ရုရှားသမ္မတ ပူတင်အား ပဋိပက္ခများအဆုံးသတ်ရေး ဆွေးနွေးမှုများလုပ်ဆောင်သွားရန် ယူကရိန်းသမ္မတ ဇီလန်စကီ တောင်းဆို

 

ကိယက်ဗ်   ဖေဖော်ဝါရီ   ၂၅ 


ယူကရိန်းပဋိပက္ခ    အကျပ်အတည်းများ ရပ်တန့်ရေး  ဆွေးနွေးမှုများလုပ်ဆောင်သွားရန်   ရုရှားသမ္မတ ဗလာဒီမာပူတင်အား ယူကရိန်းသမ္မတ  ဗိုလိုဒီမာ ဇီလန်စကီက ဖေဖော်ဝါရီ ၂၅ ရက်က ထပ်လောင်း တောင်းဆိုလိုက်သည်။ 

 


“ယူကရိန်းကို  တိုက်ခိုက်မှုတွေ  ဆက်လုပ်နေတယ်။ ဆွေးနွေးပွဲစကားဝိုင်းမှာ ဆွေးနွေးကြစို့” ဟုဆိုသည့် ဇီလန်စကီ၏ ပြောကြားချက်ကို အင်တာဖက်သတင်းအေဂျင်စီက ကိုးကားဖော်ပြခဲ့သည်။

 


ရုရှားသမ္မတ ဗလာဒီမာပူတင်က မော်စကိုသည် ယူကရိန်းနှင့် အဆင့်မြင့်ညှိနှိုင်းဆွေးနွေးမှုများ လုပ်ရန် အဆင်သင့်ဖြစ်ကြောင်း ရုရှား၏ အာရ်အိုင်အေ နိုဗက်စ်တီသတင်းအေဂျင်စီက ဖေဖော်ဝါရီ ၂၅ ရက်တွင် တွစ်တာ၌  ဖော်ပြလိုက်သည်။ 

 


ဖေဖော်ဝါရီ ၂၄ ရက်က ရုရှားသမ္မတ ပူတင်သည် ဒွန်ဘက်စ်တွင် အထူးစစ်ဆင်ရေးတစ်ရပ် ပြုလုပ်ရန် ခွင့်ပြုလိုက်သည်။ 
စစ်ဆင်ရေးအတွင်း ယူကရိန်းဘက်က ၁၃၇ ဦး သေဆုံးခဲ့ပြီး  ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီက အစောပိုင်းတွင် ပြောကြားခဲ့သည်။   
                                     

ဆင်ဟွာ