
နေပြည်တော် မတ် ၂၄
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု)၏ နှစ်(၇၀)မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက နေပြည်တော် ရှိ အဆိုပါဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယ ဝန်ကြီး ဦးထွန်းအုံ၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပါမောက္ခချုပ်များ၊ အရာထမ်း၊ အမှုထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံ၏ဂုဏ်ပုဒ်ကို ညွှန်းပြုဖော်ဆောင်နိုင်ရန်အတွက် ၁၉၅၂ ခုနှစ် မတ် ၂၂ ရက်တွင် “ပြည်ထောင်စု ယဉ်ကျေးမှုဌာန” အမည်ဖြင့် စတင်ဖွဲ့စည်းခဲ့ပါ ကြောင်း၊ ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ယဉ်ကျေးမှု ဌာနအနေဖြင့် ယဉ်ကျေးမှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေ ရေး၊ ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းတာဝန် များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါ ကြောင်း။
ပန်တျာနှင့် ပန်းချီပန်းပုကျောင်းများမှလည်း ပန်တျာဘွဲ့ခံ ထင်ရှားသော သဘင်အနုပညာရှင်များ၊ ဆိုင်း၊ စောင်း၊ စန္ဒရား၊ တယော၊ နှဲ၊ ပတ္တလား အစ ရှိသည့် အတီးပညာရှင်များ၊ အဆိုပညာရှင်များ မြောက်မြားစွာ ပေါ်ထွန်းခဲ့ပြီး ပန်းချီပန်းပုနယ်ပယ် တွင် အောင်မြင်ထင်ရှား၊ စံပြုလောက်သည့် အနုပညာရှင်ပေါင်း မြောက်မြားစွာကိုလည်း မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း။
ဌာနတွင်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ကျောသား ရင်သားမခွဲခြားဘဲ မိဘနှင့် သားသမီးသဖွယ် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ယဉ်ကျေးမှု ရေးရာကဏ္ဍများကို ဆောင်ရွက်ရာတွင် မြန်မာ့ ယဉ်ကျေးမှုအမွေအနှစ်များနှင့် အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန် ခိုင်မာရေးဆောင်ရွက်ခြင်း၊ သမိုင်းဝင် ရှေးဟောင်း ဒေသများ၊ အဆောက်အအုံများနှင့် ပစ္စည်းများ စသည့် ရှေးဟောင်းအမွေအနှစ်များ ရှာဖွေဖော်ထုတ် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်း၊ ယဉ်ကျေးမှု အမွေအနှစ်များ ရေရှည်တည်တံ့ရေးနှင့် တစ်ဆက် တစ်စပ်တည်းသော ခိုင်မာသည့် မြန်မာ့သမိုင်းစဉ် ဖော်ထုတ်ရေးအတွက် အထောက်အကူဖြစ်စေရန် ဆောင်ရွက်ခြင်း၊ ပြည်တွင်း ပြည်ပ ယဉ်ကျေးမှု အမွေအနှစ်များ၊ စာပေအမွေအနှစ်များ၊ အထောက် အထားအချက်အလက်များ စုဆောင်းထိန်းသိမ်း ဝန်ဆောင်မှုပေးရာ ပြတိုက်နှင့် စာကြည့်တိုက်များ ကို ဗဟိုဌာနအဖြစ် ရပ်တည်၍ သတင်းအချက်အလက် များအား ဝန်ဆောင်မှုပေးရန် ဆောင်ရွက်ခြင်း၊ ယဉ်ကျေးမှုဘာသာရပ်ဆိုင်ရာများ ကျွမ်းကျင်သူ များ မွေးထုတ်ပေးရန် ဆောင်ရွက်ခြင်း စသည့် မူဝါဒများအတိုင်း ဆက်လက်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ထူးချွန်ဆုရဝန်ထမ်းများအား ဂုဏ်ပြု ဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ပြီး တေးသံသာများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်