
နေပြည်တော် အောက်တိုဘာ ၂၇
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိန်းတို့သည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း၏ ဒုတိယဥက္ကဋ္ဌ Mr. Anatoly Bulochnikov ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့နံနက် ၁၀ နာရီ ခွဲတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စများကို ဆွေးနွေးသည်။
ဆွေးနွေးပြောကြား
ယင်းသို့ဆွေးနွေးရာတွင် စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံပိုင် ဘဏ်များနှင့် ဘဏ်လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေကိုလည်းကောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌက မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကြီးကြပ် ဆောင်ရွက်နေသည့် ပြည်တွင်းနှင့် ပြည်ပဘဏ်များ၏ လုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း ရှင်းလင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း၏ ဒုတိယဥက္ကဋ္ဌ Mr. Anatoly Bulochnikov က ရုရှားဖက်ဒရေးရှင်း နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား အစိုးရကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍတို့တွင် စနစ်တကျပူးပေါင်း
ဆောင်ရွက်နိုင်ရန်နှင့် နှစ်နိုင်ငံအကြား ကုန်သွယ် မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို အဆင်ပြေစွာ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ရုရှား-မြန်မာ ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ လုပ်ငန်းကော်မတီ ဖွဲ့စည်းဆောင်ရွက် နိုင်ရေးအတွက် အဆိုပြုပါကြောင်း၊ အဆိုပါကော်မတီ တွင် နှစ်နိုင်ငံမှ သင့်လျော်သည့် ပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ လုပ်ငန်း ဆောင်ရွက်မှုများကို ဆောလျင်စွာ အကောင်အထည် ဖော်ရန် မျှော်လင့်ပါကြောင်း ဆွေးနွေးပြီး ဘဏ္ဍာရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်ရေး အဆိုပြုလုပ်ငန်း စဉ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ရုရှား-မြန်မာ ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ လုပ်ငန်းကော်မတီဖွဲ့စည်းဆောင်ရွက်မည့် ကိစ္စကို လက်ခံပါကြောင်း၊ ကော်မတီဖွဲ့စည်းပြီး နောက် အသေးစိတ်ဆွေးနွေး အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ဖွံ့ဖြိုးတိုးတက် လာစေရန် သက်ဆိုင်ရာနိုင်ငံများ၏ ဘဏ်နှင့် ငွေရေး ကြေးရေးဆိုင်ရာ ဥပဒေမူဝါဒလုပ်ထုံးလုပ်နည်းများ နှင့်အညီ ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးသည်။
ဖြည့်စွက်ဆွေးနွေး
ဆက်လက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိန်းက ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုဘဏ် နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့အကြား ပူးပေါင်း ဆောင်ရွက်မှု ကိစ္စရပ်များနှင့် စပ်လျဉ်း၍ နှစ်ဖက် သဘောတူစာချုပ် လက်မှတ်ရေးထိုးရန် ဆောင်ရွက် နေသည့် အခြေအနေများကို ဖြည့်စွက်ဆွေးနွေး သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် သက်ဆိုင်ရာဌာန အကြီးအကဲ များ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်