
သန်းဖြိုးနိုင်(ကညင်ကျိုး)
ဗုဒ္ဓဘာသာနွယ်ဝင်တို့ရဲ့ နေ့ထူးနေ့မြတ်
တန်ဆောင်မုန်းလပြည့်နေ့ဟာ သာမညဖလ အခါတော် နေ့ ဖြစ်သလို ဒီနေ့ဒီညမှာတော့ မြန်မာ့ရိုးရာပွဲတော်တွေ ထဲက အထင်ကရပွဲတော်တစ်ခုဖြစ်တဲ့ တန်ဆောင်တိုင် ပွဲတော်ကို ကျင်းပကြလေ့ရှိပါတယ်။ ဒါ့အပြင် ထိုနေ့ ထိုညအား ကျီးမနိုးပွဲ ည၊ ဆေးပေါင်းခတဲ့ည လို့လည်း ခေါ်ကြပြီး နိဗ္ဗာန်ဈေးခင်းခြင်း၊ ပံ့သကူပစ်ခြင်းနဲ့ ဆေးဖက်ဝင် ဆေးဝါးတွေကို ဖော်စပ်ခြင်း စတဲ့ မြန်မာ့ ရိုးရာ ချစ်စရာဓလေ့တွေလည်း များပြားစွာရှိတာ လေ့လာ ရပါတယ်။
တန်ဆောင်မုန်းလပြည့်နေ့ညဟာ ဗုဒ္ဓဘာသာ နွယ်ဝင်တို့ရဲ့ နေ့ထူးနေ့မြတ်တစ်ရက်အဖြစ် သတ်မှတ်ကာ ဘုရားရှင်ကို ဆီမီးထွန်းညှိပူဇော်တဲ့ပွဲတော် ဖြစ်သကဲ့သို့ ကထိန်သင်္ကန်းကပ်လှူခွင့်ရသော နောက်ဆုံးနေ့လည်း ဖြစ်ပါတယ်။ ဒါ့အပြင် တန်ဆောင်မုန်းလပြည့်နေ့ ညမှာ မြတ်စွာဘုရားရှင်က အဇာတသတ်မင်းကြီး အမှူးပြုသော ပရိသတ်အား သာမညဖလသုတ်တော်ခေါ် ရဟန်းပြုရ သည့် အကျိုးပြတရားတော်ကို ဟောကြားတော်မူတဲ့ နေ့ထူးနေ့မြတ်လည်းဖြစ်တာမို့ ဒီလို အကြောင်းတရား အစုံရှိတဲ့ တန်ဆောင်မုန်းလပြည့်နေ့ အကြောင်းကို လေ့လာသိရှိထားကြရင်း မြန်မာ့ရိုးရာ ချစ်စရာဓလေ့တွေ ကို ထိန်းသိမ်းကြစေခြင်းအကျိုးငှာ ရေးသားတင်ပြသွားမှာ ဖြစ်ပါတယ်။
သာမညဖလ အခါတော်နေ့ ဖြစ်ပေါ်လာပုံ
ပထမဦးဆုံးအနေနဲ့ သာမညဖလအခါတော်နေ့ ဖြစ် ပေါ်လာပုံ အကြောင်းကတော့ ထီးနန်းရယူပိုင်ဆိုင်လိုတဲ့ လောဘကြောင့် ဖခင်ရင်းကို သတ်မိသူ အဇာတသတ် မင်းဟာ မိမိအမှားကို သိမြင်ပြီး နောင်တကြီးစွာရကာ စားမဝင်အိပ်မပျော် ဖြစ်နေစဉ် တန်ဆောင်မုန်းလပြည့် ညရဲ့ အေးချမ်းသာယာကြည်လင်မှုကို မြင်တွေ့ရတဲ့အခါ ယခုလိုနေ့မျိုး၌ အဘယ်သို့သော ရဟန်းသာမဏေ၊ အဘယ် သို့သော ဗြဟ္မဏတို့ထံ ဆည်းကပ်ရရင် ကောင်းလေမည် နည်းဟု တွေးတောမိကာ မင်းချင်းတို့နဲ့တိုင်ပင်တယ်လို့ ဆိုတယ်။ မင်းချင်းတို့ကလည်း ၎င်းတို့ ကိုးကွယ်ဆည်းကပ် တဲ့ မိစ္ဆာဒိဋ္ဌိဆရာကြီးခြောက်ဦးကို အသီးသီးညွှန်ပြကြစဉ် ဗုဒ္ဓဘာသာဝင်ဖြစ်သော ဆေးဆရာ ဇီဝကကမူ မည်သို့မျှ မလျှောက်တင်ဘဲ နှုတ်ဆိတ်နေတာကို အဇာတသတ်မင်း မြင်တွေ့တဲ့အခါ ဆရာဇီဝက အဘယ်ကြောင့် ဆိတ်ဆိတ် နေပါသနည်းဟု မေးတော်မူပါတယ်။
အခွင့်ကောင်းကိုစောင့်မျှော်နေတဲ့ ဆရာဇီဝကက “မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ချီးမွမ်းပြီး ဂုဏ် တော်ကိုးပါးနဲ့ ပြည့်စုံတော်မူတဲ့ အကျွန်ုပ်၏ဆရာ ဘုရား ရှင်ဟာ ၎င်းရဲ့ သရက်ဥယျာဉ်မှာ ရဟန်းများစွာခြံရံကာ သီတင်းသုံးလျက်ရှိတာမို့ အရှင်မင်းကြီး ဆည်းကပ်ရပါမူ စိတ်တော် ကြည်လင်အေးချမ်းလာပါလိမ့်မယ်”လို့ လျှောက် တင်တယ်လို့ ဆိုပါတယ်။ ဆေးဆရာဇီဝကရဲ့ အကျိုးသင့် လျှောက်ထားတင်ပြမှုကို အဇာတသတ်မင်းကြီး ကြားရ တဲ့အခါ ဝမ်းသာအားရဖြစ်တော်မူပြီး ခမ်းနားလှတဲ့ အစီ အစဉ်နဲ့ ညတွင်းချင်း မြတ်စွာဘုရားရှင်ဆီ ကြွချီတော်မူ ဖူးတွေ့ရပြီး မေးမြန်းလျှောက်ထားတဲ့အခါ မြတ်စွာဘုရား ရှင်က သာမညဖလသုတ်တော်ကို ဟောကြားတော်မူခဲ့ပါ တယ်။
ထိုတန်ဆောင်မုန်းလပြည့်နေ့ ညမှာ သာမညဖလ သုတ်တော်ကို ဟောကြားတော်မူခြင်းကို အကြောင်းပြုပြီး တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလ အခါတော်နေ့ ဟု သတ်မှတ်ခေါ်ဝေါ်ကြခြင်း ဖြစ်ပါတယ်။ ဒီလို မြတ်စွာ ဘုရားရှင်က တရားဟောကြား ပြသခဲ့မှုကြောင့် အဇာ တသတ်ဘုရင်နဲ့ နောက်လိုက်ပြည်သူ တစ်သိန်းခန့်ဟာ ဗုဒ္ဓဘာသာဖြစ်ခဲ့တဲ့ညလို့လည်း ဆိုပါတယ်။ ဒီအတွက် ဒီနေ့ညမှာ တရားပွဲတွေပြုလုပ်ကြတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။
ကျီးမနိုးပွဲအကြောင်း
ကျီးမနိုးပွဲ ဖြစ်ခဲ့ပုံကတော့ ရှေးအခါက ယောကျ်ား သားများ ရှင်လိင်ပြန်ကြတဲ့အခါ ဆေးမင်ကြောင်ထိုးတဲ့ ဓလေ့ဟာ အထင်အရှားရှိခဲ့ပါတယ်။ ရှင်ဘုရင်မှ အစချီ ကာ မင်းညီမင်းသား၊ မှူးမတ်သူကြွယ်များ၊ ကုန်သည်၊ လယ်လုပ်၊ သူရင်းငှားများ စတဲ့ ယောကျ်ားသားတိုင်းဟာ ဆေးမင်ထိုးကြလေ့ရှိတယ်လို့ ဆိုပါတယ်။ ဒီလိုထိုးတဲ့အခါ မှာလည်း ဒီနေ့ခေတ်မှာလို ကြုံသလိုထိုးခြင်း မဟုတ်ဘဲ ဆေးမင်ထိုးတဲ့အခါ နက္ခတ်ကောင်း၊ အခါကောင်း စောင့် ဆိုင်းကာ မှောင်ခန်း ခေါ် မင်ထိုးတဲ့အခန်းမှာ ကန်တော့ပွဲ ပေးပြီး စနစ်တကျ အစီအရင်နဲ့ ထိုးကြရပါတယ်။
ဒီလိုထိုးခဲ့ပြီးတဲ့ ယောကျ်ားတွေဟာ တန်ဆောင်မုန်း လပြည့်ည နက္ခတ်စုံချိန်မှာ ထိုးထားတဲ့ ကြောင်တက်၊ ကြောင်ဆင်း၊ ဆေးအစောင့်တို့ဟာ တန်ခိုးပြတတ်တယ် လို့ အယူရှိတာကြောင့် အရှင်မသိသောပစ္စည်းကို ကျီးမနိုး တဲ့အချိန်အထိ ခိုးယူကာ ခိုးကွင်းမှာထားတယ်လို့ ဆိုကြ တယ်။ ခိုးကွင်းဆိုတာက ခိုးရာပါပစ္စည်းတွေဟာ ဘယ်သူ ဘယ်ဝါတို့ရဲ့အိမ်မှ ပစ္စည်းဖြစ်ကြောင်း စာကပ်ပြီးထား ကြရတဲ့နေရာကို ခေါ်ပါတယ်။ ဒီလို ခိုးတဲ့နေရာမှာလည်း အသက်ရှိတဲ့အရာကို ခိုးယူနိုင်စွမ်းရှိတဲ့လူက လူစွမ်း ကောင်းဖြစ်တယ် ဆိုကြတာမို့ ရှေးအခါကဆိုရင် နွားတွေ ကိုစောင့်နေတဲ့လူ အိပ်နေတဲ့ ခုတင်ကိုတောင် လူမနိုး အောင်ထမ်းပြီး ခိုးကွင်းမှာ လာထားကြတယ်လို့ ဆိုထား တာ တွေ့ရပါတယ်။
မနက်မိုးလင်းတဲ့အခါ ပစ္စည်းရှင်တွေက ဒီလိုပစ္စည်း တွေကို သင်္ကန်းအစုံနဲ့ လာရွေးယူကြပြီး ကထိန်ပွဲကို ဆင်နွှဲရတယ်။ ပစ္စည်းခိုးစဉ် လူမိတဲ့အခါမှာဆိုရင်တော့ ဒီလူကိုဖမ်းပြီး ခိုးကွင်းမှာ ကတုံးတုံးကာ ပြာလူး၍ ထား ကြရတယ်။ ကထိန်ပွဲမှာ ထိုခိုးသားကြီးကို ရွာသူကြီးက တရားသူကြီးလုပ်ကာ တရားစီရင်ခန်းနဲ့ ဟာသလုပ်ကြပြီး ရဟန်းဝတ်စေကြတယ်လို့ ကျမ်းတွေမှာ ရေးထားတာ ဖတ်ရပါတယ်။ ဒီအတွက် တန်ဆောင်မုန်းလပြည့်နေ့ ညဟာ သူခိုးကြီးညဆိုတာ မဟုတ်ပါဘူး။
လက်ဆင့်ကမ်းထိန်းသိမ်းခဲ့ကြတဲ့ ချစ်စရာဓလေ့
ဒီလို ရှေးရိုးရာဓလေ့ကိုလည်း စာရေးသူတို့ ငယ်စဉ် အထိ လက်ဆင့်ကမ်း သယ်ခဲ့ ထိန်းသိမ်းခဲ့ကြတာ တွေ့ရ ပါတယ်။ အခုထိလည်း အချို့သောဒေသ၊ အရပ်တွေမှာ ရှိနေဆဲ၊ လုပ်နေဆဲပါဘဲ။ ဆေးမင်ကြောင် ထိုးတဲ့အခါ ရှမ်းဆရာကြီးတွေ၊ ဗမာဆရာကြီးတွေက စနစ်တကျ ဖော်စပ်ထားတဲ့ဆေးကို ကြေးစုတ်တံကြီးနဲ့ အသားထဲဝင် အောင် ထိုးပေးကြတာတွေ ရှိနေသေးသလို တန်ဆောင် မုန်းလပြည့်ညဆိုရင်လည်း လူငယ်တွေက အပျော် အပျက်သဘောနဲ့ ရွာတွေမှာ ကိုယ့်အိမ်ကဖြစ်ဖြစ်၊ အခြား သူငယ်ချင်းရဲ့ အိမ်ကဖြစ်ဖြစ် ကြက်လေးတွေယူ၊ ဘူးသီး လေးတွေကို အဖေ အမေ မသိအောင် ယူပြီး ကာလသား တစ်သိုက် ဝိုင်းဖွဲ့ပြီး ညအခါ ရွာအပြင်ဘက်မှာ ချက်စား ကြပါတယ်။
ချက်တဲ့အခါ အနံ့မထွက်အောင် ကြက်သားရော၊ ဘူးသီးရော ရောပြီး ရေလုံပြုတ်၊ ဟိုနားဒီနားက ခူးလို့ရတဲ့ အမွှေးပင်၊ ငရုတ်သီးလေးတွေ ထုထောင်းထည့်၊ ကြိုတင် ယူလာကြတဲ့ ဆီ၊ ဆား နည်းနည်းထည့်ပြီး မီးအပူတိုက် လိုက်တာကို နောင်အခါမှာ ကြက်ကာလသားဟင်းလို့ တောင် အမည်တွင်လို့ အချို့ဆိုင်တွေမှာဆိုရင် အခုထိ ရောင်းအားကောင်းနေပါတယ်။ ချက်ပြီးရင် ကာလသား တစ်သိုက်က ကျေးရွာဓလေ့အတိုင်း ချက်တဲ့ ဆန်အရက် လေးနဲ့ မြည်းကြ၊ စားကြရင်း သီချင်းတွေဆိုကြ၊ ကခုန်ကြ သလို ပြီးတဲ့အချိန် ညသန်းခေါင်ကျော်ပြီ ဆိုရင်တော့ အမျိုးတွေအိမ်၊ ရွာသူကြီးတွေအိမ်ရှေ့က နွားတွေ၊ စဉ့်အိုး တွေ၊ တန်းလျားတွေ၊ ကုလားထိုင်လေးတွေကို မသိအောင် ယူကြပြီး ရွာလယ်လမ်းတစ်လျှောက်က အများမြင်သာတဲ့ နေရာတွေမှာ နွား၊ ကျွဲတွေကို ချည်ထားတာမျိုး၊ ကြိုး တွေနဲ့ သစ်ပင်ပေါ်မှာ တွဲလောင်းချည်ထားတာမျိုးတွေ လုပ်ထားကြတယ်။
မနက်မိုးလင်းတဲ့အခါ ကာလသားတစ်သိုက်က အဲဒီ အနီးအနားတစ်ဝိုက်မှာ သွားစောင့်ကြရင်း ဘယ်သူက တော့ နွားပျောက်လို့၊ ကျွဲပျောက်လို့ဟေ့၊ ငါ့စဉ့်အိုးကြီး မရှိတော့ဘူး၊ ငါ့အိမ်ရှေ့က စားပွဲရော စသဖြင့် ပြောဆို အော်ဟစ်နေကြတာကို နားထောင်ရင်း ရယ်မောနေတတ် ကြပါတယ်။ ပြီးတဲ့အခါ ပျောက်တဲ့သူတွေက ရွာလယ်ကို ရောက်လာကြတဲ့အခါ ဟေး ငါ့နွားက ဒီမှာ၊ ဟေ့ ငါ့ကျွဲ လေးက ဒီမှာဟေ့၊ ငါ့စားပွဲကြီးက သစ်ပင်ပေါ်ရောက်နေ ပါလား...စသည်ဖြင့် တအံ့တဩ ဖြစ်နေကြတာကို ကာလ သားတစ်သိုက်နဲ့ ကျန်ရွာသားတွေကပါ ဝိုင်းကြည့်ပြီး ရယ်မောပျော်ရွင်ကြရတဲ့ ချစ်စရာ ရိုးရာဓလေ့တွေပါ။ ဒါတွေကို အမြတ်တနိုး ထိန်းသိမ်းကြရမှာလည်း ဖြစ်ပါတယ်။
အပျော်မှ အပျက်သို့
ဒါပေမယ့် အခု ဒီခေတ်ကာလမှာတော့ အချို့နေရာ တွေမှာ ဒီလိုချစ်စရာကောင်းတဲ့ ရိုးရာဓလေ့တွေပျောက်ပြီး အမှတ်မှားကာ တန်ဖိုးရှိ ပစ္စည်းတွေကို မိမိကိုယ်ကျိုး အတွက် တကယ်ခိုးလာကြသလို သူများအိမ်က ပစ္စည်း တွေ၊ ဆိုင်းဘုတ်တွေ၊ အဝတ်အထည်တွေကို ဖြုတ်ချ ဖျက်ဆီးပြီး လမ်းတွေအပေါ်မှာ ကျဲချထားကြတာမျိုးတွေ လုပ်လာကြပါတယ်။ ဒီလပြည့်ညမှာ အရက် ဘီယာတွေ သောက်ကြ၊ စားကြပြီး အော်ကြ၊ ဟစ်ကြလုပ်တာ၊ ပြီးတဲ့ အခါ သောက်ပြီးစားပြီးကျန်တဲ့ အရက်ဘီယာပုလင်းခွံတွေ၊ အစားအသောက်ဘူးတွေ၊ အထုပ်ခွံတွေကို ပြန့်ကျဲနေ အောင် စွန့်ပစ်ကြတာမျိုးနဲ့ အပျော်ကနေ၊ အပျက်ဘက်ကို ဦးတည်လာနေကြတာကိုလည်း တွေ့မြင်နေကြရတာမို့ ဒါတွေကို ထိန်းသိမ်းကြစေချင်ပါတယ်။ တန်ဆောင်တိုင် ည၊ ကျီးမနိုးပွဲတော် ဆိုတဲ့ အစစ်အမှန် အဓိပ္ပာယ်တွေ၊ ချစ်စရာကောင်းတဲ့ မြန်မာ့ရိုးရာ အစဉ်အလာတွေကိုလည်း နောက်လူတွေကသိပြီး ထိန်းသိမ်းဖို့ လိုအပ်လာပါတယ်။ ဒီလို ထိန်းသိမ်းတတ်လာအောင်လည်း ကြီးသူတွေက ရှေ့က သင်ပြလမ်းညွှန်ပေးကြရမှာပါ။
ဆေးပေါင်းခတဲ့ည
(လမွန်းတည့်ရေ၊ ပီယဆေးနှင့် နတ်နိုးလ)
တန်ဆောင်မုန်းလပြည့်နေ့ညကို ဆေးပေါင်းခတဲ့ည အဖြစ်လည်း လူသိများပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနေ့ညမှာ မိုးလေလွတ်ကင်းပြီး ကောင်းကင်ယံလည်း ကြည်လင်နေပြီးတော့ လမင်းကြီးကလည်း ပြည့်ပြည့်ဝဝ ထွန်းလင်းစွာ အလင်းရောင်တောက်ပနေတာမို့ နက္ခတ်၊ ကြယ်တာရာတွေကို စုံညီစွာ မြင်ရတဲ့အချိန်ဖြစ်သလို အဲ့ဒီနေ့ည သန်းခေါင်ယံမှာ ခူးဆွတ်လိုက်တဲ့ အသီးအပွင့်၊ အရွက်၊ တူးဖော်လိုက်တဲ့ ဆေးမြစ်၊ သစ်ဥတွေဟာလည်း ဆေးပေါင်းစုံခပြီး အစွမ်းထက်တယ်လို့ ဆိုကြခြင်း ဖြစ်ပါ တယ်။ ဒီအတွက် ဒီလမှာပဲ တိုက်ဆိုင်စွာ ပွင့်ဖူးလာတဲ့ မဲဇလီပင်ရဲ့ အဖူး၊ အပွင့်နဲ့ အသီးနုနုလေးတွေကို ထိုနေ့ည မှာပဲ ခူးဆွတ်ကြပြီး နူးအိအောင်ပြုတ်ကာ ဆေးဝါးတစ်ခု သဖွယ် စားသုံးကြတဲ့ မြန်မာ့ရိုးရာဓလေ့တစ်ခုလည်း ဖြစ်ပေါ်လာခဲ့ပါတယ်။
မဲဇလီပင်ကို ရှေးခေတ်တုန်းက မဉ္ဇူရီပင်(မဉ္ဇူသက နတ်ပန်း)လို့လည်း ခေါ်ကြပါတယ်။ သူ့အပင်ရဲ့ အမြစ်ကို သွေးပြီး မျက်စိမှာကွင်းပေးရင် ချောင်းဆိုး ရင်ကျပ်၊ လည်ချောင်းနာ သက်သာသလို နှင်းခူအစို၊ ယားယံတာ တွေကို သက်သာပါတယ်။ အဆိပ်ရှိတဲ့ အကောင်လေးတွေ အကိုက်ခံရရင်လည်း သွေးလူးလို့ ရပါတယ်။ ဒါ့အပြင် လရောင်နမ်းထားတဲ့ သူ့အပွင့်ဟာ ပိုပြီးအစွမ်းရှိတယ်လို့ဆိုကြတာကြောင့် တန်ဆောင်မုန်းလပြည့်ညမှာ အလင်း ရောင်အားကောင်းတဲ့ လရဲ့အရောင်ကို အပြည့်အဝ ရယူ ထားပြီးတဲ့ အပွင့် အဖူးတွေကို ခူးယူပြီး သုပ်စားကြတာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီလို ဆေးအစွမ်းထက်မှုတွေ ရှိတာကြောင့် ဒီညမှာ ကျောက်ပြင်ပေါ်မှာ စပါးကြီးသည်းချေ၊ မုန်ညှင်း ဆီတွေကို ခပ်ပြစ်ပြစ်သွေးပြီး ပီယဆေး(လူချစ်လူခင်ဆေး) ကို ဖော်စပ်ကြတဲ့ဓလေ့လည်း ရှိခဲ့ပါတယ်။
ဒါ့အပြင် လမွန်းတည့်ရေ ဆိုပြီးတော့လည်း ရှိပါသေး တယ်။ ဒါကတော့ တန်ဆောင်မုန်းလပြည့်နေ့ည ၁၂ နာရီ တိတိ ညမွန်းတည့်တဲ့အချိန်မှာ လရိပ်ဟာ ရေပြင်ပေါ် ကျရောက်ချိန်မှာ အဲဒီ ကျတဲ့နေရာကရေကို ခပ်ယူပြီး သောက်သုံးရင်လည်း ဆေးအာနိသင်တွေ ပြည့်ဝစေပြီး ကျန်းမာရေးကောင်းမွန်စေတယ်လို့ရှေးခေတ်က ယုံကြည် ကြတာ၊ ပြုလုပ်ကြတာတွေ ရှိတာ တွေ့ရပါတယ်။
နောက် ဒီလကို နတ်နိုးလလို့လည်း ခေါ်ကြတယ်လို့ ဆိုစမှတ်ရှိခဲ့ကြတာ တွေ့ရပါတယ်။ ဗိဿနိုးနတ်မင်းကြီး ဟာ နှစ်စဉ်နှစ်တိုင်း ဝါဆိုလဆန်း ၁၂ ရက်နေ့က စပြီး အိပ်စက်ပြီး ယခု တန်ဆောင်မုန်းလဆန်း ၁၂ ရက်နေ့မှသာ နိုးတာကြောင့် ဒီလကို နတ်နိုးတဲ့လလို့လည်း ခေါ်ကြ တာလို့ တွေ့ရ၊ ဖတ်ရပါတယ်။
နိဗ္ဗာန်ဈေးခင်းခြင်း၊ ပံ့သကူပစ်ခြင်း
ဒီလို တန်ဆောင်မုန်းလပြည့်နေ့ရဲ့ နေ့ခင်းဘက်မှာ ထူးခြားတဲ့ ပွဲတော်တစ်ခုကိုလည်း ဒွန်တွဲကျင်းပကြတာ ရှိပါသေးတယ်။ ဒါကတော့ နိဗ္ဗာန်ဈေးပွဲတော်ပါ။ သူ့ကို တော့ မူလက နိဗ္ဗာနဈေးပွဲတော်လို့ ခေါ်ပါတယ်။ “နိဝါန” ကနေ “နိဗ္ဗာန” ဖြစ်လာတာလို့ ဖတ်ရသလို အဓိပ္ပာယ် ကတော့ “ဝါန” တဏှာစက်ကွင်းမှ ကွင်းကွင်းကြီးလွတ် မြောက်စေသည့်တရားလို့ ခေါ်ကြတာမို့ ကိုယ့်မှာရှိတဲ့ ပစ္စည်းအဟောင်း၊
အင်္ကျီအဟောင်းလေးတွေ၊ အခြား မလိုတာလေးတွေ အပြင် ကိုယ်လှူချင်ပေးချင်တဲ့ ပစ္စည်း လေးတွေ၊ စားစရာ သောက်စရာလေးတွေကို အဖိုးစားနား မယူဘဲ မိမိ တတ်နိုင်သလောက် မရှိနွမ်းပါးသူတွေထံကို ခင်းကျင်း ပေးဝေ မျှဝေသုံးစွဲစေတဲ့ ချစ်စရာကောင်းတဲ့ မြန်မာ့ရိုးရာ ဓလေ့လေးတစ်ခု ဖြစ်ပါတယ်။
ဒါနဲ့အတူ ဆက်စပ်လာတာက ပံ့သကူပစ္စည်းပစ်တဲ့ အလေ့အထပါ။ ဒါကတော့ ဒီနေ့ခေတ်အခါ ကာလမှာ တိမ်မြုပ်ပျောက်ကွယ်နေသလို ဖြစ်နေပါတယ်။ ပံ့သကူ ဆိုတာက ကိုယ်လှူချင် ပေးချင်၊ မျှဝေချင်တဲ့ အထက်က နိဗ္ဗာန်ဈေးမှာ လှူတဲ့ပစ္စည်းတွေ၊ အစားအသောက်တွေ ကို အိတ်တစ်လုံးထဲမှာထည့်ပြီး လူသူကင်းတဲ့ လမ်းဆုံ လမ်းခွမှာ သွားချထားပေးရတာပါ။
အဲဒီလို ပံ့သကူချထားတဲ့အခါ အပေါ်က နိဗ္ဗာန်ဈေးနဲ့ ကွာခြားသွားတဲ့ အချက်ကတော့ ပေးကမ်းလှူတန်းတဲ့သူ မိမိကို ဘေးလူက မသိမမြင်စေရတာပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့နေရာမှာ သတိထားရမှာက ပစ္စည်းတွေကို မသုံးတဲ့ အဟောင်းတွေ၊ အစုတ်တွေချည်းပဲ မထားရသလို ရေထဲမျှောတာမျိုး၊ အမှိုက်ပစ်သလို စွန့်ပစ်ထားတာမျိုး မလုပ်ရဘဲ ကိုယ်မျှဝေမယ့်ပစ္စည်းဟာ မရှိတဲ့သူ၊ တစ်ပါးသူ သုံးစွဲနိုင်တာမျိုး၊ အကျိုးရှိစေတာမျိုး ဖြစ်ရမယ့်အပြင် ပစ္စည်းရသွားတဲ့သူကလည်း ဝမ်းမြောက်နုမျှော် သာဓု ခေါ်ဆိုတာမျိုး ဖြစ်ရမယ်၊ မိမိလည်း ကုသိုလ်ဖြစ်ရမယ်လို့ ဖတ်ရပါတယ်။
မြန်မာ့ရိုးရာဘာသာရေးပွဲတော်အစဉ်အလာ
ရိုးရာဓလေ့များကိုထိန်းသိမ်းကြစေချင်
ဒီအတွက်ပဲ မြန်မာ့ရိုးရာ ဘာသာရေးပွဲတစ်ခုဖြစ်တဲ့တန်ဆောင်တိုင်ပွဲတော်တွေ၊ ချစ်စရာ၊ ပျော်စရာကောင်း တဲ့ ရိုးရာဓလေ့တွေကို ဆက်လက်မြင်တွေ့၊ လိုချင် တယ်ဆိုရင် ကျွန်တော်တို့ကပဲ ဝိုင်းဝန်း ထိန်းသိမ်းကြရ မှာပါ။ အသံချဲ့စက်တွေ အကျယ်ကြီးဖွင့်ပြီး အလှူခံတာ၊ ကခုန်ကြတာ၊ ပျော်ပါး စားသောက်ကြတာတွေကို ဘေး ဖယ်ပြီး အနှစ်သာရရှိတဲ့ ပွဲတော်အဖြစ် အခုလို ကိုဗစ်-၁၉ ကပ်ရောဂါဘေး ကျရောက်နေတဲ့အချိန်မှာ ကျန်းမာရေး စည်းကမ်းတွေကို လိုက်နာကြပြီး ချစ်စရာကောင်းတဲ့ မြန်မာ့ရိုးရာ ဓလေ့ကောင်းတစ်ခုကို သရုပ်ပျက်ယဉ်ကျေးမှု တစ်ခုအဖြစ် ရောက်ရှိမသွားရအောင် ထိန်းသိမ်းကြရင်းနဲ့ နောင်လာနောက်သားတို့အတွက် လက်ဆင့်ကမ်းအမွေ တစ်ရပ်အဖြစ် ချန်ထားခဲ့ကြပါစို့လို့ တိုက်တွန်းရေးသား လိုက်ရပါတယ်။ ။
- Log in to post comments