
နေပြည်တော် အောက်တိုဘာ ၂၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံရုံးမှ ကောင်စစ်ဝန် (Economic and Commercial Affairs) ဖြစ်သူ Mr. Andrei Iunak နှင့် ပြည်ထောင်စု ဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံ၍ နှစ်နိုင်ငံ ကုန်သွယ်မှုတွင် လယ်ယာထွက်ကုန်များ တိုးမြှင့် တင်ပို့နိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ သည်။
ဆွေးနွေးပွဲတွင် ဆန်၊ ပဲအမျိုးမျိုး၊ နှမ်းသီးနှံများ အပြင် သရက်၊ သခွား၊ နာနတ်၊ ထောပတ်၊ ငါး၊ ပုစွန် စသည့် အမယ်သစ်များ ရုရှားနိုင်ငံသို့ တိုးမြှင့်တင်ပို့ နိုင်မည့် အခွင့်အလမ်းများ ဖော်ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ သီးနှံ၊ သားငါး ထုတ်လုပ်မှု တိုးတက်ရေးဆိုင်ရာ နည်းပညာနှင့် သုတေသန လုပ်ငန်းများ၊ သွင်းအားစုထုတ်လုပ်ရေး၊ လယ်ယာထွက်ကုန် ကုန်ချောပစ္စည်း ထုတ်လုပ်ရေး၊ ထောက်ပံ့ပို့ဆောင် သိုလှောင်မှုလုပ်ငန်းများတွင် ရုရှားနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ လာရောက် ရင်းနှီးမြှုပ်နှံနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ကောင်း၊ မြန်မာနိုင်ငံ၏ အမျိုးသား အစားအစာ ဘေး ကင်းလုံခြုံရေးနှင့် အာဟာရပြည့်ဝရေး၊ စားနပ် ရိက္ခာလုံခြုံမှု အစီအစဉ်တွင် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များကို လည်းကောင်း၊ မြန်မာ့ရေထွက်ကုန် ငါးတန် (Pangasius)နှင့် ပုစွန်ဖြူ (Vanamie)အား ရုရှားနိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရေး၊ ပုစွန်အတွက် သက်ရှိအစာ (live foods) ဖြစ်သည့် အာတီးမီးယား (Artimia)ကို ရုရှားနိုင်ငံမှ တင်သွင်းနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်