
ပါဠိလို “ပုတ္တဒါရဿသင်္ဂဟော”၊ မြန်မာလို သားမယားတို့ကို ကျွေးမွေးပြုစုထောက်ပံ့ခြင်းသည် မင်္ဂလာမည်၏ဟု ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော်မူပါသည်။ သားသမီး များကို ကျွေးမွေးပြုစုစောင့်ရှောက်ခြင်းကို ကြွေးသစ်ချသည်ဟုရှေးလူကြီးများပြောဆိုလေ့ရှိပါသည်။ အကြွေးဆိုသည်မှာ ပြန်ရသည့်အခါမှလည်း ရပါသည်။ သားသမီးများက မိဘကျေးဇူး သိတတ်သူများဖြစ်ပြီး မိဘကို ပြန်လည် ကျွေးမွေးပြုစုစောင့်ရှောက်လျှင် အကြွေးသာမက အတိုးပါ ပြန်ရသည်ဟု ဆိုရပါမည်။ ကျေးဇူးမသိတတ်သည့် သားသမီးများနှင့်တွေ့လျှင် အကြွေးဆုံးပါသည်။
မိမိ၏ သားမယားကို ကျွေးမွေးပြုစု စောင့်ရှောက်ခြင်းသည် မင်္ဂလာဖြစ်သော် လည်း မိမိသားမယားကို ကျွေးမွေးစောင့် ရှောက်ခြင်း ပျက်ကွက်သည့်အပြင် ကိုယ်ထိလက်ရောက် ရိုက်နှက်လျှင် အမင်္ဂလာဟု ဆိုရပါမည်။ မိမိသားမယား ကို ကိုယ်ထိလက်ရောက် ရိုက်နှက်သူများ ကို လူ့အဖွဲ့အစည်းတွင် မကြာခဏ တွေ့မြင် ကြားသိရပါသည်။ လူမပီသသူ များဟု ဆိုချင်ပါသည်။ တချို့က မိမိသား မယားကို ကျွေးမွေးသော်လည်း စိတ် အလိုမကျသည့်အခါ ကိုယ်ထိလက်ရောက် ရိုက်နှက်သူများလည်း ရှိပါသည်။ မိမိ သားမယားကို ရှာဖွေမကျွေးနိုင်သော် လည်း မိမိသားမယားကို ကြင်ကြင်နာနာ ဆက်ဆံသူကို ရှာဖွေကျွေးပြီး ရိုက်နှက် သူထက် ပိုအမှတ်ပေးလိုပါသည်။ ရှာဖွေ ကျွေးသော်လည်း စိတ်မထင်တိုင်း ကိုယ် ထိလက်ရောက် ရိုက်နှက်နေသည့် “ထမင်းတစ်လုတ်၊ တုတ်တစ်ချက်ဘဝ” ကို မည်သည့် ဇနီး၊ သားမယားမှ မလိုချင် ပါ။ အိမ်ထောင်ဦးစီးသည် ငွေကြေးရှာပေး ရန် လိုသလို မိမိသားမယားအတွက် အချိန်ပေးရန်လည်း လိုပါသည်။ ဇနီး အတွက် အချိန်ပေးရန်လိုသလို၊ သားသမီး အတွက်လည်း အချိန်ပေးရန် လိုပါသည်။ အချိန်ပေးသည့်အခါလည်း တာဝန်အရ အချိန်ပေးသည့်ထက် ချစ်ခြင်းမေတ္တာ ထား၍ အချိန်ပေးရပါမည်။ တာဝန်အရ အချိန်ပေးသည့်အခါ မေတ္တာကင်းမဲ့နေ၍ မျက်နှာထားတွင် ပေါ်လွင်နေတတ်ပါ သည်။ မိသားစုကလည်း ပျော်ရွှင်မှု အပြည့်အဝ မရနိုင်ပါ။ ချစ်ခြင်းမေတ္တာ ထား၍ အချိန်ပေးသည့်အခါ ကြည်လင် သော မျက်နှာထား၊ တက်ကြွသော အပြုံး တို့ကြောင့် မိသားစုအားလုံးပျော်ရွှင် ကြည်နူးကြရပါမည်။ ဇနီး၊ သားမယားကို အသိပညာတိုးပွားအောင်လည်း ကူညီ ဆောင်ရွက်ပေးရပါမည်။ အိမ်ထောင် ဦးစီးအဖြစ် ကိုယ်ကျင့်တရားကို စံပြဖြစ် အောင် ပြုမူနေထိုင်ရန်လိုသလို မိမိသား မယားကို လည်း ကိုယ်ကျင့်တရားကောင်း အောင် ပြုစုပျိုးထောင်ရပါမည်။
မိဘဝတ္တရား ၅ ပါး
နီတိများတွင် “မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင် ဝတ် ငါးအင် ဖခင်မယ်တို့တာ” ဟု မိဘ ဝတ္တရား ငါးပါးကို ပြောထားပါသည်။ မိဘဆိုသည့် နေရာတွင် အိမ်ထောင်ဦးစီး ဖြစ်သည့် ဖခင်၏ တာဝန်သည် ပိုကြီးပါ သည်။
“မကောင်းမြစ်တာ” - မကောင်းတာကို သားသမီးများ မလုပ်ရန် တားရပါမည်။ “ကောင်းရာညွှန်လတ်” - ကောင်းသည့် အလုပ်ကို သားသမီးများကို ညွှန်ပြရပါ မည်။
“အတတ်သင်စေ” - အသိပညာ၊ အတတ် ပညာတတ်အောင် သင်ပေးရပါမည်။ ကောင်းသည့် အမူအကျင့်များကို သင် ပေးရပါမည်။
“ပေးဝေနှီးရင်း” - ရင်းနှီးလုပ်စားရန် ငွေကြေးလည်းထုတ်ပေးရန်လိုပါသည်။
“ထိမ်းမြားခြင်းလျှင်” - သင့်တော်သူနှင့် အိမ်ထောင်ချထားပေးရန်လည်း တာဝန် ရှိပါသည်။
မိဘဝတ္တရားငါးပါး ပြည့်စုံအောင် စောင့်ထိန်းခြင်းသည် သားမယားတို့ကို ကောင်းစွာ ပြုစုစောင့်ရှောက်ခြင်းလည်း မည်ပါသည်။ မိဘဖြစ်သူ နှစ်ဦးစလုံးက လည်း တစ်ဦးနှင့်တစ်ဦး ချစ်ခင်လေးစား ပြီး လင်နှင့်မယား ကျင့်ဝတ်များကို စောင့်ထိန်းမှသာ မိမိတို့ သားသမီးများကို ကောင်းစွာ ပြုစုစောင့်ရှောက်နိုင်ပါမည်။
လင့်ဝတ္တရားငါးပါး
လင့်ဝတ္တရားငါးပါးမှာ “မထီမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမမှား၊ ဝတ်စား ဆင်ယင်၊ မြတ်နိုးကြင် ငါးအင် လင်ကျင့် ရာ” ဟု ဆိုပါသည်။
“မထီမဲ့ကင်း” - ဇနီးသားမယားအပေါ် မထီမဲ့မြင်ပြုခြင်းကို ရှောင်ရပါမည်။ ရိုက်နှက်ခြင်း၊ လူအများရှေ့တွင် နိုင်ထက်စီးနင်း ပြောခြင်းတို့သည် မထီမဲ့မြင်ပြုခြင်း မြောက်ပါသည်။
“အပ်နှင်းဥစ္စာ” - မိမိရှာဖွေရရှိသည့် ပစ္စည်းဥစ္စာကို မိမိဇနီးသားမယားကို အပ်နှင်းရပါမည်။
“မိစ္ဆာမမှား” - မိစ္ဆာဆိုသည့် မကောင်း သည့် အလုပ်များကို ရှောင်ရှားခြင်း။ အထူးသဖြင့် မိမိဇနီး သားမယားပေါ်တွင် သစ္စာရှိခြင်း။ အိမ်ထောင်ရေး မဖောက် ပြန်ခြင်း။
“ဝတ်စားဆင်ယင်” - မိမိဇနီးကို အဝတ် အစား၊ လက်ဝတ်ရတနာများ ဆင်ယင်ရ ပါမည်။ လူပုံအလယ်တွင် ပွဲလယ်တင့် အောင် အသိပညာ၊ အတတ်ပညာများ လည်း ဖြည့်ဆည်း ဆင်ယင်ရပါမည်။
“မြတ်နိုးကြင်” - အရေးကြီးသော အချက်ဖြစ်ပါသည်။ လင်သားများက အလွယ်တကူ လုပ်နိုင်သော်လည်း အချို့ ယွင်းဆုံး ဖြစ်ပါသည်။ ဇနီးမယားအပေါ် တွင် ချစ်ခင်မြတ်နိုးကြင်နာစွာ မေတ္တာ ထားရပါမည်။
မယားဝတ္တရားငါးပါး
မယားဝတ္တရားငါးပါးကို “အိမ်တွင်းမှု လုပ်၊ သိမ်းထုပ် သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊ ပျင်းရိမမူ ဝတ်ငါးဆူ၊ အိမ်သူကျင့်အပ်စွာ”ဟု ဆိုပါသည်။
“အိမ်တွင်းမှုလုပ်” - အိမ်တွင်းမှာရှိသည့် အလုပ်များကို ဇနီးက ဦးစီး၍ စီမံခန့်ခွဲရ ပါမည်။ ယနေ့ခေတ်တွင် အမျိုးသမီး အများစုသည် အလုပ်လုပ်၍ ဝင်ငွေရှာနေ သူ ဖြစ်ပါသည်။ ယောက်ျားနှင့် တန်းတူ ရင်ပေါင်တန်း၍ ဝင်ငွေရှာနေသော် လည်း အိမ်တွင်းမှုကိစ္စများကို နိုင်နင်း စွာ စီမံခန့်ခွဲနိုင်မှသာ မယားဝတ္တရား ငါးပါးကျေပွန်ပါမည်။
“သိမ်းထုပ်သေချာ” - လင်ယောက်ျား အပ်လိုက်သည့် စီးပွားဥစ္စာကို သေသေ ချာချာသိမ်းဆည်းရပါမည်။ စောင့်ထိန်း ရပါမည်။
“မိစ္ဆာကြဉ်ရှောင်” - လင်ယောက်ျား အပေါ်တွင် သစ္စာရှိရပါမည်။
“လျော်အောင်ဖြန့်ချိ” - မိမိပတ်ဝန်းကျင် မှာရှိသည့် မိတ်ဆွေသင်္ဂဟများ၊ ဆွေမျိုး များကို ပေးသင့်ပေးထိုက်သည်များကို ပေးခြင်း၊ ထောက်ပံ့ခြင်းများ ပြုလုပ် ရပါမည်။
“ပျင်းရိမမူ” - ပျင်းရိခြင်းကို ရှောင်ရန် ဖြစ်ပါသည်။ ရှေးခေတ်က အမျိုးသမီးအများစုသည် အိမ်တွင်နေရ၍ ဤအချက်ကို နီတိဆရာများက ထည့် ခြင်းဖြစ်နိုင်သည်။ ယနေ့ခေတ်တွင်မူ အမျိုးသမီး အများစုသည် နေ့ဘက် အလုပ်လုပ်ပြီး အိမ်ပြန်ရောက်သည့်အခါ အိမ်မှုကိစ္စများဆောင်ရွက်ရ၍ ပျင်းရန် အချိန်ပင် မရှိနိုင်ပါ။
ဖခင်ဖြစ်သူက လင့်ဝတ္တရားငါးပါးကို စောင့်ထိန်း၊ မိခင်ဖြစ်သူက မယား ဝတ္တရားငါးပါးကို စောင့်ထိန်းပြီး သား သမီးများကို ကောင်းစွာပြုစု စောင့်ထိန်း ခဲ့လျှင် အောင်မြင်သည့် မိသားစုဖြစ်လာ ပါမည်။ လူသားများ၏ အကျိုးကို လိုလားသည့် မိသားစု၊ လူသားများကို ချစ်သည့် မိသားစုဖြစ်လာပါမည်။ သည် လိုမိသားစုများနှင့် ပြည့်နေသည့် မြို့ရွာများသည် အေးချမ်းသာယာပြီး စီးပွားဖြစ်ထွန်းသည့် မြို့ရွာများဖြစ်လာ ပါမည်။ ဤကဲ့သို့ မြို့ရွာများနှင့် စုစည်း ထားသည့် တိုင်းပြည်သည် အေးချမ်း သာယာပြီး ချမ်းသာအောင်မြင်သည့် နိုင်ငံဖြစ်လာပါမည်။
အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့ (Kolkata) ရှိ ဆင်းရဲသားများ၊ သေလု ဆဲဆဲဖြစ်နေသည့် လမ်းပေါ်မှ ဆင်းရဲ သားများကို လူတန်းစားမရွေး ပြုစုစောင့် ရှောက်ခဲ့သည့် သီလရှင်ကြီး မာသာ ထရီဇာ နိုဗယ်ဆုရသည့်အခါ သတင်း ထောက်များက “ကမ္ဘာ့ငြိမ်းချမ်းရေးရ အောင် ဘာလုပ်သင့်ပါသလဲ” ဟု သီလရှင်ကြီးကို မေးပါသည်။ သီလရှင် ကြီးက “အိမ်ပြန်ပြီး ကိုယ့်မိသားစုကို ချစ်ပါ” ဟု ပြောခဲ့ပါသည်။ အလွန်ကောင်း သည့် စကားဖြစ်ပါသည်။ အတွေးများ ကိုလည်း ရစေပါသည်။ ခင်ပွန်းဖြစ်သူက ဇနီးသားမယားအပေါ် ချစ်ခြင်း မေတ္တာထားပြီး ပြုစုစောင့်ရှောက်မှ အောင်မြင်သော မိသားစုများဖြစ်လာ မည်ကို သီလရှင်ကြီး၏ စကားများက ဖော်ညွှန်းပါသည်။
အကျဉ်းသားများ၏ ဆွေစဉ်မျိုးဆက်
မိသားစုတွေကြားမှာ ချစ်ခြင်း မေတ္တာတွေ ခေါင်းပါးသည့်အခါ၊ ပြုစု စောင့်ရှောက်ခြင်းတွေ အားနည်းသည့် အခါ ဆွေစဉ်မျိုးဆက်ကျဆုံးမှုများနှင့် ရင်ဆိုင်ရသည့် အဖြစ်အပျက်တစ်ခုကို တင်ပြပါမည်။ အမေရိကန်နိုင်ငံတွင် ၁၈၇၄ ခုနှစ်က “ရစ်ချက်တက်နေး” ဟု အမည်တွင်သည့် အကျဉ်းထောင်အရာရှိ တစ်ယောက်သည် အကျဉ်းထောင်ထဲ တွင် တစ်ယောက်နှင့်တစ်ယောက် ဆွေမျိုးတော်စပ်သည့် အကျဉ်းသား ခြောက်ယောက်ကို တွေ့ပါသည်။ စိတ်ဝင်စားသည့်အတွက် အကျဉ်းသား ခြောက်ဦး၏ ဆွေစဉ်မျိုးဆက် မိသားစု ပေါင်း ၇၀၉ ယောက်ကို လေ့လာခဲ့ရာ-
l လူ ၁၈ဝ က အလွန်ဆင်းရဲပါသည်။ တောင်းရမ်းစားသောက် ရပါ သည်။
l လူပေါင်း ၁၄၀ က ရာဇဝတ်မှုနှင့် ထောင်ကျပါသည်။
l ၆၀ က သူခိုးများဖြစ်ပါသည်။
l ၅၀ က ပြည့်တန်ဆာများ ဖြစ်ပါ သည်။
မိမိ၏မိသားစုကို ကောင်းစွာ လုပ်ကျွေးခြင်း မပြုသည့်အခါ သားသမီး များသည် ပညာမဲ့ လူဆိုးလူမိုက်များ ဖြစ်လာပြီး လူ့အသိုင်းအဝိုင်းကို ဒုက္ခပေး ပါသည်။
တရားဟောဆရာ၏ ဆွေစဉ်မျိုးဆက်
မိသားစု တစ်ဦးနှင့် တစ်ဦးကြား ချစ်ခြင်းမေတ္တာတရား ကြီးမားပြီး မိဘ များက သားသမီးများကို ကောင်းစွာ ပြုစုစောင့်ရှောက်၍ ဆွေစဉ်မျိုးဆက် အောင်မြင်ခဲ့သည့် အဖြစ်အပျက်ကိုလည်း တင်ပြလိုပါသည်။ ၁၉၀၀ ပြည့်နှစ်တွင် စာရေးဆရာတစ်ယောက်က ဂျွန်နသန် မိသားစုအကြောင်းကို လေ့လာခဲ့ပါ သည်။ ဂျွန်နသန်သည် တရားဟောဆရာ တစ်ယောက် ဖြစ်ပါသည်။
ဂျွန်နသန်၏ ဆွေစဉ်မျိုးဆက်ပေါင်း ၁၄၀၀ ကို လေ့လာသည့်အခါ -
l ၁၃ယောက်က တက္ကသိုလ်ကျောင်း များ၏ ကျောင်းအုပ်ဖြစ်လာပါ သည်။
l ၆၅ ယောက်က ပါမောက္ခ ဖြစ်ပါ သည်။
l လူ ၁ဝဝ က ဥပဒေပညာရှင်တွေ ဖြစ်လာပါသည်။
l လူ ၃၀ က တရားသူကြီး ဖြစ်ပါသည်။
l ၆၆ ယောက်က အထူးကုသမားတော် ကြီးတွေ ဖြစ်ပါသည်။
l လူ ၈ဝ က အစိုးရထိပ်တန်း အရာရှိ ကြီးတွေ ဖြစ်လာပါသည်။
l ၈ဝ ထဲမှာ ၃ ယောက်က မြို့တော်ဝန်၊ ၃ ယောက်က ဆီးနိတ်အမတ်ဖြစ်ပြီး တစ်ယောက်က ဒုသမ္မတဖြစ်ပါ သည်။
မိသားစုဝင် တစ်ဦးနှင့် တစ်ဦးကြား ချစ်ခြင်းမေတ္တာတရား ကြီးမားပြီး မိဘများက သားသမီးများကို ကောင်းစွာပြုစုစောင့်ရှောက် သည့်အခါ လူ့အသိုင်းအဝိုင်းနှင့် လူ့အဖွဲ့ အစည်းကို အကျိုးပြုသော တန်ဖိုးရှိသည့် လူသားများ ထွန်းကားလာပါသည်။
နိဂုံးချုပ်အနေဖြင့် သားမယားတို့ကို ကောင်းစွာကျွေးမွေးပြုစု စောင့်ရှောက်ခြင်း သည် အလွန်အရေးကြီးသော မင်္ဂလာတရား ဖြစ်ပါသည်။ “ပုတ္တဒါရဿသင်္ဂဟော” ကို ကောင်းစွာ လိုက်နာကျင့်ကြံသူသည် မင်္ဂလာ တရားတော်နှင့်အညီ ချမ်းသာအောင်မြင်ခြင်း ကို ရရှိပါမည်။
“မှတ်သားစရာ”
ဖခင်ဖြစ်သူက လင့်ဝတ္တရားငါးပါးကို စောင့်ထိန်း၊ မိခင်ဖြစ်သူက မယား ဝတ္တရားငါးပါးကို စောင့်ထိန်းပြီး သား သမီးများကို ကောင်းစွာပြုစုစောင့်ထိန်းခဲ့ လျှင် အောင်မြင်သည့် မိသားစုဖြစ်လာ ပါမည်။
ကျမ်းကိုး
၁။ သုတေသန သရုပ်ပြအဘိဓာန်။ အရှင်သြဘာသာဘိဝံသ
မထေရ်မြတ်။
ကျော်ကျော်လှိုင်
- Log in to post comments