ရုတ်တရက်လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးရွာသွန်းမှုကြောင့် နေအိမ်များ အမိုးလန်ခြင်း၊ ပြိုကျပျက်စီးခြင်းများ ဖြစ်ပွား

 

မေ ၂ ရက်နှင့် ၃ ရက်က ရုတ်တရက် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးရွာသွန်းခြင်းများ ဖြစ်ပွားမှုကြောင့် မြို့နယ်အသီးသီးတွင် နေအိမ်များ၊ ကျောင်းများ၊ ဘုန်းကြီးကျောင်းအဆောက်အအုံများ အမိုးလန်ပျက်စီးခြင်းနှင့် နေအိမ်အချို့ ပြိုကျပျက်စီးခြင်း၊ သစ်ပင်များ လဲပြိုကျခြင်းများ ဖြစ်ပွားခဲ့ကာ သက်ဆိုင်သည့် ဌာနဆိုင်ရာများက လေဘေးသင့်ပြည်သူများအား လိုအပ်သည့် အကူအညီများပေးခြင်းနှင့် သစ်ပင်လဲကျမှုများကို ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ 

 

မအူပင်
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်တွင် မေ ၂ ရက် ညနေ ၆ နာရီခွဲ ခန့်က ရုတ်တရက်လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် ဘုန်းကြီး ကျောင်း နှစ်ကျောင်း၊ ရပ်/ကျေးရုံး တစ်ရုံးနှင့် လူနေအိမ် ၁၅၇ လုံး အမိုးလန်ခြင်း/ပြိုကျပျက်စီးခြင်းများ ဖြစ်ပွားခဲ့သည်။  
လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်အတွင်းရှိ ရပ်ကွက်လေးခုနှင့်  ကျေးရွာအုပ်စု ခုနစ်စုမှ ဘုန်းကြီးကျောင်း နှစ်ကျောင်း၊ ရပ်​/ကျေးရုံး တစ်ရုံးနှင့် လူနေအိမ် ၇၃ လုံး အမိုးလန်ပြီး လူနေအိမ် ၈၄ လုံး ပြိုကျ ပျက်စီးခဲ့ခြင်းဖြစ်သည်။  အဆိုပါ လေဘေးသင့် ရပ်ကွက်/ကျေးရွာများရှိ အိမ်ထောင်စုများအား   ခရိုင်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ  ဦးညီညီထွေးနှင့်  တာဝန်ရှိသူများက ကွင်းဆင်းတွေ့ဆုံ၍ လိုအပ်သည်များကို ဖြည့်ဆည်း ပေးထားပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် လူနေအိမ်များ၊ လမ်းမကြီးများပေါ်တွင် လဲပြိုကျနေသည့် သစ်ပင်များ၊ လူသွားလမ်းနှင့် မလွတ်ကင်းသည့် လျှပ်စစ်ဓာတ်မီးတိုင်များနှင့် သစ်ပင်သစ်ကိုင်းများ ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးထားကြောင်း သိရသည်။                                                         ခရိုင်(ပြန်/ဆက်)

 

မော်လမြိုင်ကျွန်း 
ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့သော တယ်ချောင်း ကျေးရွာအုပ်စု၊ အောင်လှိုင်ကျေးရွာအုပ်စု၊ မှန်ကူကနစိုချောင်းကျေးရွာ အုပ်စုနှင့် ကြပ်စဉ်ချောင်းကျေးရွာအုပ်စုတို့မှ ပြည်သူများအား ထောက်ပံ့ ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများကို မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက မေ ၄ ရက်တွင် ပေးအပ်သည်။ 
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး မင်းထက်မှူး၊   မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု  ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာဇာလင်းနှင့် တာဝန်ရှိသူများက ကျေးရွာအုပ်စုလေးစု အတွင်းရှိ ပြိုကျပျက်စီးခဲ့သော နေအိမ်လေးလုံး၊ အမိုးလန်ပျက်စီးခဲ့သော နေအိမ်ငါးလုံးမှ အိမ်ထောင်စုကိုးစု(လူဦးရေ ၃၁ ဦး)အတွက် ကယ်ဆယ်  ရေးပစ္စည်း ၁၇ မျိုးပါ လေးပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ကျပ် ၅၇၀၀၀ဝ နှင့် တစ်ပတ်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ ကျပ် ၆၅၁၀ဝ ကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည်။      

အောင်အောင်(ပြန်/ဆက်)
 

 

မလှိုင်
မလှိုင်မြို့နယ်တွင် ဧပြီ ၃၀ ရက်က မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု ကြောင့် ထိခိုက်ပျက်စီးခဲ့သော နေအိမ်များသို့ ထောက်ပံ့ငွေနှင့် ပစ္စည်း များကို  ရွာတန်းရှည်ကျေးရွာဓမ္မာရုံ၌ မေ ၃ ရက်က ပေးအပ်သည်။ 
လေပြင်းတိုက်ခတ်မှုကြောင့်  ကျေးရွာများမှ  လူနေအိမ် ၁၁ လုံး အမိုးလန်ပျက်စီးခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့သော ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ ကျပ် ၁၈၉၀၀၀၊ အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ ကျပ် ၂၀၀၄၄၀၀ နှင့် လူသုံးကုန်ပစ္စည်း ၁၇ မျိုးပါ ကယ်ဆယ်ရေးပစ္စည်းပုံး သုံးပုံးတို့ကို မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များက လေဘေးသင့်အိမ်ထောင်စုများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သည်။        

အောင်ဌေး(မလှိုင်)
 

 

ဓနုဖြူ
ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်တွင် မေ ၃ ရက် နံနက် ၇ နာရီခွဲ ခန့်က ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု ခုနစ်ခုမှ ကျေးရွာ ၁၅ ရွာတွင် နေအိမ်အလုံး ၂၈၀ နှင့် စာသင်ကျောင်းအဆောက် အအုံ အမိုးလန်ခြင်း၊ နေအိမ် ၄၆ လုံး ပြိုကျခြင်းများ ဖြစ်ပွားသည်။
 ဗျင်းဘွဲ့ကျေးရွာအုပ်စုမှ ကျေးရွာနှစ်ရွာတွင်  နေအိမ် ၆၇ လုံး အမိုးလန်ပျက်စီးခြင်း၊ ၁၇ လုံး ပြိုကျခြင်း၊ စာသင်ကျောင်းတစ်ကျောင်း အမိုးလန်ပျက်စီးခြင်း၊ ဖုန်းဆိုးတောင်ကျေးရွာအုပ်စုမှ ကျေးရွာငါးရွာ တွင် နေအိမ် ၁၆၃ လုံး အမိုးလန်ပျက်စီးပြီး ၁၉ လုံး ပြိုကျခြင်း၊ သပြေရိုး ကျေးရွာအုပ်စုမှ ကျေးရွာနှစ်ရွာတွင်  အိမ် ၁၈ လုံး အမိုးလန်ပြီး လေးလုံး ပြိုကျခြင်း၊ စခန်းကြီးကျေးရွာအုပ်စုမှ ကျေးရွာနှစ်ရွာတွင် အိမ် ၂၇ လုံး အမိုးလန်ပြီး သုံးလုံးပြိုကျခြင်း၊ တမြာကျေးရွာအုပ်စု  တမြာကျေးရွာတွင် နေအိမ်တစ်လုံးပြိုကျခြင်း၊ အကျော်ကျေးရွာအုပ်စု အကျော်ကျေးရွာတွင် နေအိမ်တစ်လုံး အမိုးလန်ပြီး တစ်လုံးပြိုကျခြင်း၊ ကျုံတနော်အနောက် ကျေးရွာအုပ်စုမှ   ကျေးရွာနှစ်ရွာတွင်   နေအိမ်လေးလုံး   အမိုးလန်ပြီး တစ်လုံး ပြိုကျခြင်းများ ဖြစ်ပွားခဲ့သည်။
အဆိုပါ လေပြင်းတိုက်ခတ် မိုးရွာသွန်းမှုကြောင့် လူနှင့် တိရစ္ဆာန် များ ထိခိုက်မှုမရှိကြောင်းနှင့် နေအိမ်ပျက်စီးမှုရှိသည့်အိမ်များမှ ပြည်သူ များမှာ နီးစပ်ရာဆွေမျိုးများ၏ နေအိမ်များတွင် နေထိုင်လျက်ရှိကြောင်း သိရသည်။                                                     
မြို့နယ်(ပြန်/ဆက်)
 

 

နတ်မောက်
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် မေ ၃ ရက်က မိုးသည်း ထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နဘူးကွဲကျေးရွာအုပ်စု နှင့် သစ်လှကျင်းကျေးရွာအုပ်စုတို့တွင် နေအိမ်များ အမိုးလန်ခြင်းနှင့် အခြားအဆောက်အအုံများ ပျက်စီးမှုများ ဖြစ်ပွားခဲ့သည်။
 လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် အလုံး ၆၀၊ ဘုန်းကြီးကျောင်း အဆောက်အအုံတစ်လုံး၊ သိမ်အဆောက်အအုံ တစ်လုံး၊ ကြက်ခြံတစ်ခြံ၊ နွားတင်းကုပ်ငါးလုံး စုစုပေါင်း အဆောက်အအုံ ၆၈ လုံး ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း၊ လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း နှင့် လေဘေးသင့်အိမ်ထောင်စုများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့ များက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။   လှဝင်း
 

 

မြင်းခြံ
မန္တလေးတိုင်းဒေသကြီး  မြင်းခြံမြို့တွင်  မေ ၂ ရက် ည ၈ နာရီခန့်က မိုးရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်မှုကြောင့်  မြို့ပေါ်ရပ်ကွက်များနှင့် စက်မှုဇုန်ဘက်တွင် သစ်ပင်များ ပြိုလဲခဲ့သည်။ အဆိုပါ သစ်ပင်ပြိုလဲသည့် နေရာများတွင် မေ ၃ ရက် နံနက်မှစ၍ မြင်းခြံခရိုင် မီးသတ်ဦးစီးမှူး ဦးအောင်သက်လှိုင် ဦးဆောင်သည့် အဖွဲ့သုံးဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကိုသန့် ဦးဆောင်သည့် အဖွဲ့တစ်ဖွဲ့က ရှင်းလင်းမှုများ ဆောင်ရွက် ပေးခဲ့ပြီး  လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ အနည်းငယ် ပျက်စီးခြင်းနှင့် အုတ်တံတိုင်းများ ပြိုလဲခြင်းတို့ ဖြစ်ပွားခဲ့ကာ လူနှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။       ကျော်စွာ(မြင်းခြံ)
 

 

ဆီဆိုင်
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင် မြို့နယ်တွင် မေ ၂ ရက်က  မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ် မှုကြောင့် လူနေအိမ်များ အမိုးလန်ပျက်စီးမှု ဖြစ်ပွားသည်။   မိုးသက် လေပြင်းတိုက်ခတ်မှုကြောင့် ပါလောပါကယ်ကျေးရွာအုပ်စုအတွင်း နောင်လတ်(မြောက်)ကျေးရွာတွင် လူနေအိမ်ငါးလုံး၏ သွပ်အမိုးနှင့် မြားတန်းများ ပျက်စီးဆုံးရှုံးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ  ငွေကျပ် ၁၁ သိန်းခန့်ဖြစ်ကြောင်း၊  လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့် တိရစ္ဆာန် များ ထိခိုက်မှုမရှိကြောင်းနှင့်  လေဘေးသင့်ပြည်သူများအား  နီးစပ်ရာ ဆွေမျိုးများ၏ နေအိမ်များတွင် နေရာချထားပေးပြီးဖြစ်ကြောင်း သိရ သည်။                                                                

မျိုးမြတ်(ဆီဆိုင်)

 

ကြံခင်း
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်တွင် မေ ၃ ရက်က ရုတ်တရက် မိုးရွာသွန်းပြီး လေပြင်းတိုက်ခြင်းကြောင့်  ရပ်ကွက်/ကျေးရွာအုပ်စု သုံးစုတွင် လူနေအိမ် ၁၀ လုံး အမိုးလန်ပျက်စီးသည်။
လေပြင်းတိုက်ခတ်ခြင်းကြောင့် ရပ်ကွက်/ကျေးရွာအုပ်စု သုံးစုရှိ  သွပ်မိုးထရံကာ လူနေအိမ်ကိုးလုံးနှင့်  သွပ်မိုးပျဉ်ကာ လူနေအိမ်တစ်လုံး အမိုးလန်ပျက်စီးကာ  အိမ်ထောင်စု  ၁၀  စု လေဘေးသင့်ခဲ့ပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း၊ အဆိုပါလေဘေးသင့် အိမ်ထောင်စု ၁၀ စုမှ  ပြည်သူ ၄၀ အား နီးစပ်ရာဆွေမျိုးများ၏နေအိမ် များတွင် ယာယီပြောင်းရွှေ့နေထိုင်နိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်  မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊  မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ နှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များက  ပူးပေါင်းဆောင်ရွက်ပေးထား ကြောင်း သိရသည်။                                          မြို့နယ်(ပြန်/ဆက်)