ရုရှားသမ္မတနှင့် တရုတ်သမ္မတတို့ ဥဇဘတ်ကစ္စတန်၌ တွေ့ဆုံမည်ဟု သတင်းများထွက်ပေါ်

 

မော်စကို  စက်တင်ဘာ  ၇ 


ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့်  တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် လာမည့် သီတင်းပတ်၌ ဥဇဘတ်ကစ္စတန် နိုင်ငံတွင် တွေ့ဆုံမည်ဖြစ်ကြောင်း တရုတ်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးက ပြောခဲ့သည်။

 


နှစ်နိုင်ငံခေါင်းဆောင်များသည် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့၏ သီးသန့်ဆွေးနွေးပွဲ၌ တွေ့ဆုံ မည်ဖြစ်ကြောင်း သံအမတ်ကြီး အန်ဒရူးဒန်နီဆော့ဗ် ၏  ပြောကြားချက်ကို   ရုရှားနိုင်ငံပိုင်သတင်းစာ ဖြစ်သည့်  တက်စ်သတင်းအေဂျင်စီက  စက်တင်ဘာ ၇ ရက်က ကိုးကားဖော်ပြခဲ့သည်။ ခေါင်းဆောင်နှစ်ဦး ၏တွေ့ဆုံမှုကို စက်တင်ဘာ ၁၅ ရက်နှင့် ၁၆ ရက် တွင်စီစဉ်ထားသည်။ 

 


တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ မော်နင်က ၎င်းတွင် မည်သည့် သတင်းအချက် အလက်မျှ  မရှိဟုဆိုကာ   အဆိုပါဖော်ပြချက်ကို အတည်ပြုရန် ငြင်းဆန်ထားသည်။ 

 


စက်တင်ဘာ ၅ ရက်က ကာဇက်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တရုတ်သမ္မတ သည် စက်တင်ဘာ ၁၄ ရက်တွင် ဥဇဘတ်ကစ္စတန် ၏အိမ်နီးချင်း  နိုင်ငံဖြစ်သော   ကာဇက်စတန်သို့ တရားဝင်လာရောက်မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ 
အကယ်၍ တရုတ်သမ္မတ ရှီကျင့်ဖျင်သည်  နိုင်ငံ ရပ်ခြားသို့ ခရီးသွားမည်ဆိုပါက အဆိုပါ ခရီးစဉ်သည် ၂၀၂၀ ပြည့်နှစ်အတွင်း ကမ္ဘာတစ်ဝန်း  ကိုဗစ်-၁၉   ကပ်ရောဂါ  ဖြစ်ပွားပြီးနောက်  နိုင်ငံခြားတိုင်းပြည် တစ်ခုသို့သွားမည့်    ၎င်း၏    ပထမဆုံးခရီးစဉ် ဖြစ်လာမည်ဖြစ်သည်။

 


ရုရှားသမ္မတရုံးကလည်း ရှရှားသမ္မတ ပူတင် သည် ဥဇဘတ်ကစ္စတန်တွင် ကျင်းပမည့် အက်စ်စီအို အစည်းအဝေးသို့     သွားရောက်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ 

 


ခေါင်းဆောင်နှစ်ဦးသည်  လွန်ခဲ့သော  ဖေဖော် ဝါရီ ၄ ရက်က   လူကိုယ်တိုင်    နောက်ဆုံးတွေ့ခဲ့ကြ သည်။              

အင်န်အိတ်ချ်ကေ