
အစ္စတန်ဘူလ် ဇူလိုင် ၂၃
ရုရှား - ယူကရိန်း စစ်မက်ဖြစ်ပွားမှုကြောင့် ဆန်စပါးတင်ပို့မှုရပ်ဆိုင်းလိုက်သည့်အတွက် ကမ္ဘာတစ်ဝန်းရှိ လူများ၏ စားနပ်ရိက္ခာဖူလုံမှုကို ခြိမ်းခြောက်လျက်ရှိရာ ယခုအခါ ကုလသမဂ္ဂနှင့် တူကီယဲသမ္မတနိုင်ငံမှ ကြားဝင်ညှိနှိုင်းမှုဖြင့် ရုရှားနှင့် ယူကရိန်းနိုင်ငံတို့ကြား ပင်လယ်နက်မှတစ်ဆင့် ယူကရိန်းဆိပ်ကမ်းများမှ ဆန်စပါးတင်ပို့မှုနှင့်ပတ်သက်ပြီး သဘောတူညီချက်တစ်ရပ်ရရှိခဲ့ကြောင်း အင်န်အိတ်ချ်ကေသတင်း တစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။
ထို့ကြောင့် ဆန်စပါးတန်ချိန် သန်းပေါင်းများစွာ ကို ပင်လယ်နက်မှတစ်ဆင့် ယူကရိန်းရှိ အဓိက ဆိပ်ကမ်းသုံးခုမှ တင်ပို့နိုင်တော့မည် ဖြစ်သည်။ ထိုအချိန်အတွင်း ဆိပ်ကမ်းအဆောက်အအုံများနှင့် ကုန်တင်သင်္ဘောများကို တိုက်ခိုက်ခြင်းမပြုလုပ်ရန် လည်း သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။ ကုလသမဂ္ဂနှင့် တူကီယဲသမ္မတနိုင်ငံမှ ကြားဝင် ညှိနှိုင်းမှုဖြင့် ပြေလည်မှုရရှိခဲ့သည့် အဆိုပါ ညှိနှိုင်း ရေးဆွေးနွေးပွဲကို သောကြာနေ့က အစ္စတန်ဘူလ်မြို့ ၌ အဆုံးသတ်ခဲ့ကြောင်း သိရသည်။
ကမ္ဘာ့စားနပ်ရိက္ခာကျပ်တည်းမှုနှင့် ပတ်သက် ပြီး စိုးရိမ်ပူပန်မှုများကြားတွင် အဆိုပါ ဆန်စပါး တင်ပို့မှုနှင့် ပတ်သက်ပြီး ပြေလည်မှုရရှိရန်အတွက် ကုလသမဂ္ဂနှင့် တူကီယဲသမ္မတနိုင်ငံတို့ နှစ်လကြာ ကြားဝင်ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ခဲ့ရကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ