ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေကြသည့် ကိုယ်စားလှယ်အဖွဲ့များ ရုရှားနိုင်ငံ၏ အထင်ကရနေရာများသို့ သွားရောက်ကြည့်ရှုလေ့လာ

နေပြည်တော်  ဇွန်    ၂၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊   တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏  ရုရှားဖက်ဒရေးရှင်းနိုင်ငံ ခရီးစဉ်တွင်  လိုက်ပါလာကြသည့် ကိုယ်စားလှယ်အဖွဲ့များသည် ဇွန် ၂၁ ရက်နှင့် ၂၂ ရက်တို့တွင်  ရုရှားနိုင်ငံ မော်စကိုမြို့ရှိ အထင်ကရနေရာများ၊ မော်စကိုမြို့၏ ပို့ဆောင်ရေးစနစ်၊ သမိုင်းယဉ်ကျေးမှုနှင့်  ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို လေ့လာ ကြည့်ရှုကြသည်။
ရင်ပြင်နီသို့သွားရောက်လေ့လာ
ထိုသို့ လေ့လာရာတွင်  နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊   မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ ရင်းနှီး မြှုပ်နှံမှုနှင့်  နိုင်ငံခြားစီးပွား  ဆက်သွယ်ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်း တို့မှ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် မြန်မာ့တပ်မတော်မှ ထူးချွန်ဆုရ အရာရှိ များအဖွဲ့တို့သည်  ဇွန် ၂၁ ရက်တွင်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ  မော်စကို မြို့ရှိ  ရင်ပြင်နီသို့ သွားရောက်လေ့လာကြရာ    ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနမှ  တာဝန်ရှိသူများက  လိုက်လံရှင်းလင်းပြသ ခဲ့ကြသည်။
ထို့အတူ  ယနေ့တွင်လည်း  ထူးချွန်ဆုရအရာရှိများအဖွဲ့သည် မော်စကိုမြို့ရှိ  မြေအောက်ရထားဘူတာပြတိုက်၊  MCD ရထားလမ်း ကြောင်း အသစ် စီမံကိန်းပြတိုက် နှင့် VDNH  ပန်းခြံတို့သို့ လည်းကောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန    ကိုယ်စားလှယ်အဖွဲ့သည် မော်စကိုမြို့အနီး ကာလုဂါပြည်နယ်ရှိ  အတနာမီကမ္ဘာ့ယဉ်ကျေးမှု မြို့တော်သို့လည်းကောင်း   သွားရောက်လေ့လာခဲ့ကြရာ  တာဝန် ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြသည်။ 
ထို့ပြင်  ရင်းနှီးမြှုပ်နှံမှုနှင့်  နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော် ဦးဆောင်သော  ကိုယ်စားလှယ် အဖွဲ့သည်       PSB Bank ညွှန်ကြားရေးမှူးနှင့်လည်းကောင်း၊ ကျန်းမာရေးနှင့်   အားကစားဝန်ကြီးဌာန  ကိုယ်စားလှယ်အဖွဲ့သည် RDIF နှင့်လည်းကောင်း  အသီးသီးတွေ့ဆုံခဲ့ကြပြီး     ဘဏ်လုပ်ငန်းတိုးတက်ဖွံ့ဖြိုးရေးဆိုင်ရာများနှင့် ကျန်းမာရေးကဏ္ဍ  ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ညပိုင်းတွင်လည်း  ထူးချွန်ဆုရအရာရှိများအဖွဲ့သည် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ  မော်စကိုမြို့ရှိ OSTANKINO Tower သို့  သွားရောက်လေ့လာ ကြည့်ရှုကြရာ  တာဝန်ရှိသူများက  လိုက်လံရှင်းလင်းပြသခဲ့ကြပြီး မော်စကိုမြို့၏ ညရှုခင်းများအား အပေါ်စီးမှ ကြည့်ရှုလေ့လာကြကာ အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။        
သတင်းစဉ်