သွားနှင့်ခံတွင်း ဆရာဝန်ကြီးများ မောင်တောကျေးရွာများတွင် ကွင်းဆင်းကုသ

Image not available

 

 

မောင်တော  ဒီဇင်ဘာ  ၁၇

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံသွားနှင့် ခံတွင်းဆေးကောင်စီတို့ ပူးပေါင်းပြီး မောင်တောမြို့နယ် အတွင်းရှိ ကျေးရွာများသို့ သွားရောက်ကာ သွားနှင့်ခံတွင်း ဝေဒနာရှင်များအား ယနေ့နံနက်ပိုင်းတွင် နယ်လှည့် ကွင်းဆင်းကုသမှုများ ပြုလုပ်ပေးသည်။                                                                                             

 

ဆရာဝန်ကြီးများအဖွဲ့သည် ကိုင်းကြီး(မြို)ကျေးရွာ သစ်၌ ကလေးငယ်များအား သွားတိုက်နည်း သင်ကြား ပေးပြီး သွားတိုက်ဆေးနှင့် သွားတိုက်တံများ အခမဲ့ဖြန့်ဝေ ပေးသည်။ သွားနှင့်ခံတွင်းရောဂါ ဝေဒနာခံစားနေရသူများ ကိုလည်း  အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့သည်။ ကိုင်းကြီးကျေးရွာ၌ အိမ်ခြေ ၅ဝ ခန့်၊ လူဦးရေ ၂ဝ၈ ဦးရှိသည့်အနက် လူပေါင်း ၁ဝဝ ခန့်အား သွားနှင့်ခံတွင်း အသိပညာပေးဟောပြောခြင်း၊ စနစ်ကျသော သွားတိုက် နည်းများ သင်ကြားပေးခြင်း၊ သွားတိုက်ဆေးနှင့် သွားတိုက် တံများ အခမဲ့ဖြန့်ဝေပေးခြင်းများ ပြုလုပ်ခဲ့သည်။

 

အဆိုပါ  ဆရာဝန်အဖွဲ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ  ဆရာဝန်များ၊ မြန်မာနိုင်ငံ သွားနှင့်ခံတွင်း  ဆေးကောင်စီမှ ပြင်ပဆရာဝန်များ၊ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန် များ စုစုပေါင်းဆရာဝန် ၁၂ ဦး ပါဝင်ကြောင်း သိရသည်။

 

''ကုသတာနဲ့စာရင် ကာကွယ်တာကို ဦးစားပေးလိုပါ တယ်၊ သွားပိုးစား ရောဂါတွေ၊ သွားဖုံးရောင် ရောဂါတွေ ဖြစ်ရတဲ့  အဓိကအကြောင်းအရင်းက နည်းစနစ်မှန်တဲ့ သွားတိုက်နည်းမသိလို့ပါ၊ တချို့ဆိုရင် လုံးဝသွားမတိုက်ကြ ဘူး၊ သွားကျန်းမာရေး မသိကြဘူး၊ အဓိကကတော့ သွားတိုက်နည်းမှန်ပြီး နေ့စဉ်ပုံမှန်သွားတိုက်တဲ့ အလေ့ အကျင့်ရှိဖို့ပါ''ဟု    မြန်မာနိုင်ငံ   သွားနှင့်ခံတွင်း       ဆေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒေါက်တာမျိုးသန့်က ပြောသည်။

 

ဆရာဝန်ကြီးများအဖွဲ့သည် မောရဝတီ အခြေခံပညာ အလယ်တန်းကျောင်းတွင်  သွားရောဂါခံစားနေရသူ        ၅ဝ ခန့်ကို သွားနုတ်ခြင်း၊ ဆေးဝါးများ ပေးခြင်းများဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့သည်။

 

ထိုမှတစ်ဆင့် ၄ မိုင်ရှိ အမှတ်(၂) နယ်ခြားစောင့် တပ်ဖွဲ့ခွဲ ရဲမေတ္တာ ဆေးပေးခန်းတွင် မိသားစုဝင် ၇ဝ ခန့် အား စနစ်ကျသော သွားတိုက်နည်းများ သင်ကြားပေးသည့် အပြင် သွားတိုက်ဆေးနှင့် သွားတိုက်တံများ အခမဲ့ပေးဝေခဲ့ သည်။ ယမန်နေ့က ဘူးသီးတောင် ဒပြုချောင်းကျေးရွာတွင် လည်း လူပေါင်း ၁၇၁ ဦးအား သွားနှင့်ခံတွင်း ကုသမှုများ၊ ပညာပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ဆရာဝန်ကြီးများအဖွဲ့သည် သွားနှင့်ခံတွင်းကုသမှု များ၊ ပညာပေးမှုများ ပြုလုပ်ပေးသည့်အပြင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးများကိုပါ ကုသပေးခဲ့သည်။ ဘူးသီးတောင် တွင် လူပေါင်း ၁ဝ ဦးအား နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ရောဂါများ အခမဲ့ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဖြစ်ပွားရခြင်းအကြောင်းမှာ ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်ဝန်ဆောင်သည့် ပထမ သုံးလအတွင်း ဆေးပြင်းများ သုံးစွဲမိခြင်း၊ အာဟာရချို့တဲ့ ခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။

 

သတင်း-မြင့်မောင်၊ ဇေယျာ၊ ဓာတ်ပုံ- နေဝင်းထွန်း