
နေပြည်တော် ဖေဖော်ဝါရီ ၂၁
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပွဲကို ယနေ့တွင် နေပြည်တော် ရုံးအမှတ် (၃၅) သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန၌ ကိုဗစ်- ၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။
အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ အမြဲတမ်း အတွင်းဝန် ဦးမြင့်ဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူး ချုပ်များနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ကြသည်။
အခမ်းအနားတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ကြီးရုံး (သာသနာရေး)၊ ဝန်ကြီးရုံး (ယဉ်ကျေးမှု)၊ သာသနာရေး ဦးစီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ အနုပညာ ဦးစီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနတို့မှ ထမနဲ အသင်း ခုနစ်သင်းတို့က တပျော်တပါး ပါဝင်ဆင်နွှဲခဲ့ကြပြီး အနုပညာ ဦးစီးဌာနမှ အနုပညာရှင်များက အိုးစည်၊ ဒိုးပတ်အကအလှများဖြင့် သီဆိုဖျော်ဖြေကြသည်။
နှစ်စဉ်ထမနဲထိုးပွဲများ ကျင်းပပေးခြင်းဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာများကို မြတ်နိုးတန်ဖိုးထားခြင်း၊ ထိန်းသိမ်း စောင့်ရှောက်ခြင်းနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် (Intangible Cul-tural Heritage) များကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ အချင်းချင်း ပေါင်းစည်းညီညွတ်စွာဖြင့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက် စေရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်