
ရန်ကုန် ဇွန် ၂၈
ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း "ROSATOM" နှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သော သိပ္ပံပွဲတော် ၂၀၂၃ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန် နည်းပညာ တက္ကသိုလ်၌ ကျင်းပ သည်။
အခမ်းအနားသို့ သိပ္ပံနှင့် နည်း ပညာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်း ဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ "ROSATOM" မှ ဒုတိယ ညွှန်ကြား ရေးမှူးချုပ် Mr. Nikolay Spassky ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့၊ တက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ အခြေခံပညာ ကျောင်းများမှ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး က သိပ္ပံပွဲတော်ကျင်းပခြင်း အားဖြင့် အခြေခံပညာအဆင့်မှ သည် တက္ကသိုလ်ကျောင်းသား ကျောင်းသူများနှင့် ကဏ္ဍအလိုက် တာဝန် ထမ်းဆောင်နေသည့် လူငယ်ပညာရှင်များအထိ နျူ ကလီးယားပညာရပ် အပါအဝင် သိပ္ပံဆိုင်ရာ အသိအမြင်များ၊ အတွေ့အကြုံ ဗဟုသုတများ တိုးပွားလာစေခြင်း၊ သိပ္ပံပညာကို ပိုမိုစိတ်ဝင်စားစေပြီး သိပ္ပံပညာ ဆိုင်ရာ အသစ်အဆန်းများကို လေ့လာစူးစမ်းလိုစိတ် ဖြစ်ပေါ် လာစေခြင်း၊ ပညာရေးကဏ္ဍတွင် လူငယ်များ၏ စိတ်ဓာတ်ခွန်အား ကို မြှင့်တင်ပေးနိုင်ခြင်းနှင့် မီဒီယာများမှတစ်ဆင့် နိုင်ငံ အတွင်း နျူကလီးယားစွမ်းအင် ဆိုင်ရာ အသိပညာများ ပြန့်ပွားလာ မည်ဖြစ်သည့်အတွက် နိုင်ငံတော် ၏ သိပ္ပံနှင့် နျူကလီးယား စွမ်းအင် ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင် ရွက်ရာတွင် များစွာအထောက် အကူပြုနိုင်မည်ဖြစ်ကြောင်း ပြော ကြားသည်။
ဆက်လက်၍ "ROSATOM" မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Nikolay Spassky က ဂုဏ်ပြု အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက် ကြပြီး သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာနအောက်ရှိ ဦးစီးဌာနများ၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူ တာ တက္ကသိုလ်များမှ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပြခန်းများနှင့် ပညာရေးဝန်ကြီးဌာန၏ ရွေ့လျား သိပ္ပံပြခန်းများကို လှည့်လည် ကြည့်ရှုလေ့လာကြသည်။
အဆိုပါ သိပ္ပံပွဲတော်ကို ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် နျူကလီးယားနည်းပညာ သတင်း အချက်အလက်စင်တာတို့တွင် ဇွန် ၂၈ ရက်မှ ၃၀ ရက်အထိ သုံးရက် တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး အခြေခံပညာ ကျောင်းများမှ ကျောင်းသား ကျောင်းသူများ အတွက် နျူကလီးယား နည်းပညာ နှင့် သိပ္ပံပညာဆိုင်ရာ ဉာဏ်စမ်း ဂိမ်းယှဉ်ပြိုင်မှုများ ကျင်းပပေးပြီး ဆုများလည်း ချီးမြှင့်ပေးသွားမည် ဖြစ်သည်။
ထို့ပြင် ဘွဲ့ကြို၊ ဘွဲ့လွန် ကျောင်းသား ကျောင်းသူ လူငယ် ပညာရှင်များပါဝင်သည့် အဖွဲ့ လိုက် ပြိုင်ပွဲ၊ အဖွဲ့လိုက်သရုပ်ပြ ပြိုင်ပွဲများ၊ ရန်ကုန်နည်းပညာ တက္ကသိုလ်အတွင်း လေ့လာရေး အစီအစဉ်များ၊ အင်ဂျင်နီယာ ကျောင်းသား ကျောင်းသူများက နျူကလီးယား စွမ်းအင်နှင့် ဆက်စပ် သိပ္ပံခေါင်းစဉ်များ အလိုက် ဆွေးနွေးခြင်း၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံမှ ကျွမ်းကျင်သူ များက ပြန်လှန်မေးမြန်း ဆွေးနွေး ခြင်းများ၊ မီဒီယာများအတွက် နျူကလီးယားဆိုင်ရာ အသိပညာ များမျှဝေခြင်း အစီအစဉ်များ ပါဝင်သည်။
ယနေ့ သိပ္ပံပွဲတော်ကျင်းပစဉ် အတွင်း သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျနှင့် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ "ROSATOM" ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Nikolay Spassky တို့က ပူးတွဲသဘာပတိ များအဖြစ် ဆောင်ရွက်၍ နိုင်ငံတော် အတွင်း နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် အသုံးပြုနိုင်ရေးနှင့် နျူကလီးယား နည်းပညာဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပထမအကြိမ် မြန်မာ-ရုရှား ပူးတွဲညှိနှိုင်းကော်မတီ ဆွေးနွေးပွဲကို ကျင်းပရာ ဆက်စပ် ဝန်ကြီးဌာနများမှ ကော်မတီ အဖွဲ့ဝင်များ စုံလင်စွာတက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်