရာယ် များ    ကြုံတွေ့လာနိုင်သည်ကို    ကြိုတင်သတိပြုကာ   အချိန်မီ တိမ်းရှောင်နိုင်ရန် ပြင်ဆင်မှုများပြုလုပ်ထား ကြရမည်ဖြစ်သည်။

 


မိမိတို့နိုင်ငံသည် ပထဝီအနေအထားနှင့် မြေမျက်နှာသွင်ပြင် တို့အရ   သဘာဝဘေးအန္တရာယ်   ဖြစ်နိုင်ခြေအများဆုံးသော နိုင်ငံများထဲတွင် ပါဝင်သည်။  သဘာဝဘေးအန္တရာယ်ဟူသည် တားဆီး၍ရနိုင်သောအရာ မဟုတ်သကဲ့သို့ ရှောင်လွှဲ၍ ရနိုင်သော အရာလည်းမဟုတ်၊ ကြိုတင်ပြင်ဆင်မှုဖြင့် ရင်ဆိုင်ရမည့်အရာသာ ဖြစ်သည်။ သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ရာတွင် ကြိုတင် ပြင်ဆင်မှုကောင်းမွန်သည်နှင့်အမျှ ထိခိုက်ဆုံးရှုံးမှု အသက်သာ ဆုံး၊ အနည်းဆုံးသော ရလဒ်ကို ရရှိနိုင်မည်ဖြစ်ရာ သဘာဝဘေး အန္တရာယ်လျော့ပါးရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူဌာန အဖွဲ့အစည်းများက စီမံခန့်ခွဲဆောင်ရွက်နေသကဲ့သို့ပင် ပြည်သူ များအနေဖြင့်လည်း မိမိတို့အပေါ်ဘေးအန္တရာယ်များ ကျရောက် မလာစေရန် အလေးဂရုပြုဆောင်ရွက်ကြရမည်ဖြစ်သည်။

 


သဘာဝဘေးအန္တရာယ်ကြိုတင်ခန့်မှန်းသတိပေးမှုများကို သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား၊ အင်တာနက်ဝက်ဘ်ဆိုက်၊ လူမှုကွန်ရက်များ စသည့်မီဒီယာများမှ ထပ်ဆင့်အချိန်အလိုက် ထုတ်ပြန်ပေးလျက်ရှိရာ ထုတ်ပြန်ကြေညာချက်၊ သတိပေးချက် များကို အထူးသတိပြုမှတ်သားဆောင်ရွက်ခြင်းဖြင့် သဘာဝ ဘေးအန္တရာယ်အပေါင်းမှ ကြိုတင်ပြင်ဆင်ရှောင်ရှားနိုင်ကြပါစေ ကြောင်း။    ။