
နေပြည်တော် ဧပြီ ၄
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက မြန်မာနိုင်ငံပန်းချီ၊ ပန်းပုအစည်းအရုံး (ဗဟို)သို့ ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပသည်။
ထောက်ပံ့ ပေးအပ်ပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပုအစည်း အရုံး(ဗဟို)မှ ယာယီဥက္ကဋ္ဌ ဦးမိုး ကျော်သန့်၊ ဦးတင်ဝင်းနှင့် ဦးလှစိုး တို့ တက်ရောက်ကြသည်။
ထောက်ပံ့ငွေပေးအပ်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာသည့် လူမှုစီးပွားဆိုင်ရာ အခက်အခဲများ ကို အတိုင်းအတာတစ်ခုအထိ ပြေလည်မှု ရရှိစေရေးအတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီသည် ရှေ့လုပ်ငန်းစဉ် ၅ ရပ်တွင် ထည့်သွင်းချမှတ်ကာ လိုအပ်သည့် ထောက်ပံ့ကူညီမှုများ ကို စဉ်ဆက်မပြတ်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ မြန်မာ နိုင်ငံရှိ ပန်းချီ၊ ပန်းပုပညာရှင်များ အနေဖြင့် ပြပွဲများ ခင်းကျင်းပြသ နိုင်မှု မရှိသည့်အတွက် မြန်မာ နိုင်ငံ ပန်းချီ၊ ပန်းပု အစည်းအရုံးဝင် ပညာရှင်များ ကိုဗစ်ကာလအတွင်း နေထိုင်စားသောက်မှု အခက်အခဲ များမှ အတိုင်းအတာတစ်ခုအထိ ပြေလျော့စေနိုင်ရန် သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေ ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်မှုနှင့်အညီ ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။
ဆထက်တိုး၍ ထမ်းဆောင်
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနအနေဖြင့် မိတ်ဖက် အဖွဲ့အစည်းဖြစ်သည့် မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပုအစည်းအရုံး(ဗဟို)ကို ယခုကဲ့သို့ ထောက်ပံ့လှူဒါန်း နိုင်ခဲ့ခြင်းအတွက် မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပု အစည်းအရုံးဝင် များ အတိုင်းအတာတစ်ခုအထိ အဆင်ပြေချောမွေ့စွာ ရပ်တည် နေထိုင်နိုင်ပြီး မိမိတို့မြတ်နိုးသည့် ပန်းချီ၊ ပန်းပု အနုပညာရပ်များဖြင့် နိုင်ငံအကျိုး၊ လူမျိုးအကျိုး၊ ပန်းချီ၊ ပန်းပုပညာရပ်များ၏ အကျိုးကို ဆထက်တိုး၍ ထမ်းဆောင်နိုင် ကြစေရန် ဆုတောင်းမေတ္တာပို့သ ပါကြောင်း၊ ပန်းချီ၊ ပန်းပုအစည်း အရုံးကြီး တိုးတက်ဖွံ့ဖြိုးရေး အတွက် လိုအပ်သော အကူအညီ များကို ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထောက်ပံ့ငွေပေးအပ်
ဆက်လက်၍ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာ နိုင်ငံ ပန်းချီ၊ ပန်းပုအစည်းအရုံး (ဗဟို)သို့ ထောက်ပံ့လှူဒါန်းငွေ ကျပ်သိန်း ၃၀၀ တိတိ ပေးအပ်ရာ မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပုအစည်း အရုံး(ဗဟို)မှ အဖွဲ့ဝင်များက လက်ခံရယူခဲ့ကြသည်။ (ဝဲပုံ)ထို့နောက် မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပုအစည်းအရုံး(ဗဟို)မှ ယာယီ ဥက္ကဋ္ဌ ဦးမိုးကျော်သန့်က ကျေးဇူး တင်စကား ပြန်လည် ပြောကြားခဲ့ ကြောင်း သိရသည်။ သတင်းစဉ်