
ဝါရှင်တန် ဇန်နဝါရီ ၂၇
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နှင့် တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့သည် ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့အကြား စစ်ဘက်ဆိုင်ရာ တင်းမာမှုများနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း ယနေ့ အင်န်အိတ်ချ်ကေသတင်းတစ်ရပ် အရ သိရသည်။
ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး
အဆိုပါ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး များသည် ဇန်နဝါရီ ၂၆ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံနယ်စပ် တစ်လျှောက် ရုရှားနိုင်ငံက တပ်ဖွဲ့ဝင်များ ချထားမှုကြောင့် ကျူးကျော်မှုများ ဖြစ်ပေါ်လာမည့်အရေး စိုးရိမ်မှုများလည်း မြင့်တက်လျက်ရှိကြောင်း သိရသည်။
ဘလင်ကန်သည် ယူကရိန်းအပေါ် ရုရှား၏ရန်စမှုကြောင့် ဖြစ်လာသော ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးနှင့် စီးပွားရေး ဆိုင်ရာ အန္တရာယ်များကို အလေးထား ပြောကြားခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြောကြားသည်။
တင်းမာမှုကို လှုံ့ဆော်ပေးပြီး အကျပ် အတည်းကို အရှိန်မြှင့်စေမည့် မည်သည့် လုပ်ဆောင်ခြင်းမျိုးကိုမှ လုပ်ဆောင်ခြင်း မပြုရန် ယူကရိန်းနှင့် ရုရှားအရေးတွင် ပါဝင်ပတ်သက်နေသူ အားလုံးအား တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တောင်းဆိုခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားသည်။
အမေရိကန်နှင့် ဥရောပနိုင်ငံများသည် ယူကရိန်းတောင်ပိုင်းရှိ ခရိုင်းမီးယားဒေသ ကို ၂၀၁၄ ခုနှစ်တွင် ရုရှားကသိမ်းယူခဲ့ပြီး နောက် ရုရှားနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ရုရှားနိုင်ငံသည် အဆိုပါ စီးပွားရေး ပိတ်ဆို့မှုများ စတင်ပြီးကတည်းက တရုတ်နိုင်ငံနှင့် တောင့်တင်းခိုင်မာသည့် ဆက်ဆံရေး ရှိနေခဲ့ကြောင်း သိရသည်။
ထို့ပြင် တရုတ်နိုင်ငံနှင့် ပိုမိုတောင့်တင်း ခိုင်မာသော ဆက်ဆံရေးရရှိရေးအတွက် ဖေဖော်ဝါရီလတွင် ကျင်းပမည့် ပေကျင်း အိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားသို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က တက်ရောက်မည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အလင်းသစ်