
နေပြည်တော် မတ် ၂၁
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗဟို ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ဖိတ်ကြားချက်အရ မတ် ၁၂ ရက်မှ ၂၀ ရက်အထိ ရုရှားဖက်ဒရေးရှင်း နိုင်ငံ သမ္မတရွေးကောက်ပွဲသို့ လေ့လာရေး သွားရောက်ခဲ့သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့ညပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိရာ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှု ရေးရာဝန်ကြီး ဦးဌေးအောင် နှင့် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတို့မှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုကြသည်။
ခရီးစဉ်အတွင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ Ms. Ella Pamfilova နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်နိုင်မည့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ အပေါ် ရင်းနှီးပွင့်လင်းစွာဆွေးနွေး ခြင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗဟိုရွေးကောက်ပွဲ ကော်မရှင် သတင်းထုတ်ပြန်ရေး ဗဟိုဌာန၌ ကျင်းပသော ရှင်းလင်းပွဲသို့ တက်ရောက်ခြင်း၊ မော်စကိုမြို့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာ ရေးဌာနချုပ်သို့ သွားရောက် လေ့လာခြင်း၊ မတ် ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် “ရွေးကောက်ပွဲ ဆိုင်ရာ အချုပ်အခြာအာဏာပိုင် မှုနှင့် နိုင်ငံတကာစံနှုန်းများ” ခေါင်းစဉ်ဖြင့် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ညီလာခံ သို့ ပါဝင်တက်ရောက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ကိုယ်စားလှယ် အဖွဲ့သည် မတ် ၁၅ ရက်မှ ၁၇ ရက်အတွင်း မော်စကိုမြို့ နှင့် Kolomna ခရိုင် အတွင်းရှိ မဲရုံများတွင် မဲလက်မှတ် အသုံးပြုမဲပေးနေမှု၊ e-Voting စနစ်ဖြင့် မဲပေးနေမှုတို့ကို လေ့လာ ကြည့်ရှုခဲ့ကြပြီး ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ မဲဆန္ဒရှင်စာရင်း စစ်ဆေးသည့်အဆင့်မှသည် မဲပုံး အတွင်းသို့ မဲစာရွက်ထည့်သည့် အဆင့်အထိ အသေးစိတ်လေ့လာ ဆောင်ရွက်ခဲ့ကြသည်။ အလားတူ မဲရုံဆောင်ရွက်နေမှု အခြေအနေ များကို CCTV ဖြင့် စောင့်ကြည့် လေ့လာနေမှုတို့ကိုလည်း သွား ရောက်လေ့လာ ကြည့်ရှုခဲ့ကြ သည်။
ထို့ပြင် ကိုယ်စားလှယ်အဖွဲ့ သည် မတ် ၁၈ ရက်တွင် ဗဟို ရွေးကောက်ပွဲ ကော်မရှင်ရုံး၌ ကျင်းပသည့် နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေးအဖွဲ့များ၏ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာ ခဲ့ခြင်းနှင့် စပ်လျဉ်းသည့် သုံးသပ် ချက်နှင့် အမြင်ချင်းဖလှယ် ဆွေးနွေးခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
လေ့လာရေးခရီးစဉ် အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ရွေး ကောက်ပွဲကျင်းပပုံ အခြေအနေ များ၊ ရွေးကောက်ပွဲစီမံခန့်ခွဲမှုနည်း စနစ်များ၊ မဲရုံများ ဖွင့်လှစ်ထားရှိမှု အခြေအနေများ၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် နည်းပညာ အသုံးပြုဆောင်ရွက်နေမှု အခြေ အနေများနှင့် မဲပေးမှု၊ မဲရေတွက်မှု လုပ်ငန်းစဉ် ဆောင်ရွက်နေမှု အခြေအနေများကို သိရှိလေ့လာ ခွင့်ရရှိခဲ့ပြီး ရုရှားဖက်ဒရေးရှင်း နိုင်ငံ၏ ယဉ်ကျေးမှုဓလေ့ထုံးစံ များအပါအဝင် အထင်ကရနေရာ များသို့ သွားရောက်လေ့လာခွင့် များရရှိခဲ့ကြသည်။ ရုရှားဖက်ဒရေး ရှင်းနိုင်ငံ သမ္မတရွေးကောက်ပွဲ ကို နိုင်ငံပေါင်း ၁၀၆ နိုင်ငံမှ ရွေးကောက်ပွဲလေ့လာသူ ၇၀၆ ဦး လာရောက်လေ့လာခဲ့ကြပြီး ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် သမ္မတကိုယ်စား လှယ်လောင်း လေးဦးအနက် လက်ရှိသမ္မတ ဗလာဒီမာပူတင် က ဆန္ဒမဲ ၈၇ဒသမ၂၉ ရာခိုင်နှုန်း ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရ သည်။
သတင်းစဉ်